ဒေါက်တာ ခိုင်ခိုင်ဝင်း

 

ရည်ညွှန်းစာစောင်များ
ယခုရက်များအတွင်း နိုင်ငံပိုင်သတင်းစာများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့်သော်လည်းကောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် တစ်ရပ်အနေဖြင့်သော် လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသို့ လှူဒါန်းလျက်ရှိသည့် သတင်းများကို တွေ့ရှိရသည်။


အမှန်ပင်ကောင်းမွန်လှသည့် လုပ်ဆောင်ချက်များဖြစ်ပြီး အဂတိလိုက်စားခြင်းကို ရှက်စရာလုပ်ရပ်အဖြစ်မြင်ရန်၊ ပွင့်လင်းသန့်ရှင်းသော စိတ်ထားရှိခြင်းနှင့်အတူ ရောင့်ရဲတင်းတိမ်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်တို့အတွက် အသိပညာပေးခြင်း လုပ်ငန်းစဉ်သည် ပြည်သူများအတွင်း အမှန်တကယ် လိုအပ်လျက်ရှိသည်လည်း ဖြစ်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဟု ဆိုကြသည်အတိုင်း အဂတိလိုက်စားမှုဖြစ်ပေါ်မှ ကုစားခြင်းထက် အဂတိလိုက်စားမှု မဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပညာပေးအစီအစဉ်များ ပြုလုပ်ခြင်းသည် မရှိမဖြစ် လိုအပ်သည်လည်း ဖြစ်ပါသည်။


ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်သည် အခြေခံကျသည့်နေရာတွင် တည်ရှိနေသလို လူအချင်းချင်း အပြန်အလှန် လေးစားခြင်းသည်လည်း အဓိကကျသည့်နေရာတွင် ရှိနေပေသည်။ သည့်အတွက်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖြန့်ဝေသည့် အခြေခံပညာ အထက်တန်းအတွက် ရည်ညွှန်းစာစောင်(၂၀၂၀)တွင် လေးစားမှုရှိခြင်း ခေါင်းစဉ်ဖြင့် မတူညီကွဲပြားမှုများ ရှိနေသည့်တိုင် လူသားအချင်းချင်း လေးစားစိတ်ဖြင့် အပြန်အလှန် အမှီသဟဲပြုနေထိုင်နိုင်ရေး အလေးထား ဖော်ပြထားသည်ကို တွေ့ရှိရသည်။


လူ့အခွင့်အရေး
ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့အကြောင်း ပြောကြမည်ဆိုပါက လူ့အခွင့်အရေးကို ဖယ်ထုတ်ချန်ထားခဲ့၍ မရပါ။ အကြောင်းမှာ အဂတိလိုက်စားခြင်းသည် တစ်နည်းအားဖြင့် လူ့အခွင့်အရေး ထိပါးချိုး ဖောက်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights-OHCHR)က အဂတိလိုက်စားမှုကို "လူ့အခွင့်အရေး ခံစားမှုအတွက် ဖွဲ့စည်းမှုဆိုင်ရာ အဟန့် အတား"ဟု ဆိုထားခဲ့ရာ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေး ထိပါးချိုးဖောက်မှု နယ်ပယ်နှစ်ခုသည် ဆက်စပ် လျက်ရှိသည်မှာ ငြင်းနိုင်ဖွယ်မရှိပါ။ နိုင်ငံတစ်နိုင်ငံ၏ အဂတိလိုက်စားခြင်းအပေါ် ရှုမြင်သုံးသပ်သည့် အညွှန်းကိန်း (Corruption Perception Index-CPI) မြင့်လေလေ လူ့အခွင့်အရေးများ ခံစားရရှိ ပျော်ရွှင်ရမှု နည်းလေလေဟုလည်း ဆိုထားရာ နိုင်ငံအတွင်းရှိ ပြည်သူများ လူ့အခွင့်အရေးများ ခံစားရရှိ ပျော်ရွှင်နိုင်ရေးအတွက် အဂတိလိုက်စားမှု လျော့နည်းပပျောက်ရန် လိုအပ်ပေသည်။

 

အခြေခံပညာအထက်တန်း ရည်ညွှန်းစာစောင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဖြန့်ဝေသည့် အခြေခံပညာအထက်တန်းအတွက် ရည်ညွှန်းစာစောင် (၂၀၂၀)တွင် Grade 10, 11, 12 ကျောင်းသား ကျောင်းသူများအား နိုင်ငံသားတို့၏ တာဝန်နှင့် အခွင့်အရေးများအကြောင်းတို့ကို သိရှိနိုင်ရန် ရှင်းလင်းပြောပြ နိုင်ရေး ထည့်သွင်းထားသလို တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)တွင် ‘‘အဂတိလိုက်စားမှုဆိုသည်မှာ အဘယ် နည်း’’ ခေါင်းစဉ်အောက်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောပြနိုင်ရေးအတွက် ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်လာရေးတို့အတွက် အသိပညာပေး လုပ်ငန်းစဉ်များမှသည် လူ့အခွင့်အရေး အခြေခံသဘောတရားများ အကြောင်း၊ တာဝန်များအကြောင်းနှင့် မတူကွဲပြားမှုများကို လက်ခံပြီး လေးစားမှုများရရှိလာနိုင်သည့် အကျိုး ကျေးဇူးများစွာကို ရည်ညွှန်းစာစောင်များတွင် တွေ့ရှိရ သည့်အတွက် များစွာကျေနပ်ဝမ်းသာရပါသည်။


အခြေခံပညာ အထက်တန်းအတွက် ရည်ညွှန်း စာစောင်(၂၀၂၀)ထဲမှ အချို့သင်ခန်းစာများကို ထုတ်နုတ်ကြည့်မည်ဆိုလျှင် အခြေခံပညာအထက်တန်းအတွက် ရည်ညွှန်းစာစောင် (၂၀၂၀) Grade 10 ကျောင်းသား ကျောင်းသူများအတွက် ‘‘လေးစားမှုရှိခြင်း’’ ခေါင်းစဉ်အောက်တွင် ကလေးများ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် စသည့်ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး (၄) ချက် အပါအဝင် အခြားအခွင့်အရေးများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးနေရခြင်း အကြောင်းများနှင့် တာဝန်နှင့်ပတ်သက်သည်များကို ရှင်းလင်း သင်ကြားပေးရန် ရေးသားထားသည်ကို တွေ့ရှိရသည်။


ဖြောင့်မတ်တည်ကြည်မှု ပညာပေးအစီအစဉ် ရည်ညွှန်းစာစောင်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး သင်ခန်းစာများနှင့်အတူ လူ့အခွင့် အရေးနှင့်ပတ်သက်၍ ရှင်းလင်းသင်ကြားပေးသည့် သင်ခန်းစာများ ထည့်သွင်းထားခြင်းသည် အနာဂတ်၏ မျိုးဆက်သစ်လူငယ်များအတွက် အမှန်ပင် အကျိုးရှိလှပါသည်။


အခြေခံပညာ အထက်တန်းအတွက် ရည်ညွှန်းစာစောင် (၂၀၂၀) Grade 11 ကျောင်းသား ကျောင်းသူများ အတွက် "လေးစားမှုရှိခြင်း" ခေါင်းစဉ်အောက်တွင်လည်း မိမိတာဝန် မိမိသိရှိရန်နှင့် မိမိ မိသားစုနှင့် မိသားစုများ၏ အခွင့်အရေးများကို လေးစားရန်၊ လူမှုအဖွဲ့အစည်းအား လေးစားမှုရှိရန်၊ ယုံကြည်ကိုးကွယ်ခွင့်၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခွင့်၊ ပညာသင်ကြား ခွင့် အစရှိသည့် အခွင့်အရေးများနှင့် မိမိနှင့် အခြားသူများ၏ အခွင့်အရေးကို လေးစားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး များအကြောင်း တို့ကိုထည့်သွင်းထားသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရပါသည်။ အခွင့်အရေးဟူသည်မှာ ရပိုင်ခွင့်တစ်ခုတည်း အတွက်မဟုတ်၊ တာဝန်ပါ တွဲလျက်ရှိသည် ဆိုသည့် အကြောင်းနှင့် အခြားသူများ၏ အခွင့်အရေးကို လေးစားရမည်ဆိုသည့် အချက်များကို ထည့်သွင်းသင်ကြားပေးခြင်း အားဖြင့် အနာဂတ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အပြန်အလှန် လေးစားမှုရှိ သည့် သားကောင်းရတနာများ ထွက်ပေါ်လာနိုင်မည်လည်း ဖြစ်သည်။


အခြေခံပညာအထက်တန်းအတွက် ရည်ညွှန်းစာစောင်(၂၀၂၀) Grade 12 ကျောင်းသား ကျောင်းသူများအတွက် "လေးစားမှုရှိခြင်း" ခေါင်းစဉ်အောက်တွင် နိုင်ငံသားတို့၏ တာဝန်နှင့် အခွင့်အရေးများအကြောင်း၊ မတူကွဲပြားမှုများ အကြောင်းတို့ကို ထည့်သွင်းထားသည်ကို တွေ့ရသည်။ လူသားတစ်ဦးအနေဖြင့် နိုင်ငံသားတစ်ဦး ဖြစ်ခြင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကိုသိရှိရန် လိုအပ်သလို အခြားသူများ၏ အသားအရောင်၊ ဘာသာ၊ လူမျိုး အစရှိသည့် မတူညီ ကွဲပြားမှုကိုလည်း နားလည် လာစေရေး သင်ကြားပေးရန် ထည့်သွင်းထားရှိမှုအတွက် ဝမ်းမြောက်ရသည်။ မတူကွဲပြားမှုများကို နားလည်လက်ခံ နိုင်မှသာ ခွဲခြားဆက်ဆံခြင်းများ၊ လေးစားမှုမရှိခြင်းများ လျော့နည်းပပျောက်သွားမည် ဖြစ်သည့်အတွက် မတူကွဲပြားမှုကို လက်ခံနိုင်ရေးသည် လူ့အခွင့်အရေးတွင် အရေးပါသည့်နေရာ၌ တည်ရှိနေသည်။


ဖြောင့်မတ်တည်ကြည်မှုရှိပြီး လူ့ကျင့်ဝတ်များကို နားလည်လက်ခံကျင့်သုံးသူအနေဖြင့် အဂတိလိုက်စားခြင်းကို လွယ်လွယ်ကူကူ ပြုလုပ်မည်မဟုတ်သလို အခြားသူတစ်ဦး၏ အခွင့်အရေးများကိုလည်း ထိပါးချိုးဖောက်ဖို့ရာလည်း ဝန်လေးမည်ဖြစ်သည်။


နားလည်ကျင့်သုံးနိုင်ကြစေလို
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုပပျောက်ရေးအတွက် ရည်ရွယ်၍ ပြည်သူများအတွင်း အသိပညာပေးလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင် များသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်သာမဟုတ်၊ လူ့အခွင့် အရေးအသိပညာပေးများပါ ပါဝင်နေသည့်အတွက် အမှန်ပင်အကျိုးရှိလှသည့် စာစောင်များဖြစ်ပါကြောင်းနှင့် မြန်မာပြည်သူပြည်သားများသည်လည်း ရည်ညွှန်းစာစောင်များတွင် ပါသည့်အတိုင်း လိုက်နာကျင့်သုံးနိုင် ကြခြင်းဖြင့် အဂတိကင်းစင်၊ ပြုံးပျော်ရွှင်နိုင်ကြ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်နွှယ်နေသည့် အခြေခံလူ့အခွင့်အရေးများကိုလည်း နားလည်ကျင့်သုံးနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက် ရေးသား တင်ပြလိုက် ရပေသည်။    ။