ထက်လျှံ

ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအရ Stay Home ကာလတွင် နွေရာသီနှင့်အတူ သိသိသာသာ မြင့်မားသော အပူချိန်ကို အန်တုဖြတ်သန်းနေထိုင်ရင်း အတန်ငယ် ငြီးငွေ့မှုဖြစ်ပေါ်လာခဲ့ရာ မေလနှောင်းပိုင်းတွင် အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မိုးရိပ်လေရိပ် သန်းလာပြီး အပူချိန်လည်း တစ်စတစ်စလျော့ကျလာသည့် တစ်နေ့တွင် မိမိနေထိုင်ရာ လယ်ဝေးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ် တစ်ဖက်ကမ်း ပင်သောင်ကျေးရွာတွင် နေထိုင်သော မိတ်ဆွေတစ်ဦးထံ အကြောင်းကိစ္စတစ်ခုဖြင့် သွားရောက်ခဲ့သည်။
စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေ
ပေါင်းလောင်းတူးမြောင်းပေါင် လမ်းတစ်လျှောက် သွားလာခဲ့ရာ နွေစပါးစိုက်ခင်းများနှင့် ဆည်ရေပေးဝေနေ မှုကိုတွေ့မြင်ရပြီး ပင်သောင်ရွာအနီး တူးမြောင်း၏ ယာဘက်တွင် တစ်ဆက်တစ်စပ်တည်း လယ်မြေများအား စက်ယန္တရားကြီးများ အသုံးပြုလျက် စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေသည်ကိုလည်း မရောက်ရှိခဲ့သည့် လေးလတာကာလအတွင်း ပြောင်းလဲမှုမြင်ကွင်းသစ် အဖြစ် အံ့သြမှုနှင့်အတူ အားရကျေနပ်စွာ တွေ့မြင်ခဲ့ရ သည်။
မိတ်ဆွေနှင့်လာရင်းကိစ္စ ပြောဆိုဆောင်ရွက်ပြီး အပြန်တွင် စနစ်ကျလယ်ယာမြေပေါ်ပေါက်ရေး၌ တောင်သူကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် နေသည့် ထိုမိတ်ဆွေ၏ အကူအညီဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လေ့လာခွင့်ရခဲ့သည့်အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ တာဝန်ခံများနှင့် တွေ့ဆုံကာ သိလိုသည်များ မေးမြန်းခွင့်ရခဲ့သည်။
စနစ်ကျလယ်ယာမြေဆိုသည့်အတိုင်း မူလက မညီညာသော၊ ပုံသဏ္ဌာန် မမှန်သော လယ်ကွက်များကို ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်း၊ စက်ဆင်းလမ်း၊ ရေသွင်းရေနုတ် အဆောက်အအုံများ ပါဝင်၍ မျက်နှာပြင်ညီညာသော လယ်ကွက်များအဖြစ် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို International Fund for Agri-cultural Development(IFAD) ချေးငွေဖြင့် မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း (FARM Project) ၏ စိုက်ပျိုးရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍအနေဖြင့် ဆောင်ရွက်ခဲ့ သည်။
ပင်သောင်စနစ်ကျလယ်ယာမြေဧက ၃၄၀ စီမံကိန်း အကောင်အထည်ဖော် ဖြစ်မြောက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက် ကြခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်းဖော်ဆောင်ခဲ့သည်။
စီမံကိန်းအတွက် တည်ဆောက်ရေးမစမီ အကြို ပြင်ဆင်ခြင်း လုပ်ငန်းများအနေဖြင့် တောင်သူသဘော တူညီချက်ရယူခြင်း ၊ တိုင်းတာပုံထုတ်ခြင်း၊ တောင်သူ ပိုင်ဆိုင်မှုမြေပုံနှင့် စာရင်းပြုစု သဘောတူညီချက်ရယူ ခြင်း၊ ပြန်လည်နေရာချထားရေး အစီအစဉ်ရေးဆွဲ အတည် ပြုခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး တည်ဆောက် ရေးကာလမှာ လေးလခန့်ကြာမြင့်၍ ယခု မေလကုန်တွင် ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟက “စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း ဖြင့် သမားရိုးကျလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ သို့ ကူးပြောင်းနိုင်မည်ဖြစ်ပြီး သိပ္ပံနည်းကျစိုက်ပျိုးရေးစနစ် များ အသုံးပြုနိုင်၍ စိုက်ပျိုးရေးကုန်ထုတ် စွမ်းအား မြင့်မားရေး၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေး၊ ထုတ်လုပ်မှုစရိတ်လျော့ကျနိုင်ရေးနှင့် ကျေးလက်နေ တောင်သူတို့၏ ဝင်ငွေတိုးတက်မြင့်မားလာ၍ လူနေမှု ဘဝတိုးတက်လာစေရန် ရည်ရွယ်ကြောင်း” ပြောသည်။
လူမှုရေးအကျိုးသက်ရောက်မှုများနှင့် ရေရှည် တည်တံ့စေရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ “စနစ်ကျ လယ်ယာမြေ ဖော်ဆောင်ခြင်းက သီးထပ်၊ သီးညှပ်တွေ တိုးမြှင့်စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေအဖြစ် ပြောင်းလဲ သွားတဲ့အတွက် မူလတန်ဖိုးထက် များစွာမြင့်တက်လာ ခြင်း၊ ရေသွင်းရေနုတ်စနစ်တွေ ထည့်သွင်းဆောင်ရွက် ထားတဲ့အတွက် တောင်သူတွေ ရေကို စနစ်တကျ လွယ်ကူစွာရယူနိုင်ခြင်းကြောင့် ရေကြောင့်ဖြစ်ပွားသော ပဋိပက္ခတွေကင်းဝေးခြင်း၊ ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးခြင်းဒုက္ခများမှ ကင်းဝေးခြင်း၊ ကုန်ထုတ်လမ်းတွေ ပါဝင်တဲ့အတွက် သွင်းအားစုနဲ့ ထုတ်ကုန်တွေကို သယ်ယူမှုလွယ်ကူခြင်း၊ ကုန်ကျစရိတ် လျော့နည်းသက်သာလာခြင်း၊ စိုက်ပျိုးရေးစက်ယန္တရား တွေ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်တဲ့အတွက် အချိန် ကုန်သက်သာပြီး ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့ အတွက် တောင်သူတွေ ဝင်ငွေတိုးတက်လာပြီး ဒေသတွင်း ဝမ်းစာလုံလောက်ခြင်းစတဲ့ ကောင်းမွန်သော အကျိုး သက်ရောက်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟက ရှင်းပြသည်။
စနစ်ကျလယ်ယာမြေဖော်ဆောင်ပြီးနောက် တည် ဆောက်ပြီး အခြေခံအဆောက်အအုံများနှင့် ၎င်း၏ အကျိုး ရလဒ်များ ရေရှည်တည်တံ့ပြီး ပုံမှန်လည်ပတ်နိုင်ရေး အတွက် သက်ဆိုင်ရာ တောင်သူများဖြင့် ရေအသုံးချသူ များအဖွဲ့ (WUG)များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို စီမံကိန်းတွင် လျာထားဆောင်ရွက်လျက်ရှိသည်။
ရေကို အကျိုးရှိစွာအသုံးပြုနိုင်ရေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးအတွက် လိုအပ်သည့်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် ဆည်မြောင်းစနစ် ဆောင်ရွက်ချက်များ တိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုအပြင် ရေအသုံးချတောင်သူများ ပါဝင်သော ပူးပေါင်းစီမံခန့်ခွဲ မှုနည်းလမ်းကိုပါ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နိုင်ငံများစွာတွင် ပူးပေါင်းပါဝင်ဆည်မြောင်း စနစ်စီမံခန့်ခွဲမှုသည် အများလက်ခံနိုင်သည့် အလေ့ အကျင့်ကောင်းတစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသိရှိ လာခြင်းနှင့် ဒီမိုကရေစီပြောင်းလဲမှုများ ရှိလာပြီဖြစ်သည် နှင့်အညီ အစိုးရစီမံမှုစနစ်မှ ပူးပေါင်းစီမံမှုစနစ်သို့ ပြောင်းလဲလာခြင်းကို အထောက်အကူပြုလာသဖြင့် ပိုမိုကောင်းမွန်သော ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်လာစေသည်။
ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ကို လက်တွေ့ အသုံးချဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း များတွင် အဓိက ဆောင်ရွက်နေသူများဖြစ်သည့် ရေအသုံးချသူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီး သော အခန်းကဏ္ဍဖြစ်သည့် ရေအသုံးချသူများ အဖွဲ့/အသင်းကို ထူထောင်ခြင်း၊ နည်းပညာဖြန့်ဝေခြင်းဆိုင်ရာ သင်တန်းများပေးခြင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့နိုင်သည့် ပံ့ပိုးမှု အစီအမံများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
FARM Project စီမံကိန်းကာလတွင် ယနေ့အထိ ပေါင်းလောင်းဆည်ရေသောက် ဧရိယာအတွင်း ဧက ၂၈၀၀ ကို စနစ်ကျလယ်ယာမြေဖော်ဆောင်၍ ရေအသုံး ချသူများအဖွဲ့ (WUG) ၉၁ ဖွဲ့ ဖွဲ့စည်းထားသည်။
ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းတည်ထောင်
ရေအသုံးချသူများ အဖွဲ့/အသင်း (WUG/ WUA) ဖွဲ့စည်းတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ “(၁) မြောင်းမကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်တံခွဲမြောင်းမှ တိုက်ရိုက်ရေပေးသော ရေထုတ်ပေါက်/ လယ်ကြား မြောင်း (သို့မဟုတ်) ရေထုတ်ပေါက်များ/ လယ်ကြား မြောင်းများတွင် ရေအသုံးချသူများအဖွဲ့ (WUG)ကို ဖွဲ့စည်းနိုင်ပါတယ်။ (၂) မြောင်းမကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်တံခွဲမြောင်း (သို့မဟုတ်) ၎င်းတို့၏ အစိတ်အပိုင်း တစ်ခု၌ ရေအသုံးချသူများ အသင်း (WUA) ကို ဖွဲ့စည်းနိုင်ပါတယ်” ဟု ဦးစီးအရာရှိ ဦးမျိုးမင်းသန့်က ရှင်းပြသည်။
ပေါင်းလောင်းဆည်ရေသောက် စနစ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့(WUG)များနှင့် စပ်လျဉ်း၍ လယ်ဝေးမြို့နယ် ပျံချီကျေးရွာနေ ရေအသုံးချသူများ အဖွဲ့ဝင်(WUG) တောင်သူ ဦးညွန့်ဝင်းက “ပျံချီစနစ်ကျ လယ်ယာမြေ ၄၆၈ ဧကမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးဆောင်ပြီး လယ်ကြားမြောင်း ၁၆ မြောင်းအတွက် WUG အဖွဲ့ ၁၆ ဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ တစ်ဖွဲ့မှာ တောင်သူရှစ်ဦးမှ ၂၀ အထိ ပါဝင်ပြီး တစ်ဖွဲ့အတွက် ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တို့ကို အဖွဲ့ဝင်တွေကနေ မဲပေးရွေးချယ်ခဲ့ပါ တယ်။ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်သူတွေနဲ့ တွေ့ဆုံခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ တွေ့ဆုံပွဲနဲ့ အစည်းအဝေးတွေမှာ WUG အဖွဲ့ရဲ့ အရေးပါပုံ၊ ဖွဲ့စည်းရန် လိုအပ်ပုံ၊ ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားတွေ၊ လိုက်နာ ရမည့် ဆည်မြောင်းဥပဒေတွေကို ရှင်းလင်းပြောကြား ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစတဲ့ အသိ ပညာပေးခြင်းတွေကို ဆောင်ရွက်ကြပါတယ်” ဟု ရှင်းပြ သည်။
ဆည်ရေပေးသွင်းရာတွင် ဌာနမှ တူးမြောင်းမကြီးမှ တစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက် မြောင်းတို့၏ ရေထုတ်ပေါက်များထိပေးဝေပြီး၊ ရေထုတ် ပေါက်မှ စိုက်ကွင်းများအတွင်းသို့ တောင်သူများမှ ရေသွင်းစိုက်ပျိုးသည့်အတွက် စိုက်ကွင်းများအတွင်း အချိန်တိုအတွင်း လိုအပ်သည့်နေရာသို့ ဆည်ရေရောက်ရှိ နိုင်ရန်၊ မိမိလယ်ကွက်အတွင်း မိမိမြောင်းဖြင့် လိုအပ်သည့်
အချိန်ရေယူနိုင်ရန်၊ အချင်းချင်း ရေပဋိပက္ခများမှ ကင်းဝေး စေရန်၊ ရေအလေအလွင့်နည်းပြီး ပိုမိုများပြားသော လယ်ကွက်များသို့ ဆည်ရေတိုးချဲ့ပေးနိုင်ရန်၊ ဆည်ရေ ပေးဝေရာတွင် မိမိတို့ကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင် ရန် ကွက်ဆင့်သောက်စနစ်မဟုတ်ဘဲ စိုက်ကွင်းအတွင်း ဆည်ရေပေးအခြေခံအဆောက်အအုံဖြစ်သည့် တောင်သူ ပိုင် လယ်ကြားမြောင်းကို တူးဖော်ရန်လိုအပ်သည်။ တူးဖော်ပြီးလယ်ကြားမြောင်းများ ကောင်းမွန်စွာလည်ပတ် နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်အတွက် ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်း ရခြင်းဖြစ်သည်။
မျှတသောရေပေးဝေမှုဖြစ်စေရန်ဖြေရှင်းပေး
“ရေရယူရန်အတွက် စိုက်ပျိုးမည့်သီးနှံအချိန်တို့ကို ညှိနှိုင်းသတ်မှတ်ခြင်းနဲ့ ဌာနသို့တင်ပြခြင်း၊ ရေပေးချိန် သတ်မှတ်ရန် အချိန်မီ လယ်ကြားမြောင်းရှင်းလင်းခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်ရန် စည်းရုံးခြင်း၊ အချိန်မီ ဆောင်ရွက်ခြင်း၊ ရေပေးဝေသည့်ကာလတွင် မျှတသော ရေပေးဝေမှုဖြစ်စေရန် စောင့်ကြည့်ညှိနှိုင်းဖြေရှင်းခြင်း၊ WUG မှ ဆောင်ရွက်နိုင်သည့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေကို ဌာနသို့တင်ပြပြီး ပူးပေါင်းစီမံခန့်ခွဲမှု ဆောင်ရွက်ရပါတယ်” ဟု တောင်သူ ဦးညွန့်ဝင်းက ပြောသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် FARM Project နှင့် ပူးပေါင်း၍ WUG အဖွဲ့ဝင်များကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း များ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များ ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ် မေလအတွင်း နေပြည်တော်မှ တောင်သူ လယ်သမား ကိုယ်စားလှယ် ၄၀ သည် ပဲခူးအနောက်ခြမ်း ဆည်ရေဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည့် ဝဲကြီးနှင့် တောင်နဝင်းဆည်ရေသောက်စနစ် ပြုပြင်မွမ်းမံခြင်း စီမံကိန်းများ၌ ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်း ဆောင်ရွက်မှု၊ ရေအသုံးချသူများအသင်းသို့ တိုးမြှင့် ဖွဲ့စည်းမှုများ ဌာနနှင့်ပူးပေါင်း၍ စီမံခန့်ခွဲဆောင်ရွက်မှု၊ ထိန်းသိမ်းလည်ပတ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း မိမိနေရပ်ရှိ မိတ်ဆွေတောင်သူများသို့ အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း၊ ရေအသုံးချသူများအသင်း တိုးမြှင့် ဖွဲ့စည်းနိုင်ရန်နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် ထွန်းကားလာရေးတို့ကို ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရေချိုရှားပါးမှုတိုးလာ
ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ ရေသယံဇာတများ ထိခိုက်လာပြီး ရေချိုရှားပါးမှုသည် တစ်ဆထက်တစ်ဆ တိုးမြင့်လာလျက်ရှိသည်။ လူသား တို့၏ လိုအပ်ချက်များအရ ရေသယံဇာတအရင်းအမြစ် များကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူသုံးစွဲလျက် ရှိရာ စိုက်ပျိုးရေသုံးစွဲမှုပမာဏသည် များပြားလျက် ရှိသည်။
သိသာထင်ရှားသည့် သာဓကအနေဖြင့် စာရေးသူ လေ့လာမိသမျှ ပေါင်းလောင်းဆည်ရေသောက်နွေစပါး ဆည်ရေပေးဝေရန် တစ်ရက် ရေဧကပေ ၁၂၀၀ ခန့် (ရေဂါလန် ၃၂၄ သန်း) ဖြန့်ဝေသုံးစွဲနေရပြီး နေပြည်တော် ၏ လူဦးရေ ကိုးသိန်းခန့် အနာဂတ် သောက်သုံးရေဖူလုံ ရေးအတွက် တိုးမြှင့်ပေးဝေနိုင်ရေး လျာထားသော တစ်ရက်ရေဂါလန် ၃၅ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ဆခန့် ရှိသည်ကို လေ့လာတွေ့ရှိရသည်။
စိုက်ပျိုးရေ အလေအလွင့်နည်းပါးရေး၊ ထိရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး၊ ရေအသုံးချသူများအဖွဲ့/အသင်း များ တည်ထောင်၍ ပါဝင်စီမံမှုသည် ရေသယံဇာတ အရင်းအမြစ်စီမံမှုအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စေပြီး ကျေးလက်နေပြည်သူအများစုဖြစ်သည့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက် နိုင်ခြင်းဖြင့် “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်”ကို “လူထု ဗဟိုပြုသော ရေစီမံခန့်ခွဲမှု” တစ်ခုအနေဖြင့် မှတ်တမ်းပြု တင်ပြလိုက်ရပါသည်။ ။


မြန်မာ့အလင်း