ကျောက်ထု ၂၈ ဇွန်

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဒေသရှိယာမြေများတွင် ဓာတုလွတ် ငရုတ်ပင်များ စီးပွားဖြစ် ပိုမိုစိုက်ပျိုးလာကြရာ ယခုအခါ ဓာတုလွတ် ငရုတ်ထွက်ကုန်များအား ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အသုံးပြုမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ပြီး ဓာတုလွတ်ကြောင်းမှန်ကန်ပါက ကုမ္ပဏီများက ဆက်သွယ်ဝယ်ယူပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

 

ဓာတုလွတ် ငရုတ်စိုက်ပျိုးရာတွင် အများအားဖြင့် ကျောက်စိမ်းငရုတ်မျိုးကို ရွေးချယ်စိုက်ပျိုးကြပြီး အသီးအတောင့်နှင့် အရောင်ပါ လှပ၍ လူကြိုက်များသည်။ ငရုတ်စိုက်ပျိုးရာတွင် ပထမဉီးစွာ စိုက်ပျိုးမြေအား ထွန်ယက်၍ စိုက်ဘောင်များ ကြိုတင်ဆောင်ရွက်ထားရသည်။ ထိုစိုက်ဘောင်များပေါ်တွင် တစ်ပေပတ်လည်ကျင်းများ တူးဖော်၍ သဘာဝမြေသြဇာ အော်ဂဲနစ်နှင့် နွားချေးတို့ ထည့်သွင်းမြေပြင်ထားရသည်။ ထို့နောက် အသင့်ပျိုးထောင်ထားသည့် ငရုတ်ပျိုးပင်များအား မြေချစိုက်ပျိုးကြသည်။

 

ငရုတ်စိုက်ပျိုးရာတွင် တစ်ဧက အပင် ၃၅၀ဝ ခန့် ဝင်ဆံ့ကြောင်း သိရှိရသည်။ ငရုတ်အသီး အထွက်နှုန်းကောင်းစေရန်အတွက် စိုက်ပျိုးကာလအတွင်း ပေါင်းသင်မြေဖို့ခြင်းများ ဆောင်ရွက်ပေးရသည်။ အပူချိန်မြင့်မားပြီး မြေအစိုဓာတ် လျော့နည်းလာသည့်အခါ ရေသွင်းရေထုတ်ခြင်းအား ဂရုပြုဆောင်ရွက်ပေးရသည်။ ငရုတ်ပင်သည် ရေဝပ်လျှင် အပင်ခြေပုတ်ပြီး သေတတ်ကြောင်း သိရှိရသည်။ စတင်မြေချစိုက်ပျိုးသည့် အချိန်မှ ၄ လခန့်ကြာမြင့်သည့်အခါ အသီးများ စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။

 

ယခုအခါ ကျောက်ထုဒေသတွင် ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ နှုန်း ရောင်းချကြရပြီး ငရုတ်တစ်ဧကစိုက်ပျိုးသည့် တောင်သူအနေဖြင့် ငရုတ်တစ်ရာသီလျှင် ငွေကျပ် ၁၀ သိန်းခန့် ဝင်ငွေရရှိကြောင်း ဂုံဘိုရပ်ကွက်မှ ငရုတ်စိုက် တောင်သူဦးဗိုလ်ကြည်၏ ပြောကြားချက်အရ သိရှိရသည်။

 

မောဟေမာန် (ပြန်/ဆက်)