၂၈ ဇွန်

 

စနစ်အပြောင်း၊ ဥပဒေအပြောင်း

 

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော် အစိုးရက နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူလိုက်တဲ့အချိန်ကစပြီး မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နိဂုံးချုပ်ခဲ့ပါတယ်။ တပ်မတော်အစိုးရ အနေနဲ့ ဈေးကွက်ကိုအခြေခံတဲ့ စီးပွားရေးစနစ်ကို ကူးပြောင်းကျင့်သုံးဖို့၊ နိုင်ငံတော်ရဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ဖို့ အခြေခံကျတဲ့ ဥပဒေမူဘောင်ဆိုင်ရာ ပြင်ဆင်မှုတွေကို ဦးစားပေးဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ပြင်ဆင်မှုတွေထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းလည်း ပါရှိပါတယ်။ တပ်မတော် အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်အာဏာအရပ်ရပ်ရယူပြီး နှစ်လကျော်အကြာ ဖြစ်တဲ့ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၀/၈၈ နဲ့ ပြဋ္ဌာန်းလိုက်ပြီး ဥပဒေကို ကျင့်သုံးဆောင်ရွက် ဖို့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ဥပဒေပြဋ္ဌာန်းပြီး တစ်ပတ်အကြာ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ အစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁/၈၈ နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဘယ်သူတွေဆွဲခဲ့သလဲ

 

တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲရေးနဲ့ပတ်သက်ပြီး အောက်ပါ ပုဂ္ဂိုလ်များပါဝင်တဲ့အဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ကြ တယ်လို့ သိရပါတယ် -

(၁) ဗိုလ်မှူးကြီးအေဘယ်လ်၊ ဝန်ကြီး၊ ကုန်သွယ် ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊

(၂) ဒေါက်တာသန်းညွန့်၊ ပါမောက္ခချုပ်၊ စီးပွားရေးတက္ကသိုလ်၊

(၃) ဦးဆက်မောင်၊ အကြံပေးပုဂ္ဂိုလ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊

(၄) ဦးမောင်မောင်ကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

(၅) ဦးခင်မောင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

(၆) ဦးထွန်းကြည်၊ အထွေထွေမန်နေဂျာ၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်။

 

အထက်ပါအဖွဲ့ကရေးဆွဲခဲ့တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေမှာ အခြားဥပဒေများနဲ့မတူဘဲ ထူးခြားချက် တစ်ခုကတော့ ဥပဒေပြဋ္ဌာန်းခြင်းရဲ့ အကျိုးအကြောင်း ဖော်ပြချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ အကျိုးအကြောင်း ဖော်ပြချက်မှာ ပြည်သူများရဲ့ စားဝတ် နေရေး ချောင်လည်စေဖို့နဲ့ နိုင်ငံတော်စီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့၊ လိုအပ်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို နှစ်ဖက်အကျိုးတူ မျှတစွာ ပါဝင်လာစေဖို့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများကို ဖော်ထုတ်ပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ဖို့၊ အလုပ် အကိုင်တွေ ပေါ်ပေါက်ပေါများလာစေဖို့၊ လူငယ်တွေ ကျွမ်းကျင်မှုသင်တန်းများကို ပြည်တွင်းပြည်ပတို့၌ တက်ရောက်ခွင့် ရရှိစေဖို့၊ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက် စေဖို့၊ လမ်းပန်းဆက်သွယ်ရေး တိုးချဲ့ပေးနိုင်ဖို့ အစိုးရက ရည်မှန်းကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ အတွက်လည်း ထိုက်သင့်သောအကျိုးအမြတ်ရရှိခွင့်နဲ့ ရတဲ့အကျိုးအမြတ်ကို နိုင်ငံခြားသို့ပို့ခွင့်၊ လုပ်ငန်းပြီးဆုံးတဲ့ အခါ ပြန်လည်ယူဆောင်ခွင့်ပေးပြီး လုပ်ငန်းကို ပြည်သူ ပိုင်ပြုလုပ်ခြင်းမပြုဟု အာမခံချက်ပေးမှာဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြား ကုမ္ပဏီများ၊ ပုဂ္ဂိုလ်များ အထူးစိတ်ဝင်စားစွာ လေ့လာစုံစမ်းလျက် ရှိကြတဲ့အတွက် လုပ်ကိုင်ခွင့်တောင်းခံခြင်းတို့ကို စိစစ်ခွင့်ပြုဖို့နဲ့ လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ကိစ္စအဝဝတို့ကို ညှိနှိုင်းတာဝန်ယူ ဆောင်ရွက်ပေးနိုင်တဲ့ အဆင့်မြင့် ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

 

မူရင်းဇာစ်မြစ်

 

အထက်ပါ အကျိုးအကြောင်းဖော်ပြချက်နဲ့အတူ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ မူလအခြေခံဇာစ်မြစ်ကတော့ ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေး အက်ဥပဒေဖြစ်တာကို သုံးသပ်တွေ့ရှိရပါတယ်။ ဥပဒေထဲမှာ ခေတ်နဲ့အညီဖြစ်အောင် လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေကို ထပ်မံဖြည့်သွင်းထားသလို ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက် အတော်တော်များများကိုလည်း ပြန်လည်အသုံးပြုရေးဆွဲခဲ့တာ တွေ့ရပါတယ်။ ဥပမာ အားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ ပုဒ်မ ၂၊ (ဇ) ပါ “နိုင်ငံခြားမတည်ငွေရင်း ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ ငွေရင်းနှီး ရေး အက်ဥပဒေပုဒ်မ ၂၊ (င) အပေါ် အခြေခံရေးဆွဲထားတာ တွေ့ရပါတယ်။ ထိုနည်းတူ အဆိုပါ ဥပဒေ အခန်း ၁၀ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ ပုဒ်မ ၂၁၊ (က) ဟာ ငွေရင်းနှီးရေးအက်ဥပဒေပုဒ်မ ၅၊ (စ) နဲ့လည်းကောင်း၊ ဥပဒေပုဒ်မ ၂၁၊ (ခ) ဟာ ငွေရင်းနှီးရေးအက်ဥပဒေ ပုဒ်မ ၅၊ (ဃ) နဲ့လည်းကောင်း၊ ဥပဒေပုဒ်မ ၂၁၊ (ဂ) ဟာ ငွေရင်းနှီးရေးအက်ဥပဒေ ပုဒ်မ ၅၊ (င) နဲ့ လည်းကောင်း၊ ဥပဒေပုဒ်မ ၂၁၊ (ဈ) ဟာ ငွေရင်းနှီးရေး အက်ဥပဒေ ပုဒ်မ ၅၊ (ဆ) နဲ့လည်းကောင်း၊ ဥပဒေပုဒ်မ ၂၁၊ (ည) ဟာ ငွေရင်းနှီးရေးအက်ဥပဒေ ပုဒ်မ ၅ ၊ (ဇ) နဲ့လည်းကောင်း တူညီမှုရှိနေတာကို တွေ့ရပါတယ်။ ထို့အပြင် အဆိုပါ ဥပဒေရဲ့ အခန်း ၁၃ နိုင်ငံခြားငွေလွှဲပြောင်းနိုင်ခွင့် ပုဒ်မ ၂၆ ဟာလည်း ငွေရင်းနှီးရေးအက်ဥပဒေ ပုဒ်မ ၆ (၃) နဲ့ ဆင်တူမှုရှိနေတာကို တွေ့ရပါတယ်။

 

ပုဒ်မ ၃၅ ခုပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ရင်းနှီးမြှုပ်နှံမှုဥပဒေတစ်ရပ်မှာ ပါဝင်သင့်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းနှင့် လွယ်ကူချောမွေ့အောင်ဆောင်ရွက် ပေးခြင်းတို့ကို အတိုင်းအတာတစ်ခုအထိ ခြုံငုံမိအောင် ရေးဆွဲပြဋ္ဌာန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဥပဒေရဲ့ ထူးခြားချက်မှာ နိုင်ငံခြားသားများကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခွင့်ပေးခဲ့သလို မြန်မာနိုင်ငံ သားတွေနဲ့ ဖက်စပ်ပြုပြီး ဆောင်ရွက်ခွင့်ကိုလည်း ပေးခဲ့ တာ တွေ့ရပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားနဲ့ ဖက်စပ်လုပ်မယ်ဆိုရင် ၎င်းတို့ဘက်က ထည့်ဝင်ရမယ့် မတည်ငွေရင်းဟာ စုစုပေါင်း မတည်ငွေရင်းရဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ဖြစ်ရမယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အရေးကြီးတဲ့ မြေအသုံးပြုမှုဆိုင်ရာ ပြဋ္ဌာန်းချက် တွေကိုတော့ ထည့်သွင်းပြဋ္ဌာန်းတာမတွေ့ရဘဲ ဥပဒေ ကျင့်သုံးစဉ် ကာလတစ်လျှောက်လုံးမှာ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ မြေအသုံးပြုမှုနဲ့ပတ်သက်တဲ့ အမိန့်ကြော်ငြာ စာအမှတ်၊ ၃/၁၉၉၀ ကို အခြေခံပြီး နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူတွေကို နှစ် ၃၀ လုပ်ကိုင်ခွင့် ပေးခဲ့တာလည်း တွေ့ရပါတယ်။

 

ခွင့်ပြုစာရင်း

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေးအက်ဥပဒေလိုပဲ နိုင်ငံခြားသားတွေကို ခွင့်ပြုမယ့် လုပ်ငန်းနယ်ပယ်ကို အကန့်အသတ်ပြုထားခဲ့ပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အမိန့်ကြော်ငြာ စာအမှတ်၊ ၁/၁၉၈၉ အရ “နိုင်ငံခြားရင်းနှီးမြှုပ်နှံနိုင်ခွင့်ရှိ သော စီးပွားရေးလုပ်ငန်းအမျိုးအစား သတ်မှတ်ခြင်း ကို ၁၉၈၉ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ၁၉၅၉ ခုနှစ် ငွေရင်းနှီးရေး အက်ဥပဒေနဲ့ ၁၉၈၈ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ ဟာ နိုင်ငံခြားသားတွေကို ခွင့်ပြုစာရင်း (Positive List) ပါ လုပ်ငန်းတွေကိုသာ ကန့်သတ်ခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမမျိုးဆက် (First Generation) ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ အမိန့် ကြော်ငြာစာ ၁/၈၉ အရ လယ်ယာ၊ သားငါး၊ သစ်တော၊ သတ္တု စတဲ့ကဏ္ဍတွေထဲက လုပ်ငန်းအချို့ကို လည်းကောင်း၊ စက်မှုကဏ္ဍက စားသောက်ကုန်၊ အထည်အလိပ်၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ သားရေ/သားရေထွက် ပစ္စည်းနှင့် အခြားအလားတူပစ္စည်း၊ သယ်ယူပို့ဆောင်ရေး ပစ္စည်း၊ အဆောက်အအုံသုံးပစ္စည်းများ၊ ပျော့ဖတ်နှင့်စက္ကူ၊ ဓာတုဗေဒ/ဓာတုဗေဒထုတ်ပစ္စည်းနှင့် ဆေးဝါး၊ သံနှင့် သံမဏိ၊ စက်ကိရိယာပစ္စည်းများ စတဲ့ကုန်ပစ္စည်းထုတ်လုပ် ရေး လုပ်ငန်းတွေကို လည်းကောင်း ခွင့်ပြုပေးခဲ့တာကို တွေ့ရပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍထဲက လုပ်ငန်းအချို့ကို ခွင့်ပြုပေး ခဲ့တဲ့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ ပုဒ်မ ၄ အရ အစိုးရအဖွဲ့မှ ခွင့်ပြုသောလုပ်ငန်းများကို ခွင့်ပြုပေးဖို့ ထုတ်ပြန်ကြေညာခဲ့တာကို တွေ့ရပါတယ်။

 

ဥပဒေပြဋ္ဌာန်းလိုက်ပြီး နောက်ပိုင်းကာလက စာရေး သူဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်နဲ့ ရှေ့တန်း တစ်နေရာ ရောက်ရှိနေခိုက် အဆိုပါဥပဒေဟာ ခေတ်မီတဲ့ ဥပဒေဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကောင်းစွာဆွဲဆောင်နိုင်မယ့် ဥပဒေဖြစ်ကြောင်း ပြည်ပ ရေဒီယိုသတင်းဌာန အချို့က ကြေညာကြတာတွေကိုလည်း သတိထားမိခဲ့ပါတယ်။

 

ကော်မရှင်ဘယ်လိုဖွဲ့

 

ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာ အစိုးရက အမိန့် ကြော်ငြာစာအမှတ် ၁၂/၁၉၈၈ ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်အေဘယ်လ်က တာဝန်ယူခဲ့ပြီး ကော်မရှင်မှာ အဖွဲ့ဝင်တွေအဖြစ်နဲ့ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာနတွေမှ ဝန်ကြီးတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။ အတွင်းရေးမှူးအဖြစ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူခဲ့ပါတယ်။

 

၁၉၉၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ကော်မရှင်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အခါ ဒုတိယဝန်ကြီး ချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်းက ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ်အေဘယ်လ်က အတွင်းရေးမှူး အဖြစ်လည်းကောင်း ပါဝင်လာခဲ့ပြီး ဝန်ကြီးများအပြင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမောင်လှကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းခဲ့ပါတယ်။ ထပ်မံပြီး ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကော်မရှင်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးသောင်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေး ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ တော့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်းဟာ တပ်မတော်အစိုးရ ကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း

 

ဆိုရှယ်လစ်စီးပွားရေးစနစ် နိဂုံးချုပ်စေခဲ့ပြီး ဈေးကွက်တံခါးဖွင့်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ကာလ ကနဦးနှစ်တွေမှာ မြန်မာနိုင်ငံ အတွင်း နှစ်အလိုက် အောက်ပါအတိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့ပါတယ် -

(၁) ၁၉၈၉ ခုနှစ် အမေရိကန်ဒေါ်လာ ၇.၈ သန်း။

(၂) ၁၉၉၀ ပြည့်နှစ် အမေရိကန်ဒေါ်လာ ၁၆၁.၁ သန်း။

(၃) ၁၉၉၁ ခုနှစ် အမေရိကန်ဒေါ်လာ ၂၃၈.၁ သန်း။

(၄) ၁၉၉၂ ခုနှစ် အမေရိကန်ဒေါ်လာ ၁၇၁.၆ သန်း။

(၅) ၁၉၉၃ ခုနှစ် အမေရိကန်ဒေါ်လာ ၉၅.၁ သန်း။

(၆) ၁၉၉၄ ခုနှစ် အမေရိကန်ဒေါ်လာ ၁၃၈.၁ သန်း။

(၇) ၁၉၉၅ ခုနှစ် အမေရိကန်ဒေါ်လာ ၃၂၄.၁ သန်း။

(၈) ၁၉၉၆ ခုနှစ် အမေရိကန်ဒေါ်လာ ၃၁၅.၅ သန်း။

(၉) ၁၉၉၇ ခုနှစ် အမေရိကန်ဒေါ်လာ ၄၁၈.၈ သန်း။

(၁၀) ၁၉၉၈ ခုနှစ် အမေရိကန်ဒေါ်လာ ၁၇၄.၈ သန်း။

 

ယနေ့ကာလ နိုင်ငံအတွင်း နှစ်စဉ်ဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ နှိုင်းယှဉ်ရင် ထိုစဉ်က နှစ်စဉ်ဝင်ရောက်မှုအခြေအနေဟာ နည်းပါးခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း ကနဦး ဝင်ရောက်ရင်းနှီးမြှုပ်နှံကြတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ ပြောကြားချက်တွေအရ ထိုစဉ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟာ အတော်ဩဇာကြီးမားခဲ့ပြီး ကော်မရှင်ရဲ့ ခွင့်ပြုမိန့်ထုတ်ပေးပြီးနောက်ပိုင်းမှာ ဆိုင်ရာဝန်ကြီးဌာန တွေက မိမိတို့လုပ်ပေးရမယ့်အလုပ်တွေကို မြန်မြန် ထက်ထက် လုပ်ပေးကြတာကြောင့် လုပ်ရကိုင်ရတာ တော်တော်လေးအဆင်ပြေပြီး လွယ်ကူချောမွေ့မှုရှိခဲ့တယ် လို့ ဆိုကြပါတယ်။

 

သင်ခန်းစာ

 

၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေဟာ စတင်ပြဋ္ဌာန်းစဉ်မှာတော့ ခေတ်မီတဲ့ ဥပဒေတစ်ခုလို့ ဆိုနိုင်သော်လည်း ၁၉၉၅ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံအသီးသီးက မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှု ဆောင်ရွက်လိုက်တဲ့ အချိန်မှာတော့ အပြောင်းအလဲမလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေဟာ ခေတ်နောက်ကျ ကျန်ခဲ့ပါတယ်။

 

ပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတဲ့အချိန်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ ၎င်းတို့ရဲ့ အမြတ်ငွေတွေကို ပြည်ပသို့ ပြန်လည်လွှဲပြောင်းကြတဲ့အခါ ဥပဒေ ပုဒ်မ ၂၆ အရ တည်ဆဲတရားဝင် ငွေလဲနှုန်းအတိုင်း လွှဲပြောင်းရမယ်လို့ ကန့်သတ်ချက်ရှိတဲ့အတွက် အတော်လေး အခက်အခဲတွေ ပေါ်ပြီး မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု ကျဆင်းသွားခဲ့ရပါတယ်။

 

နောက်ပိုင်းမှာ ကော်မရှင် က ဆုံးဖြတ်ချက်တွေကို ကုန်သွယ်မှုမူဝါဒကောင်စီ တင်ပြရခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရခြင်း စတဲ့အဆင့်တွေပြီးမှသာ အတည်ပြုပေးတဲ့အတွက် ဗဟိုချုပ်ကိုင်မှုတွေ များပြားလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးရေးလုပ်ငန်းစဉ်ဟာ လပေါင်းများစွာ အချို့ကိစ္စတွေမှာ နှစ်နဲ့ချီပြီးကြာမြင့်သွားခဲ့လို့ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုကျဆင်းသွားခဲ့ရတာကိုလည်း သင်ခန်းစာတစ်ခုအဖြစ် တွေ့ခဲ့ရပါတယ်။

 

နိုင်ငံသားတွေမပါဘူးလား

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်း နိုင်ငံခြားသားအချို့ ပြည်တွင်းကို စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ကြတဲ့အခါ နိုင်ငံသားလုပ်ငန်း ရှင်တွေအနေနဲ့ နိုင်ငံခြားသားတွေရတဲ့အခွင့်အရေး မရတာတွေ ဖြစ်ခဲ့ပါတယ်။ အချို့သော နိုင်ငံသားတွေက စင်ကာပူ လိုနိုင်ငံကို သွားရောက်ကုမ္ပဏီထောင်ကာ ကိုယ့်နိုင်ငံအတွင်းကို စင်ကာပူကုမ္ပဏီအနေနဲ့ ပြန်လည်ဝင်ရောက်ပြီး ရင်းနှီး မြှုပ်နှံမှုလုပ်ခဲ့ရတဲ့ အခြေအနေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့ အစိုးရက စီမံဆောင် ရွက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲခြင်း ကို ထိုစဉ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်နဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်အေဘယ်လ်တို့က ဦးဆောင်ခဲ့ပြီး ကော်မရှင်ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်နဲ့ ကော်မရှင်ရဲ့ ဥပဒေအကြံပေး ဒေါက်တာထွန်းရှင်တို့က အနီးကပ် ကြီးကြပ်ကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သိန်းနဲ့ အဖွဲ့က ဥပဒေကြမ်း ပြုစုရေးဆွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၉၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ်၊ ၄/၉၄ နဲ့ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ထို့နောက်မှာ ၁၉၉၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာ စာအမှတ်၊ ၂/၁၉၉၄ နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဤဥပဒေမှာပါတဲ့ ပြဋ္ဌာန်း ချက်တွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက် တွေနဲ့ သိသာစွာကွဲပြားမှုမရှိတာကိုလည်း တွေ့ရပါ တယ်။ အဓိကအကြောင်းကတော့ နိုင်ငံသားရင်းနှီး မြှုပ်နှံသူတွေကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလိုပဲ တူညီတဲ့အခွင့်အရေးတွေပေးနိုင်အောင် ပြဋ္ဌာန်းလိုက် တာဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ ထူးခြားချက်က တော့ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်း ၁၉၉၄ ခုနှစ် မေလ ၄ ရက်နေ့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဥပဒေနှစ်ရပ်လုံးနဲ့ လွှမ်းခြုံမိအောင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ။

 

အောင်နိုင်ဦး