နေပြည်တော် ၁ ဇွန်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် အဆင်ပြေသက်သာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲအပေါ်တွင် စိတ်ဝင်စားမှု မြင့်မားလာစေရန်အတွက် မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများကို စီမံချက်ချ၍ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် အရေအတွက်အပေါ် မူတည်၍ မဲရုံများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်း၊ မသန်စွမ်းမဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခြင်း၊ နယ်မြေဒေသအလိုက် အခြေအနေအပေါ် မူတည်၍ မဲဆန္ဒရှင်ပြည်သူများ သွားလာရေးလွယ်ကူစေရန် မဲရုံများတိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အားလုံး အဆင်ပြေသက်သာစွာ ပါဝင်မဲပေးနိုင်ရေး စီမံဆောင်ရွက်ထားပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်သည့်အလေ့အထများ ထွန်းကားရေး မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက် ဆောင်ရွက်မည့် ကျောင်းများအတွက် စာအုပ်စင်၊ စာကြည့်တိုက်ဆိုင်ရာ စာရေးကိရိယာ၊ စာကြည့်တိုက်အထောက်အကူပြု ပစ္စည်းများ၊ စာဖတ်စားပွဲခုံ၊ စာအုပ်နှင့် သင်တန်းစရိတ်များအတွက် ရန်ပုံငွေစုစုပေါင်း ငွေကျပ် ၁၈၀၅ ဒသမ ၆၅ သန်း ခွဲဝေသုံးစွဲခဲ့ပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်အထိ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရန်ပုံငွေတွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ် ၁၅၁၂၈ ဒသမ ၂၇၉ သန်း သုံးစွဲခဲ့ပါကြောင်း။
အဆိုပါ ရန်ပုံငွေခွဲဝေမှုများအပြင် စာကြည့်တိုက်ရှိရန် လိုအပ်သည့် ကျောင်းများကို နှစ်စဉ် ရန်ပုံငွေများ ခွဲဝေပေးပြီး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ အထူးသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်မှုပရဟိတအဖွဲ့၊ Room to Read အဖွဲ့များနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် စာဖတ်ကြစို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စာကြည့်တိုက်ဆိုင်ရာ သင်တန်းများပေးခြင်း၊ လိုအပ်သော ပရိဘောဂနှင့် စာအုပ်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ကျောင်းစာကြည့်တိုက်ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအုပ်ကြီးများ မွမ်းမံသင်တန်းတွင် စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများကိုလည်း ပို့ချပေးခဲ့ပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များတွင် စာကြည့်တိုက်တာဝန်ခံတစ်ဦးထားရှိ၍ စာအုပ်ငှားကတ်ဖြင့်စာအုပ်များ ငှားရမ်းဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့် အကြောင်းအရာများကို စာသင်ခန်းအတွင်း ပြန်လည်ပြောပြစေခြင်း၊ ကျောင်းစုဝေးပွဲများတွင် ပြန်လည်ပြောကြားစေခြင်းတို့ကိုလည်း ကျောင်းအလိုက်ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အဆင့်စာဖတ်ပြိုင်ပွဲများ၊ စကားရည်လုပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင် ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇန်တလန်(ခ) ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင် (၁) သည် ဟောင်းနွမ်းပျက်စီးနေပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေ (၁၂၀ × ၃၀) RCC နှစ်ထပ်ဆောင် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇန်တလန်(ခ) ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ(၁၂၀ × ၃၀) Steel Structure တစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေ ခေါင်းစဉ်အောက်မှ မြို့နယ် ဦးစားပေးအစီအစဉ်အရ စိစစ်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၁၃၀×၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လမိုင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေအရ ပေ (၁၃၀ × ၃၀) RC နှစ်ထပ်ကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို မြို့နယ်ဦးစားပေး အစီအစဉ်အရ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိမှသာ အဆိုပါ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်မှ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ပေ (၉၀×၃၀) RCC တစ်ထပ်ကျောင်းဆောင်သစ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ အန္တရာယ်ရှိ ကျောင်းဆောင်ဖြစ်သော ပြည်တော်သာကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၇၀ × ၃၀ × ၂၄)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ မေ ၁၈ ရက်မှ ဇွန် ၁ ရက်အထိ အစည်းအဝေး ကျင်းပရက် (၆)ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း (၄၃)ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း (၁၃၁)ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်းကဏ္ဍတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်တို့နှစ်ဦး ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုကိုလွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည် ဥပဒေကြမ်းများအနက် အသေးစားငွေရေးကြေးရေးဥပဒေကြမ်းနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ပါကြောင်း။
အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော်အစည်းအဝေး ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများအနေဖြင့် ဥပဒေကြမ်းကော်မတီ (၂)ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ(၂)ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (၁)ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၁)ကြိမ်၊ တောင်သူလယ်သမား ရေးရာကော်မတီ (၁)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ(၁)ကြိမ်၊ ပညာရေးမြှင့်တင်မှုကော်မတီ (၁)ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအ လုပ်သမားဆိုင်ရာကော်မတီ (၁)ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ (၁)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ (၁)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ(၁)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၁၃)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။
သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို(၂)စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ကြပါဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားမည်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အောင်ရဲသွင်


