၂၀ မေ
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဖ် က ဟိုတယ်တစ်ခုမှာ အငှားကိုယ်ဝန်ဆောင် မိခင်တွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေဟာ သူတို့မိဘတွေလာခေါ်ဖို့ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ရန် အသွားအလာပိတ်ဆို့ ကန့်သတ်လိုက်တဲ့အတွက် မိဘတွေက လာမခေါ်နိုင်သေးတာကြောင့် ကလေးငယ်တွေဟာ ယူကရိန်းနိုင်ငံမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။
ကိယက်ဖ်ရှိ BioTexCom ဆေးခန်းမှ အငှားကိုယ်ဝန်နဲ့ မွေးထားတဲ့ ကလေး အယောက် ၅၀ ကို မျက်နှာဖုံးနဲ့ လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ ကလေးထိန်းလေးတွေက စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ အဲဒီမွေးကင်းစကလေးငယ်တွေဟာ အသက် ၅ ရက်သားကနေ တစ်လအောက် မွေးကင်းစ ကလေးငယ်တွေဖြစ်ပြီး ကလေးတွေရဲ့ မိဘတွေဟာ တရုတ်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေက ဖြစ်ပါတယ်။
ယူကရိန်းပါလီမန်ရဲ့ လူ့အခွင့်ရေးကော်မရှင်မှ ဒန်ဆိုဗာက ကျန်းမာရေးစောင့်ရှောက်တဲ့ ဌာနတွေမှာ မိဘတွေလာခေါ်ဖို့ စောင့်နေတဲ့ ကလေး ၁၀၀ ကျော်ရှိကြောင်း၊ တကယ်လို့ အသွားအလာကန့်သတ်ပိတ်ဆို့မှု ဒီ့ထက်ပိုကြာသွားမယ်ဆိုရင် ကလေး ၁,၀၀၀ နီးပါးအထိ ရောက်ရှိသွားနိုင်ကြောင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရားဝင် အငှားကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခွင့်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အငှားကိုယ်ဝန်ဆောင်မှုအတွက် ပေးရတဲ့ ဝန်ဆောင်ကလည်း နည်းတဲ့အတွက် ကလေးမမွေးနိုင်တဲ့ မိဘတွေကြားမှာ ရေပန်းစားတဲ့ဝန်ဆောင်မှု ဖြစ်လာပါတယ်။
BioTexCom ဆေးခန်းမှ ကလေးတစ်ယောက်မွေးပေးရန် ဝန်ဆောင်မှုကို အမေရိကန်ဒေါ်လာ ၄၃,၀၀၀ ကနေ ၇၀,၀၀၀ အထိ ယူကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


