နေပြည်တော် ၂၀ မေ
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခင်သတ်မှတ်ထားသည့်အတိုင်း ပုံမှန်အတိုင်းကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဆူဇူကီးက ဆက်လက်စပွန်ဆာပေးမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ပြိုင်ပွဲအားလုံးအတွက် ယခုလအတွင်းကျင်းပမည့် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။ ယင်းကောင်စီအစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် Video Conferencing ဖြင့် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲများနှင့်ပတ်သက်၍ ကျင်းပမည့်ကာလ၊ အိမ်ရှင်နိုင်ငံအခြေအနေ၊ ပြိုင်ပွဲဝင်အသင်းများ၏ ဆန္ဒသဘောထားများကို မေးမြန်းကာ ပြိုင်ပွဲများနှင့်ပတ်သက်၍ အတည်ပြုသွားဖြစ်သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံသတ်မှတ်ခြင်းမရှိဘဲ ပြိုင်ပွဲဝင်အသင်းတစ်သင်းသည် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုလည်း ယခင်နှစ်အတိုင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံအတိုင်း ကျင်းပမည်ဖြစ်သည်။ ယခုနှစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲများကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၈ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အကြိမ်တိုင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲနှစ်ကြိမ်သာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်


