(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်)

(မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အခြေအနေ

၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယ နိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့ဘက် ရေမိုင် (၇၀)မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၇၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာ မြို့(Khepupara)၏ အနောက်တောင်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ မောင်တော မြို့ (Maungdaw)၏ အနောက်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်နှင့် စစ်တွေမြို့(Sittwe)၏ အနောက် ဘက် ရေမိုင် (၂၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန်(AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀၅)မိုင်နှုန်း ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိရွေ့လျားနှုန်းမှာ တစ်နာရီလျှင် (၁၄)မိုင်နှုန်း ဖြစ်ပါသည်။

 

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

၃။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၆) နာရီအတွင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဒီဂါမြို့(Digha)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဟတီရာ ကျွန်းစု(Hatiya Islands)တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

 

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်

၄။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် (၂၀.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 

မြေပြင်လေတိုက်ခတ်နိုင်မှုအခြေအနေခန့်မှန်းချက်

၅။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် နီးကပ် နေခြင်းကြောင့် လည်းကောင်း၊ မုန်တိုင်းကမ်းကို ဖြတ်ကျော်ပြီးနောက် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက် များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့ပေါ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် လည်းကောင်း၊ (၂၀.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင် အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်

၆။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀) ပေခန့်ရှိနိုင်ပါသည်။

 

အသိပေးနှိုးဆော်ချက်

၇။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးသွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Credit. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန