၁၈ ဇွန်
အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။
ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။
အုန်းဆီရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ အစာအာဟာရ အနေနဲ့ ဖြစ်ဖြစ်၊ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့
•သွားကိုဖြူစေတယ်
•သွားကြားထဲထိသန့်စင်ပေးနိုင်တယ်
• သွားပိုးပေါက်တွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
•သွားဆွေးမြေ့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်တယ်
•ခံတွင်း အနံ့ဆိုးကိုဖယ်ရှားပေးတယ်
• သွားဖုံးရောဂါတွေကို ကုသတဲ့ နေရာမှာ အသုံးဝင်တယ်
• သွားပေါ်မှာ ကပ်ငြိနေတဲ့ ဝါထိန်ထိန် ကျောက်တွေကိုလည်း လျော့နည်းပြီး ပါးသွားစေတယ်
အုန်းဆီကို သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ဘယ်လို အသုံးပြုမလဲ။
၁။ အရင်ဆုံး အုန်းဆီ တစ်ဇွန်းစာကို ပါးစပ်ထဲ ငုံထားပါ။
၂။ အရှေ့ဘက်၊ ဘေးဘက် သွားတွေအပြင် အနောက်ဘက် သွားဖုံးနားရောက်တဲ့အထိ ၁၀ မိနစ်ခန့် ငုံပြီးမှ ပလုတ်ကျင်းပါ။
၃။ ပြီးသွားရင် ထွေးထုတ်ပြီး သွားတိုက်ပါ။
၄။ ငုံရတာ မကြိုက်ရင် အုန်းဆီကို လက်ချောင်းနဲ့ တို့ထိပြီး သွား အရှေ့၊ အနောက် ပတ်လည်ကို သေချာပွတ်သပ်ပေးပါ။ သွားဖုံးတွေပါ ပွတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ၁၀ မိနစ်လောက် နေတော့မှ ရေနဲ့ ပလုတ်ကျင်းချပါ။
သွားဖုံးရောဂါ ရှိသူတွေ၊ ခံတွင်း အနံ့ဆိုး ထွက်တတ်သူတွေ၊ သွားမှာ မကြာခဏ ကျောက်တည်တတ်သူတွေနဲ့ သွားကို သေချာမတိုက်တဲ့သူတွေ ခုပြောထားခဲ့တဲ့ နည်းလမ်းတွေကို သေချာ လုပ်ကြည့်သင့်ပါတယ်။ ဒါပေမယ့် မသီးအောင်တော့ သတိထားသင့်ပါတယ်။
သွားတိုက်ဆေးလို ပုံစံမျိုး လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး အုန်းဆီကို အရည်ကျဲကျဲ ဖြစ်သွားတဲ့အထိ အပူပေးပြီ မုန့်ဖုတ်ဆိုဒါနဲ့ သမအောင် မွှေပေးရပါမယ်။ သွားတိုက်ဆေးလို အနှစ်ပုံစံ ရလာပြီဆိုတော့မှ အမွှေးနံ့သာဆီ တစ်မျိုးမျိုး ထည့်ပြီး ဘူးကို အလုံပိတ်သိမ်းထားပါ။ အသုံးပြုတဲ့အခါ လိုသလောက်ကို သွားတိုက်တံထဲ ထည့်ပြီး ၂ မိနစ်ခန့် သေချာသွားတိုက်ပေးပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


