တင်ဝင်းလေး(ကြည့်မြင်တိုင်)

‘‘အချစ် ဆိုတာ ပြန်တောင်းလို့လဲ ရကောင်းသောအရာ ဟုတ်ပါသလား သက်လျာဖြေစမ်းပါ’’ တာယာဆိုင်ရှေ့ ဗဟိုလမ်းပေါ်ကနေ တွန်းသွားတဲ့ထီလှည်းဆီက ပျံ့လွင့်လာတဲ့ သီချင်းလေးတစ်ပိုင်းတစ်စကို ဦးခင်ဝင်းက ကြားမိလိုက်ရခြင်းပါ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော် ကြီး ဦးမင်းနောင် သီဆိုခဲ့တဲ့ ‘‘မုန်းရစ်လေဦး’’ ထဲက စာသားလေးအချို့ပါ။ ဟုတ်ပါလိမ့်မယ် အချစ်ဆိုတာ ပြန်တောင်းလို့ရချင်မှရနိုင်ပေမယ့် အတိတ်ဆိုတာကတော့ ပြန်တွေးလို့ ရကောင်းပါတယ်။ ပြန်တွေးလို့လည်း အလွန်ကောင်းတဲ့စိတ်ဝိညာဉ်တစ်ခုပါ။
မိဘများကပေးခဲ့တဲ့အမည်က ကိုခင်ဝင်း၊ ဒါပေမယ့် တာယာလောကမှာ ပေါက်စလို့ပဲ အများကခေါ်ကြတယ်။ သူ့ကို ဒီဗားကရာ တာယာတန်းမှာပဲ မွေးခဲ့တာ၊ သူ မမွေးခင် ကတည်းက ဒီဗားကရာတာယာတန်းကရှိနေ ခဲ့တာ။ သူတို့ပထမနေတာက အောင်မြေဘုံစံကျောင်းဘက်မှာ၊ ညီအစ်ကိုငါးယောက်ထဲမှာ သူကတတိယမြောက်။
တစ်နေ့ အောင်မြေဘုံစံကျောင်းက တာယာတန်းမီးလောင်ခဲ့တယ်။ လူတွေနေဖို့ ကို စမ်းချောင်းထဲက ဦးစံညွန့်လမ်းထဲကိုပြောင်းခဲ့ကြရတယ်။ မကြာပါဘူး လုပ်ငန်း အဆင်ပြေဖို့အတွက် သာသနာ့အောင်လံကျောင်းနားကို ၁၉၈၀ ပြည့်နှစ်လောက်မှာ ပြန်ပြောင်းခဲ့ကြရတယ်။
နည်းနည်းကြီးလာလို့ အမေပြောပြတာ ကတော့ ဗားကရာလမ်းနဲ့ အခုဗဟိုလမ်း (အရင်တုန်းကခေါ်တာကတော့ ရှမ်းလမ်း)ထောင့်မှာရှိနေတဲ့ အမက ကျောင်းလေးရယ် ပြန်/ဆက်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ အဲဒီအနောက်ဘက်ကို ဦးလူလေးကုန်းလို့ခေါ်ကြ တယ်။ အဲဒီနေရာမှာ အခုရုံးတွေ မရှိခင်တုန်း ကလူတွေရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေး တဲ့ နိဗ္ဗာန်ယာဉ်လုပ်ငန်းဆိုင်ကြီးတစ်ဆိုင်ရှိ ခဲ့ဖူးတယ်လို့ အမေပြောထားတာကို မှတ်မိနေခဲ့တယ်။ နောက်တစ်ခု ကိုယ်တိုင်မြင်တွေ့ ရပြီး မှတ်မှတ်ထင်ထင်ရှိနေတာက တော်လှန်ရေးနေ့ပါ၊ တပ်မတော်နေ့ပါ။
အဲဒီတုန်းက တပ်မတော်သားတွေ ချီတက် တာက အခုလိုမနက်ပိုင်းမဟုတ်ဘူး၊ ညနေစောင်းပါ မီးတုတ်ကြီးတွေကိုင် စစ်သီချင်းတွေ ပြိုင်တူဆိုကြပြီး ဒီဗားကရာလမ်းပေါ်ကနေ တော်လှန်ရေးပန်းခြံအထိ ချီတက်သွားကြတာ သိပ်ကြည့်လို့ကောင်းတာပဲ။
အရွယ်လေးရောက်လာလို့ မှတ်မိလာတဲ့ အချိန်မှာဆို သိရတာက ဗားကရာလမ်းမြောက်ဘက်အခြမ်းမှာ စောစောကပြောပြ ခဲ့တဲ့ ဦးလူလေးကုန်းဘက်က သာသနာ့အောင်လံကျောင်းနားမှာ ဦးတင်မောင်အေးဆိုင်၊ အဖေ ဦးလှမောင်နဲ့ အမေ ဒေါ်ခင် သန်းဆိုင်၊ ဦးမောင်စိုး၊ ဒေါ်ဂျမ်းဆိုင်၊ ဦးသန်းမောင်(လက်ကားကြီး)ဆိုင်တွေရှိနေခဲ့တာ။
ဗားကရာလမ်းတောင်ဘက်အခြမ်းမှာဆို လမ်းထောင့်မှာက အောင်မင်္ဂလာကျား ကျောင်း (ရှမ်းလမ်းဘက်ကို မျက်နှာမူထား တယ်)၊ ဗားကရာလမ်းပေါ်မှာက ပညာဒီပကျောင်း၊ အောင်မြေဘုံစံကျောင်း၊ ရှမ်းမြောက်ကျောင်းရှိနေတယ်၊ ကျားကျောင်းထောင့်ကနေ စရမယ်ဆို ဦးစစ်မင် - ဒေါ်ထွန်းရီဆိုင်၊ ဦးစိန်လှ - ဒေါ်စန်းအေးဆိုင်၊ ဦးရှမ်းကြီး - ဒေါ်လှမြင့်ဆိုင်၊ ဦးဖိုးလှ - ဒေါ်နှင်းယုံဆိုင်၊ ဦးစိန်ဟန်ဆိုင်တို့ဆိုပြီး ရှိနေတယ်။
အောင်မြေဘုံစံကျောင်းနားမှာဆို ဦးအောင် မောင်းဆိုင်၊ ရှမ်းမြောက်ကျောင်းနားမှာဆို ဦးသိန်းထွန်း ဒေါ်လှအေးဆိုင်၊ ကိုချိုကြီးဆိုင်၊ ဦးလှဖေ ဒေါ်လှဌေးဆိုင်၊ ဦးညိမ်းမောင်ဆိုင်၊ ဦးသောင်းကြည်ဆိုင်တွေရှိနေတယ်။ အဲဒီတုန်း က အခုခေတ်လို ဆိုင်နာမည်တွေကို ဆိုင်းဘုတ်တွေ ရေးချိတ်ကြတာမဟုတ်ဘူး။
တာယာပေါင်းပန်းဖော်လုပ်သူတွေ ရှိသလို၊ တာယာဟောင်းကနေလှီးဖြတ်ပြီး ဆက်စပ် ပစ္စည်းလုပ်သူတွေ အများကြီးရှိနေခဲ့ကြတာ။ အဖေဆို အပိုင်းပေါင်းဖိုလေးနဲ့လုပ်တာ၊ တာယာတစ်လုံးကို လေးငါးခါလောက်အပိုင်း ဖိုထဲလှည့်လှည့်ထည့်ပြီးပေါင်းမှ တစ်လုံးလုံး ပြည့်တာ။ အဲဒီတုန်းက ကားတာယာတွေက နိုင်ငံခြားကနေ အများကြီးမဝင်သေးဘူး၊ တာယာပန်းပါးသွားပြီဆို ပြန်ပေါင်းတင် ပန်းဖော်ပြီးသုံးကြရတာများတယ်။
ကိုပေါက်စတို့ တာယာတန်းကို ဒုတိယ အကြိမ်ပြန်ရောက်လာတော့ တာယာဖိနပ် တွေခေတ်စားလာပြီ၊ မြို့ထဲသိမ်ကြီးဈေးကိုနေ့တိုင်းလိုလိုပို့ပေးနေရတယ်၊ နယ်တွေက အဝယ်လိုက်လာကြပြီ၊ သားရေဖိနပ်အောက်ခံ တာယာပြားတွေ အမှာများလာပြီ။
အဲဒီကျတော့မှ ကိုယ့်ပစ္စည်းကို ကိုယ်ပိုင် အမည်လေးတွေတပ်လာခဲ့ကြတာ၊ ဆိုင်တွေ မှာ အမည်ပေးဆိုင်းဘုတ်လေးတွေ ချိတ်လာ ကြတာ။ ကျွန်တော်တို့ ကိုဖြူဝင်းတို့ ညီအစ်ကို မိသားစုဆိုင်ဆို KK၊ ဦးတင်မောင်အေး (ဗိုလ်တာယာ)ဆို BTY ၊ ဦးရှမ်းကြီး ဒေါ်လှမြင့် က BBB၊ ဦးစိန်လှက SEIN၊ ဦးသန်းမောင် (လက်ကားကြီး)က USA ၊ ဦးသိန်းထွန်းက HERO၊ ဦးအောင်မောင်းက SUN၊ ဦးသန်းမြင့် က BMX ဆိုပြီး ဆိုင်အမည်တံဆိပ်လေးတွေ ကပ်လာကြတယ် အဲဒါကလည်း တစ်ခေတ်ပေါ့။
ဖိနပ်ခေတ်နဲ့တစ်ချိန်တည်းပဲလို့ ပြောရ ရင် တာယာရေပုံးတွေပဲ၊ အထက်အညာဘက် က ရေတွင်းတွေမှာ အရင်က နှီးနဲ့ရက်လုပ်ထား တဲ့ရေပုံးတွေပဲ သုံးကြတာ၊ နောက်ပိုင်းတာယာရေပုံးတွေက အသုံးခံမှန်းသိလာတော့ နှီးရေပုံးအစားတာယာရေပုံးတွေကို ပြောင်း သုံးလာခဲ့ကြတယ်၊ နယ်တွေကို အလွန်ပို့ရ တယ်၊ ရေပုံးကြိုးဆိုလည်း အရင်က လျှော်ကြိုး ကိုပဲသုံးကြပေမယ့် တာယာကြိုးနဲ့တွဲသုံးလာ ကြတယ်၊ အဲဒီတော့ တာယာရေပုံးနဲ့အတူတူ တာယာကြိုးတွေကပါ အရောင်းလိုက်လာကြ တယ်။
တာယာဆိုင်တစ်ဆိုင်မှာဆို ရေပုံးရိုက်တဲ့ လုပ်သားချည်း လေးငါးဦးထားရတယ်၊ ကိုယ့်ဆိုင်မှာကလုပ်သား ၂၀ လောက်မှာ ရေပုံးရိုက်ဖို့ လုပ်သားခုနစ်ဦးလောက်ကို သပ်သပ်ထားရတယ်၊ ပို့လို့ကိုမလောက်နိုင် ခဲ့ဘူး။
ခေတ်တွေကို ပြောရမယ်ဆိုရင် မဆလ ခေတ်လို့ပဲဆိုရမှာပေါ့ အဲဒီအချိန်တုန်းက နိုင်ငံခြားပစ္စည်းတွေ အဝင်မများခဲ့ဘူး၊ ပြည်တွင်းဖြစ်က အတော်နေရာရထားတယ်၊ မော်တော်ကားတွေက အပိုပစ္စည်းဆိုတာ သိပ်မရှိဘူး၊ ကားမှာသုံးတဲ့ ဘွတ်အမျိုးမျိုးနဲ့ နှုတ်ခမ်းမွှေးတန်းစတာတွေပေါ့၊ ဘွတ်ဆို ကားပြင်တဲ့ဝပ်ရှော့က နမူနာဘွတ်လေး ယူလာပြတယ်၊ တစ်ပုံစံတည်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်၊ အဲဒီတော့ ကားဝပ်ရှော့တွေကနောက်ပိုင်း ဘာဘွတ်လိုချင်ချင်ရင် ဒီဗားကရာတာယာတန်းကို လာရှာကြတယ်၊ လုပ်ပြီးသား ဆိုင်တင်ထားတာဆို တစ်ခါတည်း ဝယ်သွားကြတယ်၊ မရှိသေးဘူးဆိုမှ သွားကြ တယ်၊ မော်တော်ကားဘွတ်လောကမှာ နိုင်ငံ ခြားပစ္စည်းမလိုတော့ဘူး၊ စွန့်ပစ်ပစ္စည်း တာယာတွေကနေ တန်ဖိုးရှိအသုံးဝင်ပစ္စည်းတွေဖြစ်လာတယ်၊ နောက်နယ်ဆန်စက် ဆီစက်တွေက ရိုလာဘီးကြီးတွေမှာပါ၊ ဒီတာယာကနေလုပ်တဲ့ Beld Flad ကိုပဲ အားကိုးအသုံးပြုလာကြတယ်၊ အဲဒါကလည်း ဗားကရာတာယာတန်းရဲ့ ရွှေခေတ်ပါပဲ။
ပြောရရင်တော့ စွန့်ပစ်တာယာအဟောင်းကနေ လူအများအသုံးဝင်တဲ့ပစ္စည်းတွေ ဖြစ်အောင် တီထွင်လုပ်ပေးနိုင်ခဲ့တာက ဗားကရာတာယာတန်းက လက်မှုပညာရှင်တွေရဲ့ အတတ်ပညာတွေပါပဲ။
ဒါပေမယ့် နှစ်တွေ ခေတ်တွေဆိုတာက ခိုင်ခိုင်မြဲမြဲအသေရပ်တည်နေတာမှ မဟုတ် တာပဲလေ၊ အချိန်ကာလနဲ့အမျှ အမြဲပြောင်းလဲနေတတ်တဲ့ နိယာမပဲကိုး။
၁၉၈၈ ခုနှစ် အရေးအခင်းကြီးပြီးတဲ့နောက် ၁၉၈၉ ခုနှစ် အကုန်လောက်မှာ ဗားကရာတာယာတန်းကို မုန်တိုင်းတစ်ခု ဝင်လာတယ်၊ အပြောင်းအရွှေ့ကိစ္စတွေပေါ့။ တပ်မတော်အစိုးရခေတ်ဦးပိုင်းမှာ ရပ်ကွက် အတော်များများကို ကျားကွက်ရွှေ့သလိုပါပဲ။ ဟိုအရွှေ့ ဒီအရွေ့မှာ ဗားကရာတာယာတန်း လည်းပါသွားခဲ့တယ်၊ ဒဂုံတောင်ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်သစ်တွေဆီတွေကိုပေါ့။
ကိုပေါက်စတို့လိုဆိုင်တွေ အရောင်း အဝယ်အတွက်ကိုတော့ တာမွေမြို့နယ် မအူ ကုန်းမှာ ပတ္တမြားဈေးသစ်ကြီးဖွင့်ပြီး တစ်ဆိုင် ကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ချပေးလာတယ်။
ဒီနေရာမှာ ‘‘အသစ်တိုင်းဟာ အဟောင်းလောက်အမြဲမကောင်းနိုင်ဘူး’’ ဆိုတဲ့သဘော တရားတစ်ခုကို ကိုပေါက်စ နားလည်လာခဲ့ ရတယ်၊ နေရာသစ်မှာ တစ်နှစ်ကျော်ကျော်လောက်အထိ အရောင်းအဝယ်တွေ မကောင်း ခဲ့ဘူး ဖောက်သည်အဟောင်းတွေ လိုက်မလာ နိုင်ခဲ့ဘူး၊ အဲဒီတော့ နေရာဟောင်းကိုပဲ ပြန်လည်တမ်းတလာကြတယ်၊ သတိရ အောက်မေ့လာကြတယ်။
၁၉၉၂ ခုနှစ်လောက်မှာ ဗားကရာဘက် ဆီကို တစ်ဆိုင်စနှစ်ဆိုင်စဆိုသလို ပြန်ပြောင်း လာခဲ့ကြတယ်။ ဖောက်သည်ဟောင်းတွေကို ပြန်စောင့်ကြတယ် တဖြည်းဖြည်းနဲ့ အရောင်း အဝယ်တွေ ပြန်ကောင်းလာကြတယ်၊ ၂၀၀၀ ပြည့်နှစ်အထိလောက်ပေါ့၊ အရောင်းအဝယ်တွေကောင်းလာတာနဲ့အမျှ ကုန်ကြမ်းဖြစ်တဲ့ တာယာ(ကားဘီး)တွေရှားလာတယ် နယ်တွေ အထိဆင်းဝယ်ရတယ်၊ ဌာနဆိုင်ရာတွေမှာလေလံဆွဲရတယ် ကားဘီးအဟောင်းဈေးကွက် ကဘယ်လောက်အထိ ကောင်းလာသလဲဆို ထိုင်းဘက်ကနေ စက်လှေတွေနဲ့ ဝင်လာခဲ့ဖူး တယ်။
ဒါကလည်း  ပြောင်းလဲခြင်းသဘာ၀ တရားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါခဲ့ ကြတဲ့လူတွေရဲ့စီးမျောခြင်းသဘောတစ်ခုပါပဲလေ။ တာယာဖိနပ်တွေ ခေတ်ကောင်းလာ ခဲ့တယ်၊ နောက်တော့အဲဒီနေရာမှာ ထိုင်းကနေယိုးဒယားဖိနပ်တွေဆိုပြီး ရော်ဘာဖိနပ်တွေအများကြီးဝင်လာတယ်၊ လှတယ် အရည် အသွေးကောင်းတယ်၊ ဈေးသိပ်မများဘူး၊ အဲဒီတော့ တာယာဖိနပ်တွေ တစ်စတစ်စ အရောင်း အဝယ်နည်းလာတယ်။
နောက်တစ်ခါ အညာဒေသက နှီးပုံးတွေ နေရာမှာ တာယာရေပုံးတွေက အစားဝင်သွား နိုင်ခဲ့တယ်၊ အောင်မြင်တယ်၊ အရောင်းအဝယ်တွေ အလွန်ကောင်းခဲ့ကြတယ်၊ တာယာ ရေပုံးတွေနေရာကို ပလတ်စတစ်နဲ့ကော်ရေပုံး တွေက လွှမ်းမိုးလာခဲ့ပြန်တယ်၊ တာယာရေပုံးတွေအဝယ်မလိုက်တော့ဘူး၊ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ တစ်ခေတ်ထ လာတော့ အကြမ်းခံတဲ့တာယာရေပုံးတွေကိုပဲ အဓိကသုံးလာကြပြန်တယ်။
နိုင်ငံခြားကနေ ကားအပိုပစ္စည်းတွေ သွင်းလာခွင့်ရတော့ တာယာနဲ့အစားထိုး သုံးနေတဲ့လက်လုပ်ပစ္စည်းတွေ အသုံးနည်း သွားရပြန်ရော ။
နောက်ပိုင်းမှာ တာယာကနေ အခြား လူသုံးပစ္စည်းတွေ တီထွင်လာကြတယ်၊ အမှိုက် ပုံးလို  ရေလှောင်ပုံးလိုပေါ့။  နောက်တစ်ခါ သစ်သားရှားလာတော့ ငါးမွေးမြူရေးကန်တွေ မှာသုံးတဲ့ ရေဒယက်သစ်သားပြားတွေအစား တာယာပြားတွေကို အစားထိုးသုံးလာကြ တယ်၊ နောက်ဆုံးတီထွင်ဆန်းသစ်ခြင်းနဲ့ အတူ အလှအပပန်းချီခြယ်မှုန်းထားတဲ့ ပန်းအိုး ကြီးတွေဖြစ်လာတယ်၊ အခုဆို ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့နဲ့ လှိုင် မြို့နယ်အတွင်းမှာ ဒီလိုအလှခြယ်ပန်းအိုးကြီးတွေချထားတယ်၊ ဒါကလည်း စွန့်ပစ်ပစ္စည်း အဟောင်းကို သူ့နေရာနဲ့သူ အသုံးတည့်အောင် ဖန်တီးနိုင်ခြင်း အကျိုးတစ်ခုပါပဲ။
အခုဆို တာယာတန်းလို့ ပြောလို့ရနိုင်သေးတဲ့ ဗားကရာချောက်အနီး ဗဟိုလမ်း (ရှမ်းလမ်း)ထဲမှာ ကိုပေါက်စတို့ဆိုင်အပါ အဝင် တာယာဆိုင်လေး လေးငါးဆိုင်က ကျိုးတိုးကျဲတဲနဲ့ အပင်ကြီးတစ်ပင်အောက်ကလောင်းရိပ်မိနေတဲ့အပင်လေးများလို ရှိနေပါသေးတယ်။
ကိုပေါက်စ အတွေးတွေက အဆုံးမရှိ လွင့်မျောရင်းက မိမိတို့ တာယာလုပ်ငန်း အပေါ် ဖြစ်လာစေချင်တဲ့ စိတ်ကူးလေးကပါ ရောစွက်လာခဲ့တယ်၊ မိမိတို့ ရန်ကုန်မြို့ကြီး မှာကမော်တော်ကားတွေ တစ်နေ့တစ်နေ့ သိန်းသောင်းချီသွားလာနေကြတယ်၊ တာယာ ဘီးဆိုတာက လမ်းနဲ့ပွတ်တိုက်ပြီး ကာလ တစ်ခုအထိပဲခံတာ နောက်တာယာပန်းတွေ ပါးသွားပြီဆို နောက်အသစ်တစ်လုံးဝယ်လဲ ကြတာ၊ အရင်ခေတ်ကလို တာယာဟောင်းကိုပေါင်းတင်ပြီး ပြန်သုံးကြတာမဟုတ်တော့ဘူး။ဟောင်းသွားပြီဆို အပိုစွန့်ပစ်ပစ္စည်းဖြစ်သွား ပြီ။
သိန်းချီသွားလာနေတဲ့ ရန်ကုန်မြို့က ကားတွေက မလိုအပ်လို့စွန့်ပစ်လာတဲ့ ကားဘီး အဟောင်းတွေ ဘယ်အတိုင်းအတာအထိ ရာပုံထောင်ပုံဖြစ်လာမှာလည်း မစဉ်းစားတတ်တော့။
သူတို့လို စွန့်ပစ်တာယာကနေလူသုံးကုန်၊ စက်အစားထိုးပစ္စည်း အမျိုးမျိုးဖြစ်အောင် တီထွင်နိုင်မှုကြောင့်သာ ရန်ကုန်မြို့ကြီးမှာ စွန့်ပစ်ကားတာယာပုံကြီး မဖြစ်လာနိုင်တာ ပါ၊ တကယ်လို့သာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးက လမ်းတွေ၊ လူစည်ကားရာနေရာ တွေမှာချထားတဲ့ ပလတ်စတစ်ပုံးကြီးများ အစား သံချောင်းလေး လေးချောင်းထောင် ပလတ်စတစ်အိတ်ပါးပါးလေးနဲ့ချိတ်ထားတဲ့ အမှိုက်ပုံးများအစား အခုလို စွန့်ပစ်ရမယ့် တာယာအဟောင်းများနဲ့ တီထွင်အလှ ဆင်ခြယ်သထားတဲ့ အမှိုက်ပုံးများနဲ့ အစားထိုး ဆောင်ရွက်လာရင်ဖြင့် စွန့်ပစ်ရမယ့် တာယာ အမှိုက်တွေကလည်း ပြန်အသုံးဝင်၊ ဌာနဆိုင်ရာ အသုံးစရိတ်လည်းသက်သာ၊ မြို့တော်ကြီး လည်းလှပ၊ ဒါ့အပြင် သူတို့လို ဘဝတူတာယာ သမားတွေရဲ့ ဘ၀ အခုထက် ပိုမိုအခြေအနေကောင်းလာနိုင်မယ်လို့ အတွေးပုံရိပ်ကို စိတ်ကူးနဲ့ပုံဖော်လွင့်မျောနေတုန်းမှာ လမ်း ပေါ်က ကျယ်လောင်လှတဲ့ ကားဟွန်းသံကြောင့် ရုတ်တရက်လန့်ဖျပ်ပြီး သြော်--- အချစ်ဆိုတာ ပြန်တောင်းလို့ ရကောင်းရနိုင်ပေမယ့် တစ်ခေတ်တစ်ခါက ရွှေရောင်လွှမ်းခဲ့ တဲ့ ဗားကရာတာယာတန်းရဲ့ အတိတ်ကိုတော့ ပြန်တွေးလို့ပဲ ရနိုင်တော့မှာပါလေ-- --- ။
မြန်မာ့အလင်း ယနေ့ရန်ကုန်