နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ယခု ပထမ Covid လှိုင်းကို မိမိတို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီဖြစ်ပါကြောင်း၊ ဒုတိယ က ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေ ရှိပါကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် အသင့်ပြင်ဆင်ထားရမှာ ဖြစ်ပါကြောင်း " ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇွန်လ ၁၅ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၌ ကျယ်ကျယ်ပြန့်ပြန့်ရောဂါဖြစ်ပွားနေစဉ်တွင် မြန်မာနိုင်ငံ၌ ဇွန်လ ၁၆ ရက်နေ့အထိ ပိုးတွေ့လူနာ ၂၆၂ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၇၉ ဦးနှင့် ရောဂါနှင့်ပတ်သက်၍ သေဆုံးခဲ့သူ ခြောက်ဦးရှိ၍ အခြေအနေကောင်းတစ်ခုဖြင့် ရပ်တည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ကြိုတင်မှန်းဆ၍မရနိုင်သည့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်အခြေအနေများအား ကျော်လွှားနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ ရိက္ခာ၊ ဘဏ္ဍာလုံလောက်ရေးကို အစိုးရတစ်ရပ်အနေဖြင့် နိစ္စဓူဝသတိပြုလုပ်ကိုင်ဆောင်ရွက် နေသည့်အပြင် လက်ရှိဖြစ်ပေါ်တိုးတက်ကောင်းမွန်လာရေးနှင့် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသည်များကိုပါ မြော်တွေးမှန်းဆပြီး ဖြစ်လာသမျှကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရေးတွင် အဓိကမှာ ဝီရိယဖြစ်၍ နောင်လာနောက်သားများအတွက် ဝီရိယအမွေကောင်းများထားခဲ့နိုင်ရေး စုပေါင်းလုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားသည်။
ဝီရိယသည် အားထုတ်ခြင်းသဘောဟု အများနားလည်ကြပြီး ထိုအားထုတ်ခြင်းသဘောသည် ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက်ရန်အတွက် ပြင်းပြသည့်ရဲဝံ့ခြင်းသဘောဖြစ်သည်။ ထို့ကြောင့် "ရဲစွမ်းရောက်က ဗီရိယ" ဟုဆိုကြသည်။ ဝီရိယလုံ့လနည်းက ပျင်းရိသူဟုဆိုကြပြီး အလုပ်လုပ်မည့်အရေးကို ဆင်ခြေပေး၍ ရှောင်ဖယ်နေတတ်ကြသူများ ဖြစ်သည်။ လုံ့လဝီရိယရှိသူကား အသက်ဘေးအရေးကြုံလာလျှင်ပင် ဝီရီယဓာတ် အထပ်ထပ်မွေး၍ ပင်လယ်ပြင်ကို လက်ပစ်ကူးသည့် အလောင်းတော်မဟာဇနက အားထုတ်သကဲ့သို့ ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးဇူးရှင်ရွှေတောင်ကုန်း ဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သည့် ဝီရိယနှင့်ပတ်သက်၍ မမေ့မလျော့၊ မှတ်သားထားရမည့်ဩဝါဒကို ရေးသားဖော်ပြထားသည်။ ယင်းမှာလေးဆင့်သောဝီရိယဖြစ်ပြီး ပထမမှာ လုပ်ငန်းတစ်ရပ်စရန် ဆုံးဖြတ်ခြင်း၊ ဒုတိယမှာ ဆုံးဖြတ်ချက်အရ စလုပ်ခြင်း၊ တတိယမှာ အခက်အခဲနှင့်ကြုံရလည်း ဆက်လုပ်ခြင်းနှင့် နောက်ဆုံးစတုတ္ထမှာ ရှုံးနိမ့်သကဲ့သို့ဖြစ်လျှင်ပင် မလျှော့သောဇွဲဖြင့် ဆက်လုပ်ခြင်းဖြစ်သည်။ ယခုအခါ ဒုတိယဗီရိယအဆင့်မှ တတိယအဆင့်အကူးသာရှိသေးပြီး နောင်လာနောက်သားများအတွက် ဝီရိယအမွေကောင်းများထားခဲ့ရေး စုပေါင်းလုပ်ကြရန် နိုင်ငံတော်၏ - အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားသည်။
ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာတွန်းလှန်နိုင်ရေးအတွက် မလျှော့သော ဇွဲလုံ့လဝီရိယဖြင့် ပြည်သူအားလုံးစုပေါင်းရင်ဆိုင် ကျော်လွှားနိုင်ခြင်း သည် သမိုင်းတွင် မှတ်ကျောက်တင်ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ယင်းသည် နောင်လာနောက်သားများအတွက် သုံးမကုန်သည့် စိတ်ဓာတ်အမွေ ဖြစ်သည်။ ရည်ရွယ်ချက်၊ ဆန္ဒအောင်ပွဲဆင်နိုင်သည့် သမိုင်းဖြစ်စဉ်များသည် သုံး၍မကုန်သည့် စိတ်ဓာတ်အမွေအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့် ထိုအမွေများကိုစုရန် ပြည်သူအားလုံး တက်ညီလက်ညီပူးပေါင်း ပါဝင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများအားလုံး ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ပထမလှိုင်းကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ပိုမိုခက်ခဲသောစိန်ခေါ်မှုများကို ဖြတ်သန်းကြရဦးမည်ဟု ခန့်မှန်းထားပြီး မည်သို့ပင်အခက်အခဲများရှိနိုင်သော်လည်း ပြည်သူပြည်သားများအားလုံး မလျှော့သောဇွဲလုံ့လဝီရိယစိုက်ထုတ် လုပ်ကိုင်ကြပါက ဖြစ်ပေါ်လာသမျှသော ကြိုတင်မှန်းဆမရနိုင်သည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ


