မန္တလေး-၁၆ ဇန်နဝါရီ
မိုးကုတ်ဒေသတွင် လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်များချထားပေးရန် ဧရိယာသုံးခု သတ်မှတ်ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းလုပ်ငန်းဦးစီးဌာန မှသိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသတွင် ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်တူးဖေါ်မှုများမရှိစေရေး ရည်ရွယ်ချက်ဖြင့် လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်များချထားပေးရန် ဧရိယာသုံးခုသတ်မှတ်ချက် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
“မိုးကုတ်က ကျောက်မျက်လုပ်ငန်းသီးသန့်ဖြစ်တဲ့အတွက် အဲဒီမှာ လုပ်ကွက်တွေ ချထားပေးဖို့ SOB ရေးဆွဲ နေတယ်။ လုပ်ကွက် ဧရိယာ (Block )သုံးခုသတ်မှတ်လိုက်တဲ့ ထဲမှာ တချို့နေရာတွေက လူနေအိမ် ၊ ကျေးရွာနဲ့ ယာခင်းတွေပါနေတယ်။ ပထမအဆင့်အဖြစ် လုပ်ကွက်ဧရိယာသတ်မှတ်ပြီး သွားပြီ။ အမြန်ဆုံးချထားပေးရေး လုပ်သွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေကပြောသည်။
မိုးကုတ်ဒေသတွင် လုပ်ကွက်ဧရိယာ သတ်မှတ်သည့် နေရာများသို့ သတ္တုတွင်းဦးစီးဌာနမှ မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းအတွင်းရှိ သတ္တုထွက်ရှိရာဒေသများ၌ အသေးစားနှင့် တပိုင်တနိုင် လုပ်ကွက် လျှောက်လွာများကို ဇန်နဝါရီ ၁၄ ရက်မှ စတင်လျှောက်ထားနိုင် ပြီဟု သိရသည်။
အိမို့မို့ခိုင်