ခရမ်းစိုးမြင့်

ရန်ကုန်-ပုသိမ် မူလနှစ်လမ်းသွား အမှတ်(၅) အဝေးပြေးလမ်းမကြီးအား ကွန်ကရစ် လေးလမ်းသွား ၄၈ ပေအကျယ်အထိ အဆင့်မြှင့်တင်ဖောက်လုပ်နေကြောင်း ကြားသိရ၍ ကျွန်တော်သည် သတင်းဆောင်းပါးရေးရန်အစီအစဉ်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး၏ လမ်းဦးစီးဌာနရှိရာ မြို့တော်ပုသိမ်သို့ ကားတစ်စီးဖြင့် သွားခဲ့သည်။
ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းမကြီးသည် ရန်ကုန်မှပုသိမ်အထိ တိုက်ရိုက်(၁၁၃ မိုင် ၂ ဖာလုံ) ရှည်လျားစွာ ဖောက်လုပ်ထားသော်လည်း ရန်ကုန်-ပုသိမ် လမ်းမိုင်တိုင်အမှတ် (၄၁ မိုင် ၃ ဖာလုံ)ရှိ ဧရာ၀တီမြစ်ကူး တံတားကြီး ဗိုလ်မြတ်ထွန်းတံတားမှတစ်ဆင့် ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာနှင့် ဝါးခယ်မသို့လည်းကောင်း၊ မိုင်တိုင် အမှတ်(၃၃)မှတစ်ဆင့် မအူပင်မြို့သို့ လည်းကောင်း သွားလာ၍ရသော လမ်းမကြီးဖြစ်သည်။ ရန်ကုန်မြို့မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ ဖြတ်သန်းသွားလာ မောင်းနှင်နေသော ယာဉ်စီးရေ ၃၈၀၀ နှင့် ဗိုလ်မြတ်ထွန်း တံတားမှ ပုသိမ်အထိ တစ်နေ့ယာဉ်စီးရေ ၂၇၀၀ သွားလာ မောင်းနှင်လျက်ရှိသည်ဟု သိရသည်။
ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ အပိုင်းသည် ယာဉ်သွားလာမှုများပြားသောကြောင့် အရေးကြီးသော လမ်းပိုင်းဖြစ်သည့် အတွက် မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ရန်ကုန်-ပုသိမ် အမှတ် (၅) အဝေးပြေးလမ်းမကြီး နှစ်လမ်းသွား ၂၄ ပေ အကျယ်မှ လေးလမ်း သွားပေ ၃၀ အကျယ် ၄၈ ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေကျပ် သန်း ၂၉၀၀၀ သုံးစွဲ၍ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) (တည်ဆောက်ရေး)နှင့် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော် ဦးဆောင်ပြီး တာဝန်ယူဆောင်ရွက်နေကြသည်။
သမိုင်းနောက်ခံ
ဧရာ၀တီတိုင်းဒေသကြီးသည် ရှေးအခါက မွန်သုံးရပ် ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ညတို့၌ “မွန်ည” ဒေသတွင် ပါဝင်ခဲ့ကြောင်း မှတ်သားရပြီး အလောင်းမင်းတရားကြီး၏ တတိယမြန်မာနိုင်ငံတော်တွင်လည်း ရာမညတိုင်းအတွင်း ပါဝင်ခဲ့သည်ဟု သိရသည်။ ဗြိတိသျှကိုလိုနီခေတ်၌ “ပဲခူးတိုင်း” ဟု သတ်မှတ်ဖွဲ့စည်းသောအခါ ဟံသာ၀တီခရိုင်၊ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင် ဟူ၍ ခရိုင်သုံးခုရှိခဲ့ရာ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်တို့သည် ယနေ့ဧရာဝတီတိုင်းဒေသကြီး၏ နယ်ပယ်များဖြစ်နေကြပြီ ဖြစ်သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ခေတ်တည်သမိုင်းဝင်မြန်မာ ဘုရင်နန်းစိုက်ခြင်း မရှိခဲ့သော်လည်း ဂေါတမဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦးတို့ ဘုရားရှင်၏ဆံတော်မြတ်ကို မဇ္ဈိမဒေသမှ ဒဂုံသို့ပင့်ဆောင်ရာတွင် မော်တင်စွန်း အရပ်သို့ရောက်ရှိ ခဲ့ကြစဉ် ဇေယျသေနနဂါးမင်းက ဆံတော် နှစ်ဆူကို ဆောင်ယူ၍ မော်တင်စွန်းစေတီတော်ကို ဌာပနာပြု တည်ထား ခြင်း၊ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ရေကြောင်းခရီးဖြင့် ပြည်တွင်းပြည်ပသို့ တိုင်းခန်းလှည့်လည်ရာတွင် ပုသိမ်ဆိပ်ကမ်းကို အထောက်အနား စခန်းပြု၍ သွားလာကြွချီခဲ့ခြင်း၊ ရဟန္တာအရှင်မြတ်များ၊ သာသနာပြုပုဂ္ဂိုလ်များ၊ သီဟိုဠ်နှင့် မဇ္ဈိမသို့ ကြွချီရာတွင် လည်းကောင်း၊ ဓာတ်တော်မွေတော်များကို မြန်မာပြည်တွင်း သို့ ပင့်ဆောင်လာကြရာတွင်လည်းကောင်း၊ ပုသိမ်မြို့နှင့် ပုသိမ်ဆိပ်ကမ်းဒေသသည် ဝင်ထွက်ပြုရာ တံခါးသဖွယ် တစ်ထောက်နား၊ ထပ်ဆင့်ဖြန့်ဖြူးခရီးဆက်ရာ အချက်အချာဖြစ်ခြင်းများအပြင် ပုဂံခေတ်ထက်စောသော ရှေးဟောင်းမြို့ပြယဉ်ကျေးမှုရနိုင်သည့် အခြေအနေများတွေ့ရှိရသဖြင့် သုတေသနပြုလုပ်နေရသည်အထိ ထူးခြား သော သမိုင်းဝိသေသများ ကြွယ်ဝလျက်ရှိသည်။ ဤသည်ကား ဧရာ၀တီတိုင်းဒေသကြီး၏ သမိုင်းနောက်ခံဖြစ်၏။
ယနေ့ဧရာဝတီ
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ် ၅၀ နီးပါးအထိ ဧရာဝတီတိုင်းဒေသကြီးသည် ပုံမှန်အနေအထားများဖြင့် ရပ်တည်နေခဲ့ပေသည်။ မြစ်ချောင်းအင်းအိုင် ပေါများပြီး လူဦးရေထူထပ်သိပ်သည်းသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့် အားလျော်စွာ ရေလမ်းခရီးကိုသာ အဓိကထား၍ သွားလာကူးသန်းနေကြရသည်။ မိရိုးဖလာစီးပွားရေး လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြလျက် ဆန်စပါး၊ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏ စပါးကျီဟု တင်စားရလောက်သည်အထိ ဘွဲ့ကိုပိုင်ဆိုင်ထားသည်။ ပြည်တွင်းသာမက ပြည်ပ သို့ပါ တင်ပို့နိုင်သော ဆန်စပါး၊ ကျွန်းသစ်နှင့် သား၊ ငါး၊ ပုစွန်တို့ကလည်း လှိုင်လှိုင်ထွက်ရှိပေးကြသည်။ ဤသည်တို့မှာ နိုင်ငံတော်တွင် ကြီးမားသောစီးပွားအင်အား တစ်ခုဖြစ်၍နေပေသည်။
တိုင်းဧရာတွင် သိသာထူးကဲသောပြောင်းလဲတိုးတက်မှု အချို့ ယခင်ကပေါ်ပေါက်ခဲ့ဖူးပေသည်။ သာဓကအားဖြင့် ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီး စတင်ဖောက်လုပ်ခြင်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိခြင်းတို့ဖြစ်သည်။ ဤစီမံ ကိန်းကြီးများသည် ဒေသအတွင်း နေထိုင်သူများအဖို့ အထူးအားတက်ဖွယ်ဖြစ်ခဲ့ရသည်။ ၁၉၆၄ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်၀ကျွန်းပေါ်ဒေသတွင် “ရွှေမည်းကို မြေထဲက တူးဖော်နိုင်ပြီ” ဟူသောအသိဖြင့် မြန်အောင်ရေနံမြေ၊ ရွှေပြည်သာရေနံမြေများကို ဖော်ထုတ်နိုင်ခဲ့ ခြင်းပင် ဖြစ်သည်။ ဤတိုးတက်မှုအပြောင်းအလဲများထက် သာလွန်၍ တိုင်းခွင်တစ်လွှား သမိုင်းတွင်သွားအောင် ထူးခြား ထက်မြက်သည့် ဆင့်ကဲဆင့်ကဲ အကျိုးဆက်ဖြစ်စဉ်များ တိုးတက်သစ်လွင်လာခဲ့ပေသည်။ ၎င်းမှာ ရန်ကုန်မြို့မှ အနောက်သို့ တိုးထွက်လာသော အမှတ်(၅) အဝေးပြေးလမ်းမကြီးခေါ်သည့် ရန်ကုန်-ပုသိမ်ကားလမ်း၊ ၎င်းလမ်းမကြီးနှင့် ဆက်စပ် ပေါ်ထွန်းလာသော စီမံကိန်းဝင်တံတား ကြီးများ၊ မြစ်ချောင်းအင်းအိုင်များ၊ သဘာဝကွေ့ကောက်မှု များအပေါ် လွှမ်းမိုး၍ ဧရာ၀တီတိုင်းဒေသကြီး၏မြေကြောရေကြောကို ရှုံ့စေလိုက်သောအလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းကွန်ရက်များ၊ ဤလမ်းကွန်ရက်များကြောင့် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးကို ကားနှင့်ပတ်၍ရနေပြီ ဖြစ်သည်။
ယခုထပ်၍ ထိုရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးကို ဧရာ၀တီတိုင်းဒေသကြီး လမ်းဦးစီးက လေးလမ်းသွား ၄၈ ပေ အဆင့်မြှင့်တင်ပေးလိုက်ပြန်သဖြင့် ၎င်းအဝေးပြေး လမ်းမကြီးကို အသုံးပြု၍ လည်းကောင်း၊ ယင်းလမ်းမကြီးနှင့် ဆက်စပ်ပေါ်ထွန်းလာသော စီမံကိန်းဝင်တံတားကြီးများပေါ်မှဖြတ်၍ ဧရာဝတီကိုကျော်ပြီး ရခိုင်အထိလည်းကောင်း ခရီးပေါက်ကြတော့မည်ဖြစ်သည်။
အဆင့်မြှင့်တင်
ရန်ကုန်-ပုသိမ်လမ်း၏အစဖြစ်သော မိုင်(၀/၀)မှ (၅/၄)အထိအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိပြီး မိုင်(၅/၄) မှ (၇/၄)အထိ အပိုင်းအား Oriental Highways Co.,Ltd က ၄၈ ပေ အကျယ် ကွန်ကရစ်လမ်း အဖြစ်နှင့် မိုင်(၇/၄)မှ (၁၇/၄)အထိ အပိုင်းအား ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ကျွန်တော်သည် ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီး အဆင့်မြှင့်တင်၍ လေးလမ်းသွားဖောက်လုပ်နေမှုကို ရန်ကုန်မှ ပုသိမ်အထိ ကားတစ်စီးဖြင့် ဖြတ်သန်းသွားရောက် လေ့လာခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်သို့ရောက် ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၏ လမ်းဦးစီးဌာနသို့သွားရောက်၍ တာဝန်ယူဆောင်ရွက်နေ သည့် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးရန်နိုင်ဇော်အား တွေ့ဆုံမေးမြန်းရာ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က လမ်းမကြီး ဖောက်လုပ်ရာတွင် လုပ်ငန်းခွင်နှင့် မလွတ်ကင်းသော ဓာတ်တိုင်များ၊ သစ်ပင်များ၊ ကျူးကျော်လူနေအိမ်များ ဖယ်ရှားသော လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က မအူပင်ခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်သော လုပ်ငန်းအထောက်အကူပြု အဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း။
လမ်းဦးစီးဌာနအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)နှင့် အင်ဂျင်နီယာချုပ် (မြို့ပြ)(တည်ဆောက်ရေး) တို့ဦးဆောင်၍ ညွှန်ကြားရေးမှူး(မြို့ပြ)(တည်ဆောက်ရေး) တစ်ဦး၊ အရည်အသွေးထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦး၊ စက်မှုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးတို့အား လုပ်ငန်းအကောင်အထည်ဖော် အဆင်ပြေချောမွေ့စေရန် တာဝန်ပေးဆောင်ရွက် လျက်ရှိကြောင်း။
စနစ်တကျဆောင်ရွက်
ယခု ရန်ကုန်-ပုသိမ်လမ်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး တစ်နေ့တာလုပ်ငန်းများ မစတင်မီအချိန်တွင် နေ့စဉ် Tool Box Meeting လုပ်၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်သွားလာမှုများပြားသောလမ်းတွင် ဆောင်ရွက်ရသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် လုပ်ငန်းခွင်လုပ်သားများ ယာဉ်သွားလာမှုကြောင့် ထိခိုက်မှုမရှိစေရန် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း။
၁၁.၃.၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က COVID-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ် ကြေညာပြီးနောက် လုပ်ငန်းခွင်တွင် COVID-19 ရောဂါကူးစက်မှုမရှိစေရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၃.၃. ၂၀၂၀ ရက်နေ့တွင် COVID-19 ရောဂါ ပထမဆုံးလူနာ တွေ့ရှိပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်အတွက် လူစုလူဝေးပြုလုပ်ခြင်းများအား တားမြစ်ခြင်း၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်း စသည့် ကန့်သတ်ချက်များ ထုတ်ပြန်ခြင်းနှင့် မဟာသင်္ကြန်ရုံးပိတ်ရက်များကြောင့် လည်းကောင်း၊ လုပ်သားများအကြားတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအား ကြောက်ရွံ့၍လည်းကောင်း လုပ်ငန်းခွင်စွန့်ခွာမှု မရှိစေရေးအတွက် စည်းရုံး၍ လုပ်ငန်းအား အရှိန်အဟုန်မပျက် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။
လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် အချိန်တွင် လမ်းတာပေါင် ရေနှင့်ထိစပ်သောအပိုင်းများ၌ Steel Sheet Pile, PVC Sheet Pile များရိုက်ခြင်း၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ထားသော လမ်းတာပေါင်အား မြက်များစိုက်ပျိုး၍ တာပေါင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဧရာဝတီတိုင်းဒေသကြီးသည် မိရိုးဖလာစိုက်ပျိုး ရေးလုပ်ငန်းကို ဆောင်ရွက်နေရာမှ အရှိန်အဟုန်မြှင့်တင် ပေးလိုက်သော ရေလှောင်တမံကြီးများ၊ ရေထိန်းတံခါးများနှင့် မြစ်ရေတင်စီမံကိန်းများ၊ ၎င်းတို့၏အကျိုးဆက်ဖြစ်သော မိုးစပါး၊ နွေစပါးအထွက်နှုန်းများ၏ ကျေနပ်အားရဖွယ် ကိန်းဂဏန်းများ၊ သီးခြားတက္ကသိုလ်ကြီးများ၊ ဒီဂရီကောလိပ်များ၊ အဏ္ဏဝါသိပ္ပံသုတေသနဓာတ်ခွဲခန်းများ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ၊ မိုက်ကရိုဝေ့ဖ် စခန်းများ၊ ပြည်တွင်းဂြိုဟ်တု ဆက်သွယ်ရေးစခန်းနှင့် ပြည်ပရေအောက်ကေဘယ်လ်စခန်းများ၊ ဝမ်းမြောက်ဖွယ် ပေါ်ထွက်လာသောအပန်းဖြေရာ ငွေဆောင်၊ ချောင်းသာ စသည့် သဘာ၀ကမ်းခြေ အလှများနှင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများ စသည့် တိုးတက်မှုတို့နှင့်အတူ ယခုအဆင့် မြှင့်တင်ပေးလိုက်သော အမှတ်(၅)လေးလမ်းသွား ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးသည် ဧရာ၀တီတိုင်း ဒေသကြီး တစ်ခုလုံးအတွက် ထာဝရအကျိုးပြုမည့် လမ်းမကြီးအဖြစ် ရပ်တည်လျက်ရှိပေတော့မည်။ ။


