ဆွေဦးဝေ

နှလုံးသားမှာနူးညံ့သိမ်မွေ့စွာ ခံစားရမှုတွေကို အရောင်တွေနဲ့ပုံဖော်ပြီး ကြည့်ရှုသူတွေရဲ့ရင်ထဲအထိ ရသမျိုးစုံစီးမျောစေတဲ့ ပန်းချီလက်ရာတွေ မြန်မာနိုင်ငံမှာများစွာရှိနေပါတယ်။ ရင်ထဲမှာစူးနစ်ဝင်ရောက်နေတဲ့ စိတ်ခံစားမှုအတွေးတွေကို လွင့်မျောစွာစေစားရင်း စုပ်ချက်တွေနဲ့အတူ ဂန္ထဝင်မြောက်ပုံရိပ်တွေ ဖော်ဆောင်နိုင်တဲ့ ပါရမီရှင်ပန်းချီဆရာကြီးတွေလည်း အများအပြားရှိနေပါတယ်။ ဒီလိုဆရာတွေရဲ့ လက်ရာမြောက်ပန်းချီ ကားတွေ စုစည်းပြသမယ့် ပန်းချီပြတိုက်ကတော့ ရန်ကုန်မြို့မှာ မကြာခင် ပေါ်ထွက်လာဖို့ ရှိနေပြီဖြစ်ပါတယ်။
ဒီပန်းချီပြတိုက်ကတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ ချင်းချောင်းနန်းတော် အဆောက်အအုံပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ပန်းချီ ပြတိုက်တစ်ခု ထွက်ပေါ်လာဖို့အတွက် ချင်းချောင်းနန်းတော်ကို ပြင်ဆင်မှုတွေပြုလုပ် နေတာဖြစ်ပြီး ဒီ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ ဒီအဆောက်အအုံကို မူလလက်ရာပုံစံအတိုင်း မထိခိုက် မပျက်စီးစေဘဲ ပြင်ဆင်မှုတွေပြုလုပ် နေတာဖြစ်ပါတယ်။
နိုင်ငံခြားဧည့်သည် အများဆုံး
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံတကာကူးလူးဆက်ဆံရေး၊ ပြည်တွင်း ပြည်ပကုန်သွယ်ရေးတွေမှာ အဓိကကျတဲ့ မြို့ကြီး တစ်မြို့လည်း ဖြစ်ပါတယ်။ ရှေးဟောင်းမြို့ပြအမွေအနှစ် အဆောက်အအုံ တွေတည်ရှိရာ မြို့တစ်မြို့ဖြစ်သလို နိုင်ငံခြား ဧည့်သည်တွေ အဝင်အထွက်ပြုလုပ်ရာ အများဆုံးမြို့လည်းဖြစ်တယ်။ ဒီလိုအခြေ အနေတွေ တည်ရှိနေတဲ့ ရန်ကုန်မြို့မှာ နိုင်ငံ တကာမှလာရောက်တဲ့ ခရီးသွားဧည့်သည် တွေ၊ ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ ပြည်သူတွေအတွက် ခံ့ထည်တဲ့ပန်းချီပြတိုက် တစ်ခုတည်ရှိနေဖို့ လိုအပ်တာတော့ အမှန်ပါ ပဲ။
ချင်းချောင်းနန်းတော်ကို
ပန်းချီပြတိုက်အဖြစ် ထားရှိ
ဒီလိုအနေအထားတွေ ကြောင့်ရော၊ မြန်မာ့ပန်းချီဆရာကြီးတွေရဲ့ လက်ရာကောင်း တွေကို ဂုဏ်သရေရှိစွာ ပြသနိုင်ဖို့အတွက် သာမက မြန်မာ့ပန်းချီလောကအတွက် လိုအပ်နေတဲ့ ပန်းချီပြတိုက်တစ်ခုကို ဖော်ဆောင်နေတာမို့ ဝမ်းသာစရာဖြစ်ပါ တယ်။ ချင်းချောင်းနန်းတော်ကို ပန်းချီပြတိုက် အဖြစ်ထားရှိနိုင်ဖို့ ပန်းချီဆရာကြီး ဦးလွန်း ကြွယ်၊ ပန်းချီလှတင်ထွန်းနဲ့ ပန်းချီစိုးမိုးတို့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ တွေ့ဆုံစဉ်မှာ မေတ္တာရပ်ခံ ခဲ့တာကြောင့် ခွင့်ပြုလုပ်ဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ချင်းချောင်းနန်းတော်ကို ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ပန်းချီကား တွေ ခင်းကျင်းပြသ၊ ချိတ်ဆွဲမယ့်နေရာတွေ ကိုလည်း သတ်မှတ်စီစဉ်မှုတွေပြုလုပ်နေပါတယ်။ တကယ်တော့ နိုင်ငံတကာမြို့ကြီးတွေ မှာလို ခင်းကျင်းပြသထားတဲ့
သီးခြားပန်းချီပြတိုက်လိုမျိုး ရန်ကုန်မြို့မှာ ရှိသင့်နေတာ အချိန်ကြာနေပြီဖြစ်ပါတယ်။ အခုလို သက်တမ်းရာကျော်အဆောက်အအုံ မှာ ခင်းကျင်းပြသနိုင်ဖို့ ဆောင်ရွက်နေတာဟာ ကြိုဆိုရမှာဖြစ်ပါတယ်။
ဒီချင်းချောင်းနန်းတော်ကို တရုတ်လူမျိုး သူဌေး လင်ချင်းချောင်းက ၁၉၁၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၁၉ ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ လို စီးပွားရေးလုပ်ငန်းအတွက် သွားရောက် ခဲ့တဲ့ လင်ချင်းချောင်းဟာ ဒီအဆောက်အအုံကို အနောက်တိုင်းဗိသုကာလက်ရာတွေနဲ့ တရုတ် ဗိသုကာလက်ရာတွေ ပေါင်းစပ်ရောယှက်ပြီး စိတ်တိုင်းကျ ဒီဇိုင်းပုံစံနဲ့တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအဆောက် အအုံမှာ သုံးစွဲတည်ဆောက်ခဲ့တဲ့ ကုန်ကြမ်း တွေဟာ အီတလီနဲ့တရုတ်နိုင်ငံက သယ်ဆောင် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းချောင်းနန်းတော်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာတည်ရှိတဲ့ နွေရာသီစံနန်းတော် ပုံစံဖြစ်သလို မျှော်စင်လည်းပါရှိတာမို့ ရန်ကုန် မြို့ကို အဲဒီအချိန်တုန်းကအပေါ်စီးမှ လှည့်ပတ် ကြည့်ရှုတဲ့အခါ မတူညီတဲ့မြင်ကွင်းတွေကို လည်း ခံစားရအောင်လည်း ထည့်သွင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ များပြားလာတာမို့ တချို့မြင်ကွင်းတွေက အဟန့်အတားတွေကြောင့် လွတ်လပ်စွာခံစားလို့မရတော့ပါဘူး။
ချင်းချောင်းနန်းတော်ရဲ့ အပေါ်ထပ်မှာ နံရံဆေးရေးပန်းချီတွေ ရှိပါတယ်။ အဲဒီပန်းချီ လက်ရာတွေက နာမည်ကျော်ဗြိတိသျှ ပန်းချီ ဆရာတွေဖြစ်တဲ့ Emest နဲ့ Doc Proctor တို့က ရေးဆွဲထားတာဖြစ်ပါတယ်။ အဲဒီအချိန် တုန်းက သူတွေအနေနဲ့ နာမည်ကျော် ပန်းချီ ဆရာတွေ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် တရုတ်သူဌေးလင်ချင်းချောင်းဟာ ပန်းချီကားတွေကို စိတ်ဝင်စားတဲ့သူ တစ်ဦး ဖြစ်လို့ သူရဲ့ချင်းချောင်းနန်းတော်အတွင်းမှာ ပန်းချီလက်ရာတွေ ထည့်သွင်းရေးဆွဲစေခဲ့တာ ဖြစ်ပါတယ်။
တရုတ်သူဌေး လင်ချင်းချောင်းဟာ ဒီချင်းချောင်းနန်းတော် အဆောက်အအုံကို တည်ဆောက်ပြီး လေးနှစ်အကြာ ၁၉၂၃ ခုနှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့ အခါ ဗြိတိသျှတို့က ဒီအဆောက်အအုံကို သိမ်းပိုက်ခဲ့ပြီး ဧည့်သည်တွေကို ရံဖန်ရံခါ ပြသ ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂျပန်ခေတ်မှာ ဗမာ နိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန အဖြစ်အသုံးပြု ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၅၀ ပြည့်နှစ် တွေမှာတော့ ရှမ်းပြည်နယ်က ဧည့်သည်တော် တွေတည်းခိုတဲ့ ကမ္ဘောဇရိပ်သာ ဖြစ်ခဲ့ပြန်ပါ တယ်။
အဲဒီနောက်ပိုင်းမှာ စီးပွားရေးတက္ကသိုလ် မိန်းကလေးဆောင်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီရုံးစတဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တဲ့အပြင် ဒီဝင်းထဲမှာယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အနု ပညာအထက်တန်းကျောင်းကိုလည်း ဖွင့်လှစ် ခဲ့ပါတယ်။ ၁၉၉၃-ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) အဖြစ်လည်း ဖွင့်လှစ်ခဲ့ပါတယ်။ အခုချိန် မှာတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနပိုင်တဲ့ အဆောက်အအုံအဖြစ် တည်ရှိ နေပြီး အသုံးပြုမှုမရှိတာမို့ အခုလိုပန်းချီ ပြတိုက်အဖြစ် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီပန်းချီပြတိုက်အဖြစ် ပြင်ဆင်ပြီးသွားရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ ခန့်က ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး ဦးဘဉာဏ်ရဲ့ ပန်းချီကားတွေ၊ ခေတ်ပြိုင်ပန်းချီကားတွေ၊ ရိုးရာပန်းချီကား တွေကို စနစ်တကျ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ နေပြည်တော် တို့မှာရှိတဲ့ အမျိုးသားပြတိုက်တွေမှာ စုဆောင်း ထားရှိတဲ့ ပန်းချီကားတွေ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်မှာ စုဆောင်းထားရှိတဲ့ ပန်းချီကားတွေကို စုစည်းပြီး သူ့နေရာနဲ့ သူ ခေတ်အလိုက် ခင်းကျင်းပြသသွားဖို့လည်း စီစဉ်နေကြောင်း သိရပါသည်။
ဒီလိုဆောင်ရွက်မှုတွေ ပြုလုပ်နေတာမို့ ရန်ကုန်မြို့မှာ မကြာခင်ကာလမှာတော့ ပန်းချီ ပြတိုက်တစ်ခု ပီပီပြင်ပြင်ထွက်ပေါ်လာ တော့မှာ ဖြစ်ပါတယ်။ ရှေးဟောင်းသက်တမ်း ရာပြည့်အဆောက်အဦမှာ အဓိပ္ပာယ်ပြည့်ဝပြီး သမိုင်းတန်ဖိုးရှိတဲ့ ပန်းချီကားတွေရော၊ ခေတ်ပြိုင်ပန်းချီကားတွေပါ ခင်းကျင်းပြသ မယ့် ပန်းချီပြတိုက်ကြောင့် ရန်ကုန်မြို့ရဲ့ ဂုဏ်ဒြပ်ဟာကြီးမြတ်နေဦးမှာ ဖြစ်ပါတယ်။
မြန်မာ့အလင်း ယနေ့ရန်ကုန်