၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက် ၁၉ နှစ်အရွယ်၊ အနှစ် ၂ဝအရွယ် လူငယ်တွေက မန္တလေးအငြိမ့် အော်ပရာဆိုတာကို သိရှိခံစားဖူးကြမှာမဟုတ် …။ အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေ လေးဆယ် …၊ ငါးဆယ် ရှိနေရာက တဖြုတ်ဖြုတ်နှင့် ကြွေသွားလိုက်ကြတာ ဒီကနေ့ အငြိမ့်သုံးဖွဲ့သာ ကျန်တော့သည်အထိပင်…။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန် ခြစ်ခြစ်တောက်ပူထားသော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရ သည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းထောင် နာလန်ထူလာချိန်တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီး တွေထဲ ချက်ချင်းမထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက်နှင့် ကွာဟစေသော အချက်တစ်ချက်ဆိုတာ ငြင်းခုန်ဖွယ်မရှိချေ။
မည်သို့ဆိုစေ … ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင် ဖြစ်ထွန်းခဲ့သော အငြိမ့်သည် ၁၉၈၀ ဝန်းကျင်တွင် “အော်ပရာ” များဖြင့် လူထုဆန္ဒ၊ လူထုအာသီသအပေါ် တစ်စုံတစ်ရာ ဖြည့်ဆည်းနိုင်မှု တာဝန်ကျေခဲ့သည်။
ကလောင်ဖျားက “သဘောထား”
၁၉၇၀ ဝန်းကျင် ကာလများအတွင်း လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များ ထုတ်ဝေသည်။ ကျွန်တော်က “အငြိမ့်” ကို ပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကို ဖတ်ရတာ စာအုပ်ထွက်ပြီး ၆နှစ် ၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာ အချက်အလက်တိုင်း အသစ်အဆန်းချည်းဖြစ်နေသည်။
ထိုအချိန်က ကျွန်တော်တို့ကလည်း လူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီ ညစဉ်မပြတ် ရောက်ရှိကာ ရင်ထဲခံစားရသော မင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင် သန်းလွဲအထိ ရင်ခုန်ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင်အုံနှင့် ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီ သတင်းစာ စာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံ နှင့် ရေမြေအရ သူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ … “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်း ဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာ ခံစားတက်ကြွနေခြင်း လည်း ဖြစ်သည်။
စာမျက်နှာထက်မှာ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြပါဖူးခြင်း မရှိသေးသော်လည်း ဝါသနာက မတားဆီးနိုင်လို့ အကြမ်း ရေးခြစ်ထားသော ဆောင်းပါးတွေ၊ စာအုပ်ဝေဖန်ချက် တွေ၊ စာတမ်းတွေ ဗရပွနှင့် စိတ်ကူးအယဉ်ကြီး ယဉ်နေ ချိန်တွင် … အော်ပရာဇာတ်ညွှန်းများကလည်း ထို စိတ်ကူးယဉ်မှုများတွင် အသစ်ထိုး နံပါတ်စဉ်များဖြစ်သည်။
“လက်တွေ့” နှင့် “သဘောတရား”
မန္တလေးအငြိမ့်တွေအပေါ် စွဲမက်နေချိန်တွင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲက “လက်တွေ့” နှင့် “သဘောတရား” ပေါင်းစပ်လေ့လာသင်ယူသည့် ပမာဖြစ်၏။
“အငြိမ့်မှာ မင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် သုံးပိုင်းရှိတယ်။ အငြိမ့်မင်းသမီးက သီချင်းဆိုပြီးကတာပဲ၊ သူသီဆိုတဲ့ သီချင်းက ဖေတော့ မောင်တော့ ရည်းစားမျှော် သီချင်းပဲဖြစ်ရမယ်လို့ လှေနံဓားထစ် သတ်မှတ်ပေး မထားပါဘူး။ အငြိမ့်မင်းသမီးသီချင်းက ခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့။ အချိန်အခါကို လိုက်ပြီး လူတွေ လှုပ်ရှားစိတ်ဝင်စားနေတဲ့ အကြောင်းအရာ ဘာကိုမဆို သီချင်းဆိုလို့ ရပါတယ်။ အငြိမ့်သီချင်းဆိုတာ ဘယ်အကြောင်းအရာမျိုးကိုသာ ရေးစပ်ထားတာ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူကမှလည်း သတ်သတ်မှတ်မှတ် ရေးစပ်ပေးမနေပါဘူး။ ဒါကြောင့် အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လည်း ရှိ၊ စစ်ရေးနဲ့လည်းရှိ၊ နိုင်ငံရေးနဲ့လည်းရှိ၊ လူမှုရေးနဲ့လည်းရှိဆိုသလို အရေးမျိုးစုံ ရှိနေပါတယ်” တဲ့။
ဟုတ်တာပဲ …။ အခြားမကြည့်နှင့်၊ နာမည်ကျော် အငြိမ့်မင်းသမီး လေဘာတီ မမြရင်၏ သီချင်းမှာပဲ
ကြည့် …၊ အကြောင်းအရာ မျိုးစုံသည်။ Media သဘော ထင်ဟပ်သည်။ ပွဲကြည့်ပရိသတ်(ဝါ)လူထုကို Information ပေးတာတွေ ရှိသည်။ ရွှေဗဟိုရ်စည်သံ သီချင်းတို့၊ တုံးကျော်မ သီချင်းတို့၊ အိမ်တော်ရာဘုရားဈေးသီချင်းတို့မှာ ထိုသဘောတွေပါသည်။
အငြိမ့်သဘင်ရဲ့ အလုပ်ခွင်
လူထုဒေါ်အမာက ဆက်၍ သုံးသပ်ပြထားသေး၏။ “မင်းသမီးချည်းလား၊ လူပြက်ကကော ဘယ်လိုလဲလို့ မေးရင်၊ အငြိမ့်မှာ ချစ်စရာ မြတ်နိုးစရာ အကောင်းဆုံးအင်္ဂါတစ်ရပ်ဟာ လူပြက်တွေရဲ့ လွတ်လပ်စွာ ဝေဖန်သရော် ပြက်ရယ်ပြုခွင့် အစဉ်အလာပဲလို့တောင် ပြောရ မလောက်ဖြစ်ပါတယ်။ လူပြက်ရဲ့ အလုပ်က မင်းသမီးကလို့ ဆိုလို့ မောရင် အမောပြေအောင် ကြားဝင်ပြီး ရယ်စရာပြက်ရတဲ့ တာဝန်ဟာ သူတို့တာဝန်ပေါ့။ ဒီလို တာဝန်ရှိရာမှာ “လူပြက်မည်သည် ဘယ်အကြောင်းအရာ ကိုသာ ပြက်ရယ်ပြုနိုင်သည်။ ဘယ်အကြောင်းအရာမျိုးကို ပြက်ရယ်ခြင်း မပြုရ” လို့ ဘယ်မင်း ဘယ်စိုးကမှ အမိန့်ထုတ်ပြန်ထားခြင်း မရှိခဲ့ဘူး။ ပဒေသရာဇ်ခေတ်မှာတောင်မှ လူပြက်မှာ လွတ်လပ်ခွင့်အပြည့်ရှိခဲ့တယ်။ ဒါကြောင့် စည်းမစောင့်တဲ့ လူပြက်ကျတော့ နတ်နေကိုင်းတောင် မချန်ဘူး၊ ဘာသာရေးလည်း ထည့်ပြက်တာပဲ။ အဲသလောက် လွတ်လပ်ကြတယ်။
အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ အငြိမ့်ပွဲကိုလည်း လူတွေက လွတ်လွတ်လပ်လပ်ပဲ ပွဲခံကြတယ်” ဟုဆိုသည်။ ၁၉၈၀ ဝန်းကျင်၏များပြားလှသော မန္တလေးအငြိမ့်ဝင်များတွင် လူပြက်များ၏ ပြက်လုံးများက (အထိုက်အလျောက် အထိန်းအကွပ်ကြားမှပင်) လူထုဝေဒနာကို ထပ်ဟပ်နိုင်ခဲ့သည်။ ထို့ပြင် ကနဦး ကပြခဲ့ကြသည့် “အော်ပရာ” များတွင်လည်း အနုပညာမြောက်စွာဖြင့် ခေတ်ကို ထင်ဟပ်စေနိုင်ခဲ့သည်။ ဝေဖန်နိုင် ခဲ့သည်။ ဦးတည်ချက်တစ်ခုဆီ ရည်ရွယ်နိုင်ခဲ့သည်။
လှံဖျားထိပ်က ပန်းပွင့်များ
ဘေ့စ်ဂစ်တာ၏ အလှန့်သံနှင့်အတူ မီးချိန်းအမှောင်မှာ စပေါ့လိုက် လိမ္မော်နုရောင်က “သင်္ဃမိတ္တာ” ၏ အံကြိတ် ထားသည့် ရုပ်ပုံကိုပဲ ကွက်၍ မှိန်မှိန်ပျပျ ထင်သည်။ ဂစ်တာသံအပါးတွင် …
“သမီးတော်ဟာ ခမည်းတော်တော်အတွက်သာ စိုးရိမ် ကြောက်ရွံ့နေတာပါ။ ခမည်းတော်က မင်းဧကရာဇ် တစ်ပါးရဲ့ ကြီးကျယ်စွာ မြင့်မားမှုဟာ လက်နက်ထဲမှာသာ ရှိတယ်လို့ ယုံကြည်ထားသူ မဟုတ်လား”
“ဘာ … ခမည်းတော်ကို ပြန်ပြီး လျှောက်ထားစမ်းပါ ဦး … သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှု ဆိုတာ ဟောဒီ လက်နက်ကလွဲလို့ ဘယ်မှာများ ရှိဦးမှာလဲသမီးတော်ရဲ့၊ ဟား … ဟား … ဟား …”
“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာ တည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှုကသာ၊ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော် ...”
အသောက ခေါင်းကို ယမ်း၍ မျှင်းမျှင်းမျှရယ်သည် ..။
ကျွန်တော်သည် အငြိမ့်စင်ပေါ်မှ အော်ပရာ ဇာတ်ကွက်တွင် နစ်မျောနေရင်း ရင်တလှပ်လှပ် ခုန်နေသည်။
လူထုဒေါ်အမာ၏ “အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ …” ဟူသော ရေးသားချက်ကိုလည်း တနုံ့နုံ့ သတိရနေ၏။ လှံဖျားထိပ်က ပန်းပွင့်များ။ ။


