ထွန်းသစ်စ
နယ်စပ်ဖြတ်ကျော်ခွင့်ရက်ကို ထပ်မံသက်တမ်းတိုးမြှင့်ပေးရေးမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ဟာ လက်နက်ကိုင်တွေထိန်းချုပ်ထားရာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို နယ်စပ်ဖြတ်ကျော်လူသားချင်းဆိုင်ရာ အကူအညီပေးမှုများမလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ရတဲ့အတွက် ဗုံးကြဲတိုက်ခိုက်မှုကို လအတော်ကြာခံစားခဲ့ရပြီး ခဲရာခဲဆစ်အသက်ရှင်သန်ခဲ့ရတဲ့ နာဆော်လ်တန်ဟာ အခုအခါမှာတော့ သူ့ရဲ့ ကလေး ၁၀ ယောက် ငတ်သေမလား ဒါမှမဟုတ် ကိုဗစ်- ၁၉ ကူးစက်ခံရမလားဆိုပြီး စိုးရိမ်စိတ်တွေဖြစ်ပေါ်နေပါတယ်။
အသက်ရှင်ဖို့ ခက်ခဲ
ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က သက်တမ်းတိုးမြှင့်ဖို့ကို ဗီတိုအာဏာနဲ့ ပယ်ချလိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြစ်တဲ့ တူရကီနယ်စပ် ကိုဖြတ်ပြီး အကူအညီပေးရေးဆိုင်ရာ ခွင့်ပြုချက်ဟာ ဇူလိုင် ၁၁ ရက်က ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။
ကုလသမဂ္ဂက အပြန်အလှန်စေ့စပ်ညှိနှိုင်း မှုမှာ မအောင်မြင်ခဲ့တဲ့အတွက် လူသားချင်းဆိုင်ရာ အကူအညီပေးရေးကို မျှော်လင့်စောင့်ဆိုင်းနေရတဲ့ လူသားပေါင်း ၂ ဒသမ ၈ သန်းအတွက် အသက်ရှင်သန်ဖို့ အခြေအနေတွေဟာ ခက်ခဲနေပါတယ်။
ငတ်မွတ်ခြင်းဘေးတွေ ဆိုက်ရောက်တော့မယ်
ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့ဟာ ထောက်ခံမှုတွေရရှိအောင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အဲဒီအခြေအနေကို အကောင်းဆုံးဖြစ်အောင် ၂၀၁၄ ခုနှစ်ကတည်းက ကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်း ဆီးရီးယား မဟာမိတ် ရုရှားကတော့ ယခုသီတင်းပတ်မှာ ပထမဆုံး ကိုဗစ်- ၁၉ တွေ့ရှိခဲ့ပြီး အခြေအနေတွေ ရှုပ်ထွေးနေတဲ့ နိုင်ငံမြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ ပိုပြီးရှုပ်ထွေးမှုတွေ ဖြစ်လာမှာကို မလိုလားပါဘူး။
လူဦးရေထူထပ်တဲ့ အီဒလစ်ရဲ့ရွှေ့ပြောင်းစခန်းမှာရှိတဲ့ အသက် ၄၅ နှစ်အရွယ် နာဆော်လ်တန်က အကူအညီမရတဲ့ ဘ၀ဟာ ငတ်မွတ်မှုတွေကို ကြုံတွေ့ရတော့မယ်လို့ပြောလိုက်သလို ရွှေ့ပြောင်းစခန်းမှာရှိတဲ့သူအများစုဟာ ကိုးနှစ်ကြာ ဆီးရီးယားစစ်ပွဲကြောင့် သူတို့ရဲ့အိမ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။
ကျွန်တော်တို့လည်း အိမ်တွေဆုံးရှုံးခဲ့ရတယ်။ ထို့အတူ ကျွန်တော်တို့ မြေတွေ အသက်အိုးအိမ်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ သူတို့ပေးမယ့်အကူအညီဟာ ကျွန်တော်တို့အလိုရှိတဲ့ အရာပဲဖြစ်တယ်လို့ မာရက်စ်မက်စ်ရင် မြို့အနီးမှာရှိတဲ့ ရွှေ့ပြောင်းစခန်းမှာနေတဲ့ နာဆော်လ်တန်က ပြောလိုက်ပါတယ်။
အကယ်၍များ အကူအညီမရဘူးဆိုပါက ကျွန်တော် တို့တွေ ငတ်မွတ်ခြင်းဘေးတွေ ဆိုက်ရောက်နိုင်တယ်လို့ သူက ဆက်လက်ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးဆိုးကျိုးတွေ ခံစားရတော့မယ်
အီဒလစ်ဒေသဟာ ဆီးရီးယားနိုင်ငံရဲ့ အတိုက်အခံ အင်အားစုတွေနေထိုင်ရာ နောက်ဆုံးနေရာတစ်ခုဖြစ်ပါ တယ်။ အဲဒီနေရာမှာပဲ ဒေသခံတွေကလည်း သုံးသန်းလောက်နေထိုင်နေကြပါတယ်။ သူတို့ထဲက ထက်ဝက်လောက်ဟာ တခြားဒေသတွေကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
နာဆော်လ်တန်မိသားစုဟာ တောင်ပိုင်းအီဒလစ်မှာရှိတဲ့ သူတို့မြို့ကနေပြီးတော့ တူရကီနယ်စပ်နားက ပိုပြီး ဘေးအန္တရာယ်ကင်းတဲ့နေရာကို ထွက်ပြေးလာကြတာဖြစ်ပါတယ်။ ဒီဇင်ဘာနဲ့ မတ်လကြားမှာ အစိုးရ ထိုးစစ် ဆင်နွှဲခဲ့တာကြောင့် အခုလို လူတစ်သန်းနီးပါးလောက်ရဲ့ ရွှေ့ပြောင်းမှုတွေကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။
အပစ်ရပ်စဲရေးဟာ အီဒလစ်ရုရှားထောက်ခံလှုပ်ရှားမှုကို ရပ်တန့်စေခဲ့ပါတယ်။ အီဒလစ်ကို ဟာရက်တာရာ အယ်လ်ရှမ် (အိတ်ခ်ျတီအက်စ်) လို့ခေါ်တဲ့ ဂျီဟတ်အဖွဲ့က လွှမ်းမိုးထားပါတယ်။ အဲဒီဂျီအဖွဲ့ကို ဆီးရီးယားရဲ့ ယခင်အယ်လ်ကိုင်ဒါအဖွဲ့ဟောင်းနဲ့ သူ့ရဲ့အပေါင်းအပါတွေက ဦးဆောင်ထားပါတယ်။
အစားအစာလုံခြုံမှုမရှိသလို အီဒလစ်မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာပေါင်း သုံးဦးထက်မနည်း ရှိလာပြီဖြစ် ကြောင်း၊ အကယ်၍များ ကိုဗစ်- ၁၉ ကပ်ရောဂါဟာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ စခန်းတွေမှာသာ ဖြစ်ပွားခဲ့မယ် ဆိုပါက တစ်ပူပေါ်နှစ်ပူဆင့်သလို ကျန်းမာရေးဆိုးကျိုးတွေပါ ရင်ဆိုင်ခံစားရတော့မှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးသွားပြီ
ကိုဗစ်- ၁၉ အတည်ပြုလူနာတွေ အားလုံးဟာ တူရကီနယ်စပ်အနီး ဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆေးဝန်ထမ်း တွေ ဖြစ်ကြပါတယ်။ အကယ်၍များ ဆေးဘက်ဆိုင်ရာ အကူအညီတွေသာ ရွှေ့ပြောင်းကယ်ဆယ်ရေးစခန်း တွေကိုသာ မပေးနိုင်ခဲ့ဘူးဆိုပါက ကျွန်တော်တို့အားလုံး သွားပြီလို့ နာဆော်လ်တန်က ပြောလိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်က ကျွန်တော်တို့ကို အတုံးအရုံးဖြစ်စေတော့မှာပဲလို့ သူက ဆက်ပြောလိုက်ပါတယ်။
ရွှေ့ပြောင်းကယ်ဆယ်ရေးစခန်းမှ ဘ၀တူနောက် တစ်ဦးဖြစ်သူ အယ်လ်ဆယ်လ်မန် ယူဆက်ဖ်က အကယ်၍ အကူအညီထောက်ပံ့နေမှုတွေကိုသာ ရပ်တန့်လိုက်မယ် ဆိုပါက စခန်းမှာနေတဲ့သူတွေဟာ ကိုဗစ်-၁၉ ကို ခုခံ နိုင်စွမ်းအားရှိတော့မှာ မဟုတ်တော့ဘူးလို့ ပြောလိုက်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမရှိဘဲ လူတွေဟာ သူတို့ရဲ့ တစ်နေ့တာအခြေခံလိုအပ်ချက် တွေမရတော့ဘူးဆိုရင် ကျွန်တော်တို့တွေဟာ ဒီရွှေ့ပြောင်းကယ်ဆယ်ရေးစခန်းတွေမှာ ဘယ်လိုများဆက်ပြီးနေထိုင် ရမလဲလို့ ပြောလိုက်ပါတယ်။
စားရမဲ့ သောက်ရမဲ့ဘ၀တွေဖြစ်သွားမယ်
ရွှေ့ပြောင်းစခန်းမှာ နေထိုင်သူအများစုဟာ လစဉ် အစားအစာ ထောက်ပံ့ရေးအစီအစဉ်လေးတွေပေါ် အားကိုး နေထိုင်ကြရတာ ဖြစ်ပါတယ်လို့ ယူဆက်ဖ်က ပြောပါတယ်။
ဒမတ်စကတ်ကို မဖြတ်သန်းဘဲ ရွှေ့ပြောင်းဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးဆိုင်ရာ အစီအစဉ်ကို ထပ်မံရက်တိုးသတ်မှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ အစီအစဉ် မအောင်မြင်ခဲ့တဲ့အပေါ် Save the children အဖွဲ့က စိတ်မကောင်းဖြစ်ခဲ့ပါတယ်။
မြောက်ပိုင်းဆီးရီးယားမှာရှိတဲ့ ဒုက္ခသည်တွေဆီကို ရောက်ရှိဖို့ အရေးကြီးဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအတွက် အဓိပ္ပာယ်အရှိဆုံး နည်းလမ်းကတော့ နယ်စပ်ဖြတ်ကျော်ရေးပဲ ဖြစ်ပါတယ်လို့ အဲဒီအဖွဲ့က သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အကယ်၍ နယ်စပ်ဖြတ်ကျော်မှုကို မပံ့ပိုးပေးဘူးဆိုရင် ဒုက္ခသည် မိသားစုပေါင်းများစွာ စားရမဲ့၊ သောက်ရမဲ့ဘ၀ ရောက်သွားမှာဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ရရှိမှာမဟုတ်ဘူး၊ နားခိုရာနေရာတွေလည်း ရရှိမှာမဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်သူ အင်ဂါအက်ရှင်က ပြောကြားလိုက်ပါတယ်။
ဆီးရီးယားပြည်သူတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ရမယ်
အီးယူနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စုက တူရကီနယ်စပ်ရဲ့ နယ်စပ်ဖြတ်ကျော်နေရာနှစ်ခုကို ထားရှိစေချင် တယ်။ အဲဒီနေရာနှစ်ခုမှာ တစ်ခုကတော့ ဘက်အယ်လ်ဆာလာမန် နေရာဖြစ်ပြီး အဲဒီလမ်းကြောင်းက အလက်ပိုကို ရောက်စေပါတယ်။ နောက်တစ်ခုကတော့ ဘက်အယ်လ်ဟာဝါလမ်းကြောင်းဖြစ်ပြီး အဲဒါကတော့ အီဒလစ်ကို ရောက်စေပါတယ်။ ရုရှားကတင်သွင်းလိုက်တဲ့ အဆိုပြုလွှာမှာတော့ အီဒလစ်ကို သွားတဲ့လမ်းကြောင်း တစ်ခုဖြစ်တဲ့ ဘက်အယ်လ်ဟာဝါလမ်းကြောင်းကိုပဲ တစ်နှစ်ကြာ ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီ ၈၅ ရာခိုင်နှုန်းကျော်ကို ဘက်အယ်လ်ဟာဝါ လမ်းကြောင်းမှတစ်ဆင့် ခွင့်ပြုပေးပြီး ဘက်အယ်လ်ဆာ လာမန်လမ်းကြောင်းကို ပိတ်ထားမယ်လို့ပြောပါတယ်။ ဇန်နဝါရီလမှာ ရုရှားနိုင်ငံ ဟာ နယ်စပ်ဖြတ်ကျော်နေရာကို လေးခုမှ နှစ်ခုအထိလျှော့ချနိုင်ခဲ့သလို ကန့်သတ်ချက်ကိုလည်း ခြောက်လအထိ လျှော့ချခဲ့ပါတယ်။
မာရက်စ်မက်စ်ရင်မြို့ ရွှေ့ပြောင်းအခြေချစခန်းမှာရှိတဲ့ သူ့ရဲ့ တဲအိမ်လေးအပြင်ကိုထွက်ပြီး အယ်လ်ဆယ်လ်မန်က အနာဂတ်ကို ကြောက်ရွံ့နေမိ တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆီးရီးယားပြည်သူ သန်းပေါင်းများစွာ ကမ္ဘာကြီးရဲ့ ရှေ့မှာပဲ ဒုက္ခကပ်ဆိုးတွေနဲ့ ရင်ဆိုင်ရဦးမယ်လို့ သူက ဆက်ပြီး ပြောလိုက်ပါတော့တယ်။ ။
အေအက်ဖ်ပီ


