နေပြည်တော် ၂၀  မေ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၉-၅-၂၀၂၀) နေ့ (၁၄:၀၀) အချိန် ထုတ်ပြန်သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၂၀/၂၀၂၀) အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနမှ လေ့လာဆန်းစစ် တွေ့ရှိချက်များအရလည်းကောင်း အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။

 

ယနေ့(၁၉-၅-၂၀၂၀)နေ့ လေ့လာဆန်းစစ်ချက်များအရ အဆိုပါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသဖြင့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းရန် မလိုနိုင်သော်လည်း ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တစ်နာရီ မိုင်(၂၀)နှုန်းခန့်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် တစ်နာရီလျှင် မိုင်(၄၀)ခန့်ဖြင့် တိုက်ခတ်နိုင်ကြောင်း သိရှိရပြီး မုန်တိုင်းနှင့်ဆက်စပ် ဖြစ်ပေါ်တတ်သည့် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုခြင်း၊ တောင်ကျချောင်းများတွင် ရေများ ရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သတိပြုနိုင်ပါရန်နှင့် အောက်ဖော်ပြပါ အချက်များကို ဂရုပြု လိုက်နာနိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်သည်-

 

(၁) လေပြင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ၊ တယ်လီဖုန်းတိုင်များ ကျိုးကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့်အတူ လွင့်ပါလာသည့် သွပ်နှင့် အခြားအရာဝတ္တုများကြောင့် ထိခိုက်နိုင်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် တတ်နိုင်ပါက အဆောက်အဦ အပြင်ဘက်သို့ မထွက်ပါနှင့်။ ဖုန်းများ အသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်းများ အသုံးမပြုပါနှင့်။

 

(၂) မိမိအိမ်သည် လေပြင်းဒဏ် ခံနိုင်ရည်အားနည်းသည်ဟု ယူဆပါက ခိုင်ခံသည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဉီများသို့  ခေတ္တရှောင်ရှားနေထိုင်ပါ။

 

(၃) မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး လျှပ်တပြက် ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမို ဂရုပြု နေထိုင်ပါ။

 

 

(၄) အန္တရာယ်ရှိသည့် မြစ်ချောင်းများ၊ တောင်ကျချောင်းများ၊ တောင်ခြေများ၊ တောင်စောင်းများ စသည့် မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်နိုင်သည့် နေရာများတွင် နေထိုင်သူများ အထူးသတိပြုနေထိုင်ပါ။ လိုအပ်ပါက ခေတ္တရှောင်ရှားနေထိုင်ပါ။

 

 

(၅) မိုးထစ်ချုန်းရွာသွန်းနေချိန် တောင်ကျချောင်းများအတွင်း မော်တော်ကား၊ မော်တော် ဆိုင်ကယ်၊ နွားလှည်းများ၊ လူများ မဖြတ်သန်းပါနှင့်။ ရုတ်တရက် ရေများအရှိန်ဖြင့် စီးဆင်းလာနိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။

 

 

(၆) လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများ ပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ မြွေနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ၏ အန္တရာယ်ကို သတိပြုပါ။ တောင်စောင်းများ၊ မြစ်ချောင်းများ၊ တောင်ကျ ချောင်းများအနီးသို့မသွားပါနှင့်။

 

 

(၇) ဘေးလွတ်ကင်းရာ နေရာများသို့ ခေတ္တရှောင်ရှားနေထိုင်သည့်အခါ COVID–19 ကူးစက် ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

 

 

ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများ ဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ်သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း  အသိပေးနှိုးဆော်အပ်ပါသည်။

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန