ကောင်းမွန်

 

မိမိကျွမ်းကျင်ရာ နယ်ပယ်အလိုက် ဦးဆောင်နိုင်သူ တစ်ဦး၊ ကျွမ်းကျင်သော၊ ထူးခြားသည့် အရည်အချင်းရှိသော ပညာရှင်တစ်ဦးအဖြစ် ရောက်ရှိရေးအတွက် အရည်အချင်းငါးရပ်ကို လေ့ကျင့်ပြုစုပေးသွားဖို့ လိုပါလိမ့်မယ်။

 

အနာဂတ်ဟာ အရည်အသွေးပြည့်ဝသူတွေ အတွက်ဖြစ်တဲ့အလျောက် ဘက်စုံအရည်အချင်း ပြည့်ဝကြသလို နည်းပညာပိုင်း အရည်အချင်းလည်း ပြည့်ဝလျက် အများပြည်သူနဲ့ဆက်ဆံရေး၊ အထူးသဖြင့် ညှိနှိုင်းဆွေးနွေးမှုအပိုင်းမှာ ထူးချွန်ပြီး အများနှစ်သက်တဲ့ ဆက်ဆံရေးအပိုင်း ကောင်းမွန်သူတစ်ဦးဖြစ်ဖို့ အရေးကြီးပါတယ်။ သို့ဖြစ်၍နေ့စဉ်နေ့တိုင်း၊ နေရာတိုင်းမှာ လေ့လာ မှတ်သားတတ်တဲ့အကျင့်ကို ပြုစုပျိုးထောင်ဖို့ လိုပါတယ်။

 

မည်သည့်နယ်ပယ်မှာဖြစ်စေ၊ မည်သည့်လုပ်ငန်း ကို လုပ်ကိုင်သည်ဖြစ်စေ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေဖို့ အောက်ဖော်ပြပါ အရည်အချင်းငါးရပ်ကို လေ့ကျင့်ပျိုးထောင်သင့်ပါတယ် -

 

(၁) အခွင့်အရေးတိုင်းကို ကောင်းစွာအသုံးချပါ။

 

မူလဆောင်းပါးရှင်ဟာ ဆံပင်ပုံသွင်းပုံဖော်သူ ပညာရှင်တစ်ဦးအနေနဲ့ ဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။ သို့ဖြစ်၍ ယခုနောက်ပိုင်း ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲ တွေမှာ မကြာခဏဆိုသလို မေးမြန်းခံရသည်မှာ ဆွေးနွေးပွဲတွေမှာ အဓိကဟောပြောသူ တစ်ဦး၊ စာရေးဆရာ တစ်ဦး၊ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ မိန့်ခွန်း တွေအတွက် အကြံပြုရသူတစ်ဦး ဖြစ်လာစေဖို့ဘယ်လို လေ့ကျင့်ခဲ့သလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ။

 

အဖြေက ရိုးရိုးစင်းစင်းလေးပါ။ အခါအခွင့်သင့်တိုင်း ပေါ်လာတတ်တဲ့ အခွင့်အရေးကို သတိ ပြုမိတတ်အောင် လေ့လာတာနဲ့ ယင်းတို့ကို အသုံးချ တတ်ခြင်းပဲ ဖြစ်ပါတယ်။

 

အခွင့်အလမ်းဆိုတာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပေါ်လာတတ်တာ မဟုတ်ပါ။ အချိန်တိုင်း၊ နေရာ တိုင်းမှာ ဖြစ်ပေါ်တတ်ပေမယ့် မိမိတို့က အခွင့် အလမ်းရဲ့ အသုံးပြုခြင်းကို သတိမထားမိခြင်းပဲ ဖြစ်ပါတယ်။

 

ဤနေရာမှာ အခွင့်အလမ်းဆိုတာနဲ့ပတ်သက်ပြီး မိမိငယ်စဉ်က ဖတ်ဖူးခဲ့တဲ့ ဆရာနန္ဒာသိန်းဇံရဲ့ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” ဆိုတဲ့ စာအုပ်ထဲမှာ ရှင်းလင်းဖော်ပြထားတဲ့ အခွင့်အလမ်းကို မှတ်မိသလောက် ပြန်လည်မျှဝေလိုပါတယ်။ အခွင့်အလမ်းဆိုတာကို လမ်းလေးခွဆုံမှာချထားပြီး မျက်နှာမှာ ဆံပင်တွေ ဖုံးနေကာ ခြေ၊ လက်တွေမှာ အတောင်ပံတွေပါတဲ့ ရုပ်တုတစ်ခုနဲ့ တင်စားထားတာပါ။ အခွင့်အလမ်းဆိုတာ မိမိတို့ထံပါးကို ရောက်ရှိလာတတ်ပေမယ့် မျက်စိကို ဆံပင်တွေ ဖုံးနေသလိုမျိုး အခြားသော အခြင်းအရာတွေနဲ့ အခွင့်အလမ်းကို သတိမပြုမိ ဖြစ်တတ်ပါတယ်။ အတောင်အလက်ပါပြီး အဝေးကို ပျံသွားသလိုမျိုး အခွင့်အလမ်းက ရောက်ရှိလာပြီး မကြာမီမှာပဲ အလျင်အမြန် ထွက်သွားတတ်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုလောက်က ဖတ်ထားမိတာကို မှတ်မိသလောက် ပြန်ဝေမျှလိုက်ပါတယ်။ စာသားအသုံးအနှုန်း ကွာခြားမှုတွေ၊ တင်ဆက်မှု ခြားနားချက်တွေအတွက် တောင်းပန်ရင်း အတိအကျ ဖတ်မှတ်လေ့လာနိုင်ဖို့ ယင်းစာအုပ်ကို ရည်ညွှန်းလိုပါတယ်။

 

ဒီနေ့ အသုံးပြုနေကြတဲ့ အမျိုးမျိုးသော တယ်လီဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေ၊ စမတ်ဖုန်းတွေရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့် ကနဦးတယ်လီဖုန်းကို တီထွင်ခဲ့တဲ့ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ကလည်း အခွင့်အလမ်း နဲ့ပတ်သက်ပြီး ရှင်းလင်းဖွင့်ဆိုထားဖူးပါတယ်။ ၎င်းကတော့ အခွင့်အလမ်းကို တံခါးချပ်တွေနဲ့ တင်စားထားတာပါ။ တံခါးချပ်တစ်ခု ပိတ်သွားချိန်မှာ အခြားတစ်ချပ်က ပွင့်လာတတ်ပါတယ်။ သို့ပေမယ့် ပိတ်သွားတဲ့တံခါးချပ် အပေါ်မှာ အချိန်ကြာမြင့်စွာ အာရုံစိုက်ကြည့်နေတတ်လို့ အခြားတစ်ဖက်က မိမိတို့အတွက် ပွင့်လာတဲ့ အခွင့်အလမ်းဆိုတဲ့ တံခါးချပ်ကို မမြင်မတွေ့ဖြစ်တတ်တယ်လို့ ဖွင့်ဆို ထားတာ ဖြစ်ပါတယ်။

 

အခွင့်အလမ်းတွေအကြောင်း ပြောနေရင်းက မူလဦးတည်ချက်ဖြစ်တဲ့ မိမိလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှုရရှိစေဖို့ နည်းလမ်းတစ်ရပ်အဖြစ် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ ၎င်းတို့ရဲ့ အောင်မြင်မှုတွေကို ဘယ်ပုံဘယ်နည်းနဲ့ရရှိခဲ့တယ် ဆိုတာကို လေ့လာဖို့လည်း အကြံပြုလိုပါတယ်။

 

(၂) လျော်ကန်သည့် မေးခွန်းများမေးပါ။

 

“မေးပါများ စကားရ” ဆိုတဲ့အတိုင်း မိမိတို့သိလိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတို့ကို မေးမြန်းဖို့လိုပါတယ်။ တစ်ကြိမ်တည်းနဲ့ မေးမြန်းလို့ မရပါက နောက်တစ်ကြိမ် အခွင့်သာရင် ထပ်မံမေးမြန်းသင့်ပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ၎င်းတို့ရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ပတ်သက်ပြီး  မျှဝေဖို့ အသင့်ရှိပါလိမ့်မယ်။ အရေးကြီးတာက ၎င်းတို့ရဲ့ အလေးဂရုပြုမှုနဲ့ တုံ့ပြန်မှုတို့အတွက် လျော်ကန်တဲ့ မေးခွန်းကောင်းတွေ မေးတတ်ဖို့ပဲ ဖြစ်ပါတယ်။ ။

 

အခြားသောသူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အဓိကသော့ချက်က အပြန်အလှန် စကားပြောတာဖြစ်ပြီး ယင်းအတွက် အဓိကကျတာက မှန်ကန်တဲ့၊ ဆီလျော်တဲ့ မေးခွန်းတွေ မေးတတ်ခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောတာကနေ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်သလို ယင်းမှတစ်ဆင့် အံ့သြဖွယ်ကောင်းတဲ့ ရလဒ်ကို ဖြစ်စေတတ်ပါ တယ်။

 

(၃) မိမိရဲ့ လုပ်ငန်းနယ်ပယ်မှာ အပြည့်အဝ အာရုံစိုက်ပါ။

 

အစဉ်လို မိမိကိုယ်ကို မေးမြန်းနေရမယ့် မေးခွန်းနှစ်ခု ရှိပါတယ်။ ပထမမေးခွန်းကတော့ မိမိရဲ့ လုပ်ငန်းအပေါ် မိမိရဲ့ အလုပ်ရှင်၊ မိမိရဲ့ လုပ်ငန်းဌာန၊ အဖွဲ့အစည်းအပေါ် မည်သို့မည်ပုံ အထောက်အကူ ပြုစေနိုင်မလဲဆိုတာပါပဲ။

 

ဒုတိယမေးခွန်းကတော့ လုပ်ငန်းပိုင်းနဲ့ ပတ်သက်ပြီး မှီခိုအားထားခံရသူ၊ အလေးထားခံရသူတစ်ဦး ဖြစ်လာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး မိမိကိုယ်ကို အစဉ်မေးမြန်းနေမယ်၊ ယင်းအတွက်လည်း ကြိုးပမ်းအားထုတ်နေမယ်ဆိုရင်တော့ မိမိက ပေးဆပ်လိုက်ရတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

 

(၄)စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းတို့ကို အသုံးပြုပါ။

 

မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိလုပ်ငန်းပိုင်းနဲ့ဖြစ်စေ အကောင်းဆုံးဖြစ်စေဖို့ ဘယ်လိုတင်ဆက်ရမယ် ဆိုတာကို အစဉ်စဉ်းစားထားသင့်ပါတယ်။ မိမိလုပ်ငန်းပိုင်းဆိုင်ရာ ကွန်ရက်ကို တည်ဆောက်နိုင်ဖို့ ယင်းအတွက် တစ်ဖက်သားရဲ့ ခေါင်းထဲမှာ စွဲမြဲနေစေမယ့် ဇာတ်လမ်းတွေကို စဉ်းစားထားသင့်ပါတယ်။ တစ်ခါတစ်ရံတော့လည်း နောက်ခံမှာ အသာလေး မှေးဝင်တတ်ဖို့ လိုပါတယ်။ ။

 

မိမိတို့အများစုက အခြေအနေအချို့မှာ ရှက်ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ သို့သော်လည်း မိမိလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး အလေးထားခံရသူ၊ မှီခိုအားထားခံရသူ တစ်ဦးဖြစ်ဖို့ဆိုရင်တော့ လိုအပ်ရင် လိုအပ်သလို ရှေ့ထွက်ပြောဆိုတတ်ဖို့ လိုပါတယ်။

 

အများရှေ့မှောက်သို့ရောက်နေပြီး မိမိကိုယ်ကို တင်ဆက်ရတော့မယ့် အခြေအနေမျိုးမှာ မည်သို့ တင်ဆက်ပါမလဲ။ သင့်အနေနဲ့ မည်သည့်လုပ်ငန်းကို လုပ်ကိုင်ပါသလဲ။ မိမိရဲ့ အလုပ်မှာ ဘာတွေ လုပ်ဆောင်သလဲလို့ အများကမေးလာတဲ့အခါမှာ ၎င်းတို့ရဲ့ ဦးနှောက်ထဲမှာ စွဲသွားစေဖို့ ဘယ်ပုံဘယ်နည်းနဲ့ တင်ဆက်ပါမလဲ။ ယင်းအတွက် တစ်ပါးသူတွေရဲ့ ခေါင်းထဲမှာ စွဲသွားစေဖို့ တစ်ကြောင်းဝါကျလေး တွေကို စဉ်းစားထားဖို့ အကြံပြုလိုပါတယ်။

 

မိမိတို့ရဲ့ လုပ်ငန်းပိုင်း၊ မိမိတို့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေကို ရှင်းလင်း မြင်သာတဲ့တင်ဆက်မှုမျိုးနဲ့ ပြောပြနိုင်ဖို့စဉ်းစားထားသင့်ပါတယ်။ တစ်ပါးသူတွေအနေနဲ့ သင်ပြောနေတဲ့ စကားတွေထက် သင်ဖန်တီးလိုက်တဲ့ ပုံရိပ်ကို ပိုမိုအမှတ်ရကြမှာ ဖြစ်ပါတယ်။ ။

 

(၅)တစ်ဖက်သားကိုဆွဲဆောင်နိုင်တဲ့ စွမ်းပကားကို ပြုစုပျိုးထောင်ပါ။

 

လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ပြီး တာဝန်ခံနိုင်သူ တစ်ဦးဆိုတာက အခြားသူတွေအပေါ်မှာ ဩဇာသက် ရောက်မှုရှိအောင် မည်သို့လုပ်ရမယ်ဆိုတာ သိရှိနားလည် ထားခြင်းပဲ ဖြစ်ပါတယ်။

 

အမေရိကန်သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ အိုက်စင် ဟောင်ဝါက တစ်ခါက ပြောဖူးပါတယ်။ “ခေါင်းဆောင်မှု ဆိုတာ ဘာကိုလုပ်ဆောင်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ပြီး ယင်းကို အများကလိုလိုလားလား ဆောင်ရွက်လာကြအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းပါပဲ”တဲ့။ ။

 

တစ်ပါးသူအနေနဲ့ လိုလိုလားလားလိုက်နာ ဆောင်ရွက်ကြအောင်၊ ၎င်းတို့အပေါ်သြဇာသက်ရောက်မှု ရှိအောင် မည်သို့လုပ်ရပါမလဲ။

 

စာရေးသူထံမှာ အလုပ်အပ်နှံ ဖူးသူများအနက် တစ်ဦးကတော့ ရစ်ဇ်ကာလ်တန် ဟိုတယ်အုပ်စုက ဥက္ကဋ္ဌဟောင်းပဲ ဖြစ်ပါတယ်။ ၎င်းက ရစ်ဇ်ကာလ်တန်ဟိုတယ်ရဲ့ လုပ်ငန်းခွင်ကို ဝင်ရောက်လာကြမယ့်သူတွေကို ပြောလေ့ရှိတာက “မိမိတို့အားလုံးဟာ လူကြီးလူကောင်းတွေကို ဝန်ဆောင်မှုပေးကြတဲ့ လူကြီးလူကောင်းတွေပဲ ဖြစ်ကြပါတယ်”တဲ့။ မိမိတို့ ဟိုတယ်မှာ လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေဟာ အတွေ့အကြုံကောင်းရချင်လို့ မိမိတို့ဟိုတယ်ရဲ့ ဈေးနှုန်းအတိုင်းပေးပြီး လာရောက်တည်းခိုကြ တာပါ။ ဝန်ထမ်းတွေရဲ့အလုပ်က ဧည့်သည်တွ ေမျှော်မှန်းထားတဲ့ အတွေ့အကြုံကောင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တစ်ဖက်သူတွေက မေးမြန်းလာတဲ့အခါ အဲဒါမိမိရဲ့ လုပ်ငန်းတာဝန်မှာ ဖော်ပြထားခြင်း မရှိဘူးလို့ ဘယ်သောအခါမှ မပြောမိစေဖို့ အရေးကြီးသလို သင်တို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို လုပ်ငန်းခွင်သို့ သယ်ယူမလာဖို့လည်း ထပ်တူအရေးကြီးပါတယ်”တဲ့။ သိသာတဲ့အချက် ကတော့ အဲဒီနည်းလမ်းက ရစ်ဇ်ကာလ်တန်မှာ အလုပ် ဖြစ်နေတယ်ဆိုတာပါပဲ။ ။

 

စာဖတ်သူတွေအနေနဲ့ရော အခြားသူတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ လုပ်ငန်းနယ်ပယ်က အတတ်ပညာရှင် တွေကို အလားတူ ဆွဲဆောင်နိုင်တဲ့ စွမ်းပကားရှိပါသလား။ သင့်ရဲ့ ကုမ္ပဏီ၊ လုပ်ငန်းဌာန၊ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အများရှေ့မှောက်မှာ တင်ပြဖို့အတွက်ဆွဲဆောင် ပြောကြားဖို့ အသင့်ရှိနေပါသလား။ ။

 

လေ့လာမှု အလေ့အထကို နေရာတိုင်း၊ အချိန်တိုင်းမှာ ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ ကနဦး လှုပ်ရှားမှုကို လိုအပ်သလို လုပ်ဆောင်ပါ။ လူအများစုထဲက သင်တို့နဲ့ မတူတဲ့သူတွေ၊ သင်တို့ စဉ်းစားသလိုမျိုး မစဉ်းစားတဲ့ သူတွေနဲ့ တွေ့ဆုံပါ။ ။

 

စာရေးသူအနေနဲ့ တစ်ခါတုန်းက ငါးရက်ကြာကျင်းပတဲ့ ညီလာခံတစ်ခုကို တက်ရောက်ခဲ့တာ အမှတ်ရမိပါတယ်။ ညီလာခံသို့ တက်ရောက်လာသူအများစုက ခရစ်ယာန်ဘုန်းကြီးတွေ ဖြစ်ကြပါတယ်။ စာရေးသူက နံနက်စာသုံးဆောင်ဖို့ ကော်ဖီဆိုင်အသွား ဆိုင်အတွင်း မိမိနဲ့တူညီမှု မရှိဆုံးအုပ်စုကို လေ့လာကြည့်မိပါတယ်။ ယင်းနောက်တော့ ပရိုတက်စတင့်အုပ်စု တစ်မျိုးဖြစ်တဲ့ မင်နိုနိုက် မိသားစုဝင်နှစ်စုနဲ့ အတူတူထိုင်ပြီး နံနက်စာ သုံးဆောင်ဖြစ်ပါတယ်။ ညီလာခံကာလတစ်လျှောက် ပြောဆိုလာလိုက်တာ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေအဖြစ် ရောက်ရှိခဲ့ပါတယ်။ ၎င်းတို့နဲ့ ပိုမိုသိကျွမ်းလာပြီး ၎င်းတို့နဲ့ စကားပြောဆိုရတာကို နှစ်ခြိုက်မိတဲ့အလျောက် ၎င်းတို့အနေနဲ့ ဘာသာကိုသက်ဝင်ယုံကြည်ကြပြီး ဘာကြောင့် ဆိုတာကို ပြောပြနိုင်မလားလို့ မေးမြန်းတဲ့အထိ ရင်းနှီး ခဲ့ပါတယ်။ စာရေးသူအနေနဲ့ ၎င်းတို့နဲ့ တွေ့ဆုံရင်းနှီးခွင့်ရခြင်းအပေါ် ကျေနပ်အားရမိသလို ၎င်းတို့ကလည်း စာရေးသူနဲ့ ရင်းရင်းနှီးနှီး ပြောဆိုခွင့်ရတဲ့အပေါ် ကျေနပ်အားရ ကြတာကို တွေ့ရှိရပါတယ်။ ။

 

သင်တို့ရဲ့ လုပ်ရပ်အရလည်းကောင်း၊ ဖန်တီးလိုက်တဲ့ ဝန်းကျင် အနေအထားအရလည်းကောင်း တစ်ပါးသူတွေကို ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ သက်ဆိုင်ရာလုပ်ငန်းဘာသာ၊ ရပ်အရဖြစ်စေ စိတ်အားတက်ကြွလာအောင် လှုံ့ဆော် နိုင်ပါလိမ့်မယ်။

 

စာဖတ်သူတို့အနေနဲ့ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ပြီး တာဝန်ခံနိုင်သူတစ်ဦးအဖြစ်သို့ ရောက်ရှိလာချိန် မှာတော့ အခြားသူတွေက သင်တို့လုပ်ကိုင်သမျှကို လေ့လာစောင့်ကြည့်ပြီး သင်တို့ပြောကြားတာ မှန်သမျှကို နားထောင်ကြမှာ ဖြစ်ပါတယ်။

 

Ref: “Be a leader in your field.” by Patricia Fripp, an executive speech coach, sales presentation skills trainer and award-winning keynote speaker.

http://library.apiit.edu.my/clipping/be-aleader-in-your-field