(ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်-၁-ရန်ကုန်)

ဘာလိုလိုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကမ္ဘာကြီး ကို ဒုက္ခပေးနေတာ ရက် ၁၅၀ ကျော်ခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်နေ တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ကို သတင်းပို့ခဲ့ပါတယ်။
အရေးပေါ်ကျန်းမာရေးအခြေအနေ ထုတ်ပြန်ခဲ့ရ
WHO က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဒီရောဂါဟာ လူတစ်ဦးထံမှ နောက်တစ်ဦးထံသို့ ကူးစက် နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်စတစ်စ တရုတ်နိုင်ငံက တခြားမြို့နယ် ပြည်နယ်တွေတင်မက တရုတ်နိုင်ငံ ပြင်ပတိုင်းပြည်တွေကို ဒီရောဂါပျံ့နှံ့လာ လို့ WHO က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အများပြည်သူလူထုအတွက် အရေးပေါ်ကျန်းမာရေး အခြေအနေ (Public Health Emergency) အဖြစ် ထုတ်ပြန်ခဲ့ရပါတယ်။
ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ SARS ဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အုပ်စုဝင် Coronavirus အသစ်တစ်မျိုးမို့ အစော ပိုင်းကာလတွေမှာ SARS-2 nCoV လို့ ခေါ်ဝေါ်ခဲ့ကြ ပါတယ်။ နိုင်ငံအတော်များများ ပျံ့နှံ့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒီဗိုင်းရပ်စ်ကို ကိုဗစ်-၁၉ ရယ်လို့ သတ်မှတ်အမည်ပေး ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီရောဂါဟာ ကြောက်ခမန်းလိလိ အဆမတန်ပြန့်ပွား လာပြီး နိုင်ငံ (၆၀) ကျော်အထိ ပြန့်ပွားလာတဲ့အချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့မှာတော့ WHO က ဒီ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါ Pandemic Disease လို့ သတ်မှတ်ကြေညာခဲ့ရပါတော့တယ်။
၂၀၂၀ ပြည့်နှစ် မေလ ၃၁ ရက်နေ့အထိ WHO ရဲ့ COVID-19 Situation Report -129 အရ ကမ္ဘာ့နိုင်ငံ ပေါင်း ၂၁၅ နိုင်ငံကျော် ပျံ့နှံ့ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ပေါင်း ၆၂၀၀၀၆၉ ဦးရှိနေကာ လူနာပေါင်း ၃၇၁၇၄၃ ဦး ဒီရောဂါနဲ့ ဆုံးပါးသွားခဲ့ရပါတယ်။
ဒီနေ့အထိ အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၈၁၉၇၉၂ ဦး ရောဂါပိုးတွေ့ပြီး လူနာ ၁၀၅၆၃၄ ဦး အသက်ဆုံးပါးသွားခဲ့ရပါတယ်။ အခုနောက်ပိုင်းမှဖြစ်တဲ့ ဘရာဇီးမှာ ၅၀၁၉၈၅ ဦး ရောဂါပိုးတွေ့နေပြီး ၂၈၈၇၂ ဦး သေဆုံးသွားပါတယ်၊၊ ရုရှားမှာ ၄၀၅၈၄၃ ဦး၊ စပိန်၊ ဗြိတိန်၊ အီတလီနိုင်ငံတွေမှာ လူ နှစ်သိန်းကျော်စီ ရောဂါပိုးတွေ့ပြီး ဗြိတိန်နဲ့ အီတလီမှာ သုံးသောင်းကျော်၊ စပိန်မှာ နှစ်သောင်း ခုနစ်ထောင်ကျော်ဆုံးပါးခဲ့ပါတယ်။
ရောဂါစဖြစ်တဲ့ တရုတ်နိုင်ငံမှာ လူပေါင်း ၈၃၀၀၁ ဦး ရောဂါပိုးတွေ့ပြီး ၄၆၃၄ ဦး သေဆုံးတယ်လို့ WHO စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
သေသေချာချာလေ့လာသင့်
မိမိတို့နိုင်ငံမှာ မတ်လ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးတွေ့လူနာစတွေ့ခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ (Confirmed) လူနာ ၂၂၄ ဦး၊ သေဆုံး လူနာ(Death) ၆ ဦး ကုသမှုခံယူပြီး ရောဂါပိုးကင်းစင် သူ(Recovered) ၁၃၈ ဦး ရှိနေပါပြီ။ အာရှတစ်ခွင်မှာ ဘူတန်၊ တီမောလက်စတေ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မွန်ဂိုလီးယားနိုင်ငံတွေဟာ ပိုးတွေ့လူနာ ရာဂဏန်း/ ဆယ်ဂဏန်းပဲရှိပြီး လာအို၊ ကမ္ဘောဒီးယား၊ ဘူတန်၊ တီမောလက်စတေ၊ ဗီယက်နမ် တွေမှာ သေဆုံးသူတစ်ယောက်မှမရှိတာဟာ သိပ္ပံပညာ နည်းအရ သေသေချာချာလေ့လာသင့်တဲ့ အချက် တစ်ခုပါ။
ဒီရောဂါကို ရှာဖွေထိန်းချုပ်၊ ကာကွယ်၊ ကုသ တဲ့အခါ WHO က Guide Line တွေချပေးသလို နိုင်ငံ ပေါင်းစုံက ကိုယ့်နိုင်ငံနဲ့ကိုယ် လိုသလို ပြုပြင်မွမ်းမံ ဆောက်ရွက်ကြပါတယ်။ ပထမပိုင်းကTest, Test, Test ရောဂါပိုး ရှိ၊ မရှိ ပိုးကိုရှာတာ အထူးဦးစားပေးကြရာမှာ ဓနအင်အားတောင့်တင်းတဲ့ နိုင်ငံတွေအဖို့ အဆင်ပြေခဲ့ပါ တယ်။ အဲဒီနောက် Test, Quarantine, Contact Tracing, Quarantine, Lockdown (Complete/Partial) တွေအပြင် Stay Home, Social/ Physical Distancing , Frequent Hand Washing, proper and effective use of various face masks for various people တွေကို နိုင်ငံတိုင်းလိုလို ကိုယ့်နိုင်ငံနဲ့ ဆီလျော်အောင် လုပ်ခဲ့ကြပါတယ်။ အခု နိုင်ငံအချို့မှာ ရောဂါပြန့်ပွားမှု တန့်နေပြီ/ အတော်အတန်ထိန်းနိုင်ပြီ( end of first wave/ flatten the curve) လို့ ယူဆနေကြပါပြီ။ ဒီ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသစ်ပေါ်ပေါက်လာတဲ့ ပိုးဖြစ်လို့ သူ့ အကြောင်းကို ဘယ်သူကမှ အလုံးစုံမသိနိုင်ကြသေးသလို ရှာဖွေစူးစမ်းလေ့လာနေသူတွေအဖို့ နေ့တိုင်းလည်း အသစ်အဆန်းတွေ့ရှိမှုတွေ တွေ့နေကြရပါတယ်။
ဒီရောဂါစဖြစ်ခါစက ဗိုင်းရပ်စ်ရောဂါမို့ အန္တရာယ် သိပ်မရှိဘူး၊ သုံးလေးရက်နေရင် ပျောက်သွားမှာမို့ အပူ ကျဆေး၊ အကိုက်အခဲပျောက်ဆေးလေးပဲ သောက်ပြီး နားနားနေနေဆိုကောင်းသွားမယ်လို့ ပေါ့ပေါ့ထင်ခဲ့ကြပေ မယ့် ရောဂါခံစားရတဲ့လူတွေရဲ့ ၈၀ မှ ၈၅ ရာခိုင်နှုန်းကသာ ရောဂါဒဏ်ပြင်းပြင်းထန်ထန် မခံစားရဘဲ ကျန် ၁၅ ရာခိုင်နှုန်းလောက်က ရောဂါပြင်းထန်ပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူရကာ တချို့ အဆုတ်ကို ထိခိုက်မှုပြင်းထန်ပြီး အသက်ရှူစက်တင်ရတဲ့အထိဖြစ်ကာ ၃-၅ ရာခိုင်နှုန်းလောက် အသက်ဆုံးရှုံးကြပါတယ်။
Remdesivir က ဖောက်ထွက်လာ
ဒါကြောင့် ရောဂါခံစားရသူတွေကို ဆေးအမျိုးမျိုး စမ်းပေးပြီးကုသခဲ့ကြပါတယ်။ ဒီရောဂါစဖြစ်တဲ့ တရုတ် နိုင်ငံက ရောဂါပိုးရဲ့ မျိုးရိုးဗီဇ ( Genome) ကို ရှာဖွေဖော် ထုတ်နိုင်ခဲ့ရာ တချို့နေရာတွေဟာ AIDS ဖြစ်စေတဲ့ HIV ပိုးနဲ့ဆင်သလိုလို တွေ့ကြရလို့ ART ဆေးတစ်မျိုးဖြစ်တဲ့ Lopinavir/ Ritonavir ဆေးကို သုံးကြည့်ကြပါတယ်။ တချို့ကလည်း ဗက်တီးရီးယားပိုးသတ်ဆေးတစ်မျိုးဖြစ် တဲ့ Azithromycin ကို ပေးကြတယ်။ ဒီရောဂါဆိုးတဲ့ လူနာ တွေမှာ ရောဂါသက်သက်ကြောင့် မဟုတ်ဘဲ ကိုယ်ခန္ဓာ က ရောဂါကို တုံ့ပြန်တိုက်ခိုက်ရာက ထွက်လာတဲ့ ရောင်ရမ်းပစ္စည်းစု (Cytokines)တွေကြောင့် ဖြစ်တာမို့ အဲဒီရောင်ရမ်းမှုတွေ ကျတဲ့ဆေး (ယေဘုယျအားဖြင့် ငှက်ဖျားရောဂါ ကုပေမယ့် သွေးလေးဖက်နာ အပါအဝင် ရောင်ရမ်းအဆစ်နာတွေမှာ သုံးတဲ့ဆေး - Chloroquine/ Hydroxychloroquine) တို့၊ စတီးရွိုက်ဆေး Dexamethazone တို့၊ interleukin blocker တို့ကို အမျိုးမျိုးသုံးကြ၊ ကုကြပါတယ်။ ဂျပန်မှာတော့ တုပ်ကွေး မှာသုံးတဲ့ Avigan (Favipiravir) ကို သုံးကြည့်ကြတာလည်း အောင်မြင်တာတော့ မဟုတ်ပါဘူး။ တချို့လည်း Ivermectin ခေါ်တဲ့ သန်ကောင်ရောဂါတစ်မျိုးမှာသုံးတဲ့ဆေးကို ပေးကြ ပါတယ်။ ဆေးတိုင်းလိုလို ကောင်းတဲ့လူတချို့ရှိသလို မထူးတဲ့လူတွေလည်း ရှိပါတယ်၊။ တကယ့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုပြုပြီး ပေးကြရတာမဟုတ်ဘဲ ကပ်ရောဂါ လို ဖြစ်နေတဲ့အချိန်မှာ အသက်ကယ်လိုကယ်ငြား Compassionate use အနေနဲ့ ပေးခဲ့ကြရတာပါ။ အဲဒီ အထဲမှာမှ အမေရိကန်က Gilead Science က၂၀၁၇ ခုနှစ် မှာ Ebola virus အတွက် ထုတ်ထားတဲ့ Remdesivir က ဖောက်ထွက်လာပါတယ် ။ တရုတ်နိုင်ငံမှာ ရောဂါပြင်းထန် ချိန် Gilead က ဝူဟန်က လူနာတွေမှာ ဒီဆေး ပေးလှူခဲ့ ပါတယ်။
ဆေးက သွေးကြောထဲက သွင်းရတာပါ။ ၁၀ ရက် ဆက်တိုက်သွင်းပေးရတာပါ။ လူနာပေါင်း ၂၃၇ ဦးကို (၂) အုပ်စုခွဲပြီး ၇၉ ဦးကို ပုံမှန်သုံးနေကျဆေးကိုပေးပြီး ၁၅၈ ဦးကိုတော့ အဲဒီ Remdesivir ဆေးကိုထပ်ဖြည့်ပေးပြီး စမ်းသပ်လေ့လာခဲ့ကြပါတယ်၊။ တွေ့ရှိချက်ကို ကမ္ဘာကျော် ဆေးဂျာနယ်တစ်ခုဖြစ်တဲ့ Lancet Journal မှာ ဖော်ပြ ချက်အရ အုပ်စု(၂)ခုမှာ ထူးထူးခြားခြား ကွာခြားမှုမရှိတာ ကို တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုက စမ်းသပ် တဲ့ လူအရေအတွက်နည်းတာ အပါအဝင် အားနည်းချက် တွေရှိလို့ ထပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆက်လုပ်ဖို့ အကြံပြု ထားပါတယ်။
ဒါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှာ Gilead Science က ACTT (Adaptive COVID-19 Treatment Trial ) လို့ ခေါ်တဲ့ Remdesivir ဆေးနဲ့ ပိုမို ကြီးမားကျယ်ပြန့်တဲ့ သုတေသနစမ်းသပ်မှုကို လူနာပေါင်း ၁၀၆၃ ဦးနဲ့ စမ်းသပ်မှုနေရာ ၆၈ နေရာမှာ ထပ်မံပြုလုပ် ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၄၇ နေရာနဲ့ အီးယူနဲ့ အာရှနိုင်ငံတွေမှာ ၂၁ နေရာပါ။ ပထမဆုံး သမိုင်းဝင် ဖြစ်သွားတဲ့လူနာက အမေရိကန်လူမျိုးဖြစ်ပြီး “ Diamond Princess Cruise” အပျော်စီးသင်္ဘောပေါ်က ခရီးသည် ဖြစ်ပါတယ်။ Japan နိုင်ငံ Yokohama ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ် University of Nebraska Medical Center မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစမ်းသပ်မှုပါပဲ။ ကိုဗစ်-၁၉ ပြင်းပြင်းထန်ထန်ခံစားရတဲ့ လူနာတွေကိုပဲ ၁၀ ရက် ကာလ အဲဒီဆေးထိုးတဲ့လူနဲ့ မထိုးတဲ့လူတွေကို လေ့လာ ခဲ့ကြတာပါ။
ရောဂါပျောက်ကင်းမှုမြန်
ဝမ်းသာစရာတွေ့ရှိချက်ကတော့ အဲဒီဆေးမပါဘဲ ကုတဲ့လူနာတွေက ရောဂါလက္ခဏာတွေ ပျောက်ကင်းဖို့ ၁၅ ရက်ကြာပေမယ့် အဲဒီဆေးနဲ့ကုလိုက်တဲ့ လူနာတွေက ၁၁ ရက်ပဲ ကြာတာကို တွေ့ကြရတာပါပဲ။ Statistics တွက်နည်းတွက်ကိန်းတွေအရ ၃၁ ရာခိုင်နှုန်း ပိုမြန်နေတာ တွေ့ရပြီး Statistics အရ ‘p” value ကလည်း < 0.001 ဆိုတော့ သေချာတဲ့ တွေ့ရှိချက်လို့ ပြောနိုင်ပါတယ်။ Survival benefit ရှင်သန်မှုအကျိုးကျေးဇူးအတွက် Mortality သေဆုံးမှုနှုန်းမှာတော့ အဲဒီဆေးနဲ့ ကုလိုက်တဲ့ လူနာတွေက ၈ ရာခိုင်နှုန်းလောက်ရှိပြီး အဲဒီဆေးနဲ့မကုတဲ့ လူနာတွေမှာ ၁၁.၆ ရာခိုင်နှုန်းလောက်ရှိတာမို့ Statistics အရ p=0.059 မို့ သိပ်တော့ကွာခြားမှုမရှိတာ တွေ့ရပါတယ်။ ဘာပဲပြောပြော ရောဂါပျောက်ကင်းမှုမြန်တာကတော့ သေချာတဲ့ တွေ့ရှိမှုဖြစ်ပါတယ်၊။
အမှန်က မိမိတို့လောကကြီးမှာ ဆေးအသစ်တစ်ခုကို လူတွေမှာ တွင်တွင်ကျယ်ကျယ် သုံးဖို့ဆိုရင် စမ်းသပ်မှု အဆင့် (Phase) အဆင့်(၄) ဆင့်ကို အဆင့်ဆင့် လူထောင် ပေါင်းများစွာကို စမ်းသပ်စောင့်ကြည့်ပြီးမှ အစာနဲ့ဆေးဝါး ထိန်းချုပ်ရေးဌာန ( FDA ; Food and Drug Administration) က အဘက်ဘက်ကအန္တရာယ်မရှိတာသေချာမှ (Approved) လက်ခံအသုံးပြုခွင့်ပေးကြတာပါ။ အခု ကိုဗစ်-၁၉ ရောဂါ က Pandemic ကမ္ဘာ့ကပ်ရောဂါအသွင် တစ်ကမ္ဘာလုံး ပျံ့နှံ့ကူးစက်နေတဲ့အပြင် ယခုအထိ ဒီ Remdesivir ဆေးလောက် မျှော်လင့်ချက်ကောင်းတဲ့ ဆေးကိုလည်း မတွေ့သေးတာကြောင့် အမေရိကန်နိုင်ငံ အစာနဲ့ဆေးဝါး ထိန်းချုပ်ရေးဌာန (USA : FDA ) က တရားဝင် သုံးစွဲ ရောင်းချခွင့်လိုင်စင်( Licensed / Approved) မပေး သေးသော်လည်း Severe COVID- ပြင်းထန်တဲ့ ကိုဗစ် ရောဂါလူနာတွေကို အရေးပေါ်သုံးစွဲကုသခွင့် (EUA: Emergency Use Authorization ) ပြုလိုက်ပါတော့တယ်။
အကြီးစားသုတေသန(၂)ဆင့် ဆက်လုပ်နေ
EUA: က သူတို့နိုင်ငံက ရောဂါပြင်းထန်တဲ့ လူနာ ကိုပဲ အရေးပေါ်သုံးခွင့်ပြုထားတာပါ။ အခု Gilead Science က ဒီ Remdesivir ဆေးနဲ့ပတ်သက်ပြီး အကြီးစားသုတေသန(၂)ဆင့် ဆက်လုပ်နေကြပါတယ်။ SIMPLE Trial လို့ ခေါ်ပါတယ်။ First SIMPLE Trial မှာ ဆေးရုံတက်နေတဲ့ ကိုဗစ်-၁၉ လူနာတွေထဲက ရောဂါ ပြင်းထန်တဲ့ လူနာတွေကို Remdesivir ဆေးကို ၁၀ ရက်ပေးတာနဲ့ ၅ ရက်ပေးတာရဲ့ တုံ့ပြန်မှုရလဒ်ကို လေ့လာကြမှာပါ။ လူနာ ၃၉၇ ဦးနဲ့ စလေ့လာနေပြီး နောက်ပိုင်းမှာ လူနာ ၅၆၀၀ အထိ တိုးပြီးကုသ စမ်းသပ်လေ့လာကြမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ နိုင်ငံ အများအပြား အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံစုံမှာရှိတဲ့ သုတေသန နေရာ ၁၈၀ မှာ သုတေသနပြုကြမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် Second SIMPLE Trial အနေနဲ့ ရောဂါ သိပ်မပြင်းထန်တဲ့ ( Moderate cases) လူနာတွေကို ဒီဆေးနဲ့ ပထမ ၆၀၀ ဆက်စမ်းသပ်ကြဦးမှာပါ။
ဒီ Remdesivir ဆေးကို ထုတ်လုပ်တဲ့ Gilead Science က ၂၀၁၇ ခုနှစ်မှာ ဒီဆေးကို Ebola ရောဂါ အတွက် စထုတ်ခဲ့တာဖြစ်ပြီး မူပိုင်ခွင့် Patency အနှစ် ၂၀ ရှိနေတာမို့ ဒီဆေးကို ဒီကုမ္ပဏီကသာ ၂၀၃၇ ခုနှစ် အထိ တစ်ဦးတည်း မူပိုင်ထုတ်လုပ်ရောင်းချခွင့် ရှိနေ ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ Pandemic ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်နေတာမို့ Gilead Science က အခု ပြုလုပ်နေသမျှ သုတေသနအားလုံးအတွက် ဆေးတွေ ကို အခမဲ့ ထုတ်လုပ်ပေးလှူပေးနေပါတယ်။
အဲဒီဆေးအပါအဝင် ဆေးအုပ်စု (၄) ခုကိုလည်း WHO က နိုင်ငံပေါင်းများစွာမှာ သုတေသနတွေ လုပ်နေ ပါသေးတယ်။ တစ်အုပ်စုက အဲဒီဆေး Remdesivir ၊ ဒုတိယအုပ်စုက Chloroquine / hydroxychloroquine ၊ တတိယအုပ်စုက HIV မှာသုံးတဲ့ Lopinavir+ Rotonavir ၊ ဆေးနောက်ဆုံးအုပ်စုက Lopinavir+ Rotonavir (၂) ခုကို Interferon beta 1a ထပ်ဖြည့်ပြီးပေးမှာပါ ။ WHO က လုပ်နေတဲ့ “Solidarity Trial” မှာ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်နေပါတယ်။

UK , Oxford University ရဲ့ “ Recovery Trial” မှာလည်း လူ ၅၀၀၀ နဲ့ NHS ဆေးရုံ ၁၆၅ ရုံမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး သုတေသနအကြီးကြီး တစ်ခုကို အုပ်စု(၆) ခုခွဲပြီး ဆောင်ရွက်နေကြရာမှာ အုပ်စု(၁) မှာ Lopinavir+ Rotonavir ဆေးအတွဲ ၊ (၂) မှာ Chloroquine/ hydroxychloroquine ၊ (၃) မှာ Azithromycin ပိုးသေဆေး ၊ (၄) မှာ Dexamethazone low dose ၊ (၅) မှာ Toclizumab နဲ့ (၆)မှာ အဲဒီဆေးတွေ တစ်ခုမှမပေးဘဲ supportive treatment လိုအပ်တဲ့ ပံ့ပိုးကုသမှုတွေပဲပေးပြီး ယှဉ်ကြည့်ကြမှာပါ။ ဆိုလို တာက အခုအထိ ဒီ ကိုဗစ်-၁၉ ရောဂါကို သေချာပေါက် ပျောက်ကင်းသက်သာသွားအောင် ကုသနိုင်ပါပြီဆိုတဲ့ ဆေးမရှိသေး၊ မပေါ်သေးပါဘူး။

နောက်ထပ်ကုသမှုတွေကိုလည်း စူးစမ်းရှာဖွေနေ ကြရာမှာ “Convalescent Plasma” ခေါ်တဲ့ ရောဂါ ခံစားရပြီး၊ နာလန်ထပြီး ရောဂါလုံးဝကင်းစင်သွားတဲ့ လူရဲ့သွေးရည်ကြည်ကို ရောဂါပြင်းထန်တဲ့ လူနာတွေ ကို ပေးတဲ့ကုထုံးကို အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ အပါအဝင် နိုင်ငံတွေမှာ စမ်းသပ်နေကြသလို Monoclonal Antobody ခေါ်တဲ့ ဓာတ်ခွဲခန်းထဲမှာ ပြုပြင်ထုတ်လုပ် တဲ့ ရောဂါပိုးကိုတိုက်ထုတ်မယ့် ပဋိဇီဝပစ္စည်းနဲ့ ဓာတ်ခွဲ ခန်းတွေမှာ ရောဂါပိုးတွေနဲ့ စမ်းသပ်နေတာ ရလဒ် ကောင်းတွေ တွေ့နေရပြီလို့ နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုက Nature မှာ ဖော်ပြခဲ့သလို အစ္စရေး နိုင်ငံမှ Israel Institute of Biological Research (IIBR) နဲ့ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်က ဌာနတစ်ခုမှာလည်း အဲဒီကုထုံးအတွက် ကြိုးပမ်းနေကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကြေးမုံ