ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်း အခက်အခဲများ စသည်တို့ကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအရေးနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ရှိသူတစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေရှာသံအမတ်ကြီးတို့ ယမန်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြပြီး အခက်အခဲကြုံတွေ့နေကြရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို မြန်မာအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မလေးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် နည်းလမ်းရှာဖွေရေး၊ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မလေးရှားအစိုးရက ဒဏ်ကြေးကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးစေရေး၊ မလေးရှားဘက်မှ ခွင့်ပြုပါက မြန်မာ အစိုးရက မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များ စေလွတ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူသွားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေးတို့အတွက် မေတ္တာရပ်ခံခြင်းပင်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများဖြစ်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံတွင် သွားလာမှုများကို ကန့်သတ်တားဆီးရေးအတွက် အမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း နိုင်ငံခြားသားရွှေ့ ပြောင်းအလုပ်သမားများကို ကိုဗစ်-အ ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ ကြီးစွာသော အခက်အခဲကြုံတွေ့ကြရသည်။ မလေးရှားအစိုးရက ကိုဗစ်-အင်္ဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး အတွက် လူအဝင်အထွက်များကိုပိတ်ဆို့၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သည့်အခါ အထောက်အထားမဲ့တရမထိ မြန်မာအလုပ်သမားတို့ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့မှုကြောင့် တိမ်းရှောင်ပုန်း ကွယ်နေကြရခြင်း၊ အလုပ်ရှင်များကလည်း အလုပ်ဆင်းခွင့် မပြုခြင်းစသည့် အဖြစ်များနှင့် ကြုံတွေ့ကြရသည်။ ထို့အပြင် အချို့အလုပ်များက လူလျှော့ခြင်း၊ ပိတ်သိမ်းခြင်း စသည်တို့ပြုလုပ်လာကြသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါး လာသည်။
တိုင်းတစ်ပါး သူ့ရေ၊ သူ့မြေတွင် ကပ်ရေဂါကျရောက်လာသည့်အချိန် အထောက်အထားမဲ့တရားဝင်ရောက်ရှိ နေထိုင်သူများအဖို့ နေ့စဉ်နှင့်အမျှ အသက်ရှင်ရပ်တည်ရန် အခက်အခဲမှာ ကြီးမားလှမည်ဖြစ်သည်။ မိမိတို့ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ လက်ရှိအခြေအနေ ပေါ်တွင်လည်းထွက်ပေါက်မဲ့နေသည့် အခြေအနေအဖြစ်ယူဆကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများပင် ပေါ်ပေါက်လာခဲ့ရာ မလေးရှားရောက် တရားမထိမြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်ခေါ်ယူရမည့်အရေးကိစ္စသည် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည့် အရေးကိစ္စတစ်ခုဖြစ်လာသည်။ တရားဝင်သွားရောက်သည်ဖြစ်စေ၊ တရားမဝင်သွားရောက်သည်ဖြစ်စေ မိမိနိုင်ငံသားများသာဖြစ်သည့် အတွက်မြန်မာနိုင်ငံအစိုးရကပြန်လည်ခေါ်ယူသွားမည်ဖြစ်စေကာမူ သူ့ရေ၊သူ့မြေပေါ်တွင် သူ့ဥပဒေနှင့်အညီဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်မူ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ခြင်း၊ အခက်အခဲအကျပ်အတည်းများကို ပူးပေါင်းဖြေရှင်းခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များကို မပြတ်နားစွင့်ကာ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဖြန့်ဝေခြင်း၊ အပြန်အလှန်ရိုင်းပင်းကူညီခြင်းတို့ဖြင့် လက်ရှိကာလကို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြရန် လိုအပ်သည်။ အထူးသဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ စိတ်ဓာတ်ကြံ့ခိုင်မှု လိုအပ်သလို မိမိတို့ လက်ရှိကြုံတွေ့နေကြရသည့်အခက်အခဲများသည် ဇွဲသတ္တိတို့ဖြင့် ရင်ဆိုင်ကျော်လွှားရမည့် အရာများဟုခံယူ၍ အနိုင်မခံအရှုံးမပေးဘဲ အကျပ်အတည်းတို့မှ လွန်မြောက်နိုင်ကြ ပါစေကြောင်း။ ။
မြန်မာ့အလင်း


