ဇွန် ၂
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကမ္ဘာတစ်ခွင် ကူးစက်ပျံ့နှံ့မှု ကာလအားဖြင့် နှစ်ဝက်ခန့်ရှိလာပြီး ကူးစက်ခံရသူပေါင်း ခြောက်သန်းကျော် ရှိလာချိန်တွင် ကမ္ဘာ့စီးပွားရေးမှာလည်း စိတ်ပူပန်ဖွယ်ရာ အခြေအနေဆိုးတစ်ရပ်အတွင်း ကျရောက်နေသည်။ ဗိုင်းရပ်စ်ကူးစက်မှုက အရှိန်တန့်မသွားသေးစေကာမူ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များက ကမ္ဘာတစ်ခွင် ရိုက်ခတ်လာနေပြီဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် ရိုက်ခတ်မှုများမှာ ကနဦးလှိုင်းများသာဖြစ်ပြီး နောက်ထပ် ထပ်ဆင့်ဖြစ်ပေါ်လာမည့် လှိုင်းများက မကြုံစဖူး ပြင်းထန်သည့်လှိုင်းများဖြစ်မည်ဟုလည်း တွက်ဆနေကြသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ အကျိုးဆက်များကို မြန်မာနိုင်ငံသည်လည်း အများနည်းတူခံစားရမည်သာ ဖြစ်သည်။ သို့ရာတွင် မိမိတို့က စီးပွားရေးအင်အား ခိုင်မာတောင့်တင်းရေးအတွက် ကြိုးပမ်းတည်ဆောက်နေရဆဲနိုင်ငံ၊ ဓနအင်အား၊ စီးပွားရေးအင်အား ကြီးမားသည့်နိုင်ငံမဟုတ်။ တစ်ကမ္ဘာလုံး ကပ်ဆိုက်သည့်အထဲတွင် အားနည်းသူတို့က ပို၍အထိနာဖွယ်ရှိရာ မိမိတို့၏ ခံနိုင်ရည်အား၊ ပြည်တွင်းအားကို မြှင့်တင်ပြီး အကျပ်အတည်းမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရမည်ဟု ယုံကြည်မိသည်။
မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေတွင် ပြည်တွင်းမှ လုပ်သား အင်အားအခြေပြု စက်ရုံ အလုပ်ရုံအချို့ ပိတ်သိမ်းသွားခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရပ်နားထားရခြင်း၊ အသေးစား အငယ်စား လုပ်ငန်းများစွာ လုပ်ငန်းလုပ်ကိုင်မှု မရှိတော့ခြင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ပျောက်ဆုံးနေခြင်း စသည်ဖြင့် ကိုဗစ်-၁၉ရောဂါကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ကသောင်းကနင်း အကျိုးဆက်များ ဖြစ်ပေါ်လျက်ရှိသည်။ စင်စစ်အားဖြင့် ၎င်းအကျိုးဆက်များကို နိုင်ငံတော်က ကြိုတင်မျှော်မှန်းထားပြီးဖြစ်ရာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို ဧပြီလ ၂၇ ရက်နေ့ကပင် ချမှတ်ထုတ်ပြန်ပြီး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အကောင်အထည် ဖော်လျက်ရှိသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားရာတွင် အရေးကြီးသည့်အချက်မှာ မိမိတို့တွင်ရှိနေသည့် လူ့စွမ်းအားအရင်းအမြစ်ကို ထိထိရောက်ရောက် အသုံးချနိုင်ရေးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သည့် အရွယ်၊ အလုပ်လုပ်နိုင်စွမ်း ရှိသူတိုင်းက မိမိတို့၏ တတ်ကျွမ်းမှု နှင့် စွမ်းရည်အလိုက် ဝီရိယစိုက်ထုတ် အလုပ်လုပ်ကြဖို့ပင် ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ Covid ၏ အကျိုးဆက်များကို အောင်နိုင်စွာ ကိုင်တွယ်ဆောင်ရွက်ရေး စီမံချက်များထဲတွင် အလုပ်အကိုင်ဖန်တီးရေးကို အထူးအလေးပေးမှာ ဖြစ်ပါကြောင်း၊ အရာရာတိုင်းမှာလိုပဲ ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ပြည်သူ၏ ပူးပေါင်းအားပေးမှုသည် အဓိကဖြစ်ပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်တွေအတွက် ရမယ့်ဝင်ငွေက ချက်ချင်းတော့ ပြည်ပမှာ ရနိုင်တာကို မမီတာ ဖြစ်နိုင်ပါကြောင်း၊ ဒါပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာ နေရတဲ့ သုခအကျိုးအမြတ်တွေရဲ့ တန်ဖိုးလည်း ရှိပါသေးကြောင်း” ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မေ ၂၆ ရက်က ရေးသားဖော်ပြခဲ့ရာ တစ်ကမ္ဘာလုံး ရုန်းကန်ကြိုးပမ်းနေရသည့် အခြေအနေမျိုးတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၌ ပေါ်ထွက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းဟူသမျှကို တန်ဖိုးထားပြီး လုပ်ကိုင်ကြဖို့ လိုအပ်သည်။
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် လယ်ယာမြေနှင့် အမိအဖတို့၏ လက်ငုတ်လက်ရင်း စိုက်ပျိုးရေးလုပ်ငန်းတို့ကို စွန့်လွှတ်ထွက်ခွာသွားသူများ အများအပြားရှိရာ မကြာမီထွက်ပေါ်လာမည့် ယခုနှစ် မိုးစပါးရာသီ ကန်ထရိုက် လယ်ယာလုပ်ငန်းများတွင်လည်းကောင်း၊ လုပ်သားအင်အား အသုံးပြုရသည့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင် လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြမည်ဟု ယုံကြည်မိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေသစ်သည် မြန်မာတစ်နိုင်ငံတည်းတွင်သာမက တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ယခင်က မိမိတို့ တွေ့ကြုံခဲ့ဖူးသည့် ပုံစံမျိုးမဟုတ်တော့သလို ပုံစံသစ်ကို နားလည်အောင် အားထုတ်ရင်း အခက်အခဲမှ လွန်မြောက်ရှင်သန်နိုင်ရေး အတွက် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း


