သိပ္ပံစာရေးဆရာကိုကိုအောင်

အချိန်ကား ၁၉၇၃ ခုနှစ်၏ မိုးဦးကျကျောင်းဖွင့်စ။ ဇွန်လဆန်း ကျောင်းများစတင်ဖွင့်လှစ်ပြီးနောက် ရက်သတ္တသုံးပတ်ခန့်အကြာ အချိန်ကာလ။ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်တော့မည့် (၂၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ကျောင်းနံရံကပ်စာစောင်အတွက် စတင်ပြင်ဆင်နေကြသည့် အချိန်။


ထိုစဉ်က အထက်တန်းကျောင်းသားကြီး ဖြစ်နေပြီဖြစ်သော ကျွန်တော် နှင့်တကွ သူငယ်ချင်းတစ်သိုက်တို့က ကျောင်းတွင် အတန်းအကြီးဆုံး ကျောင်း သားကြီးများအနေဖြင့် အဆိုပါ ဂုဏ်ပြုနံရံကပ်စာစောင်အတွက် တာဝန်ယူကာ ဦးစီးဦးဆောင်ပြုနေကြသည့် အခိုက်အတန့်။
ကျွန်တော်တို့ကျောင်းကလည်း ၁၉၁၂ ခုနှစ်ကတည်းက စတင် တည် ထောင်ခဲ့သည့် အမျိုးသား တန်းမြင့်ကျောင်း။ အမျိုးသားကျောင်းပီပီ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် လေး စားဖွယ်၊ ဂုဏ်ယူဖွယ်၊ အားကျဖွယ် အကြောင်းအရာမှန်သမျှကို ရှာဖွေ၊ စုစည်း၊ ဟောပြော၊ ဖတ်ကြားခြင်းဖြင့် ဂါရဝပြုကြသည့် အစဉ်အလာကောင်းကို ထိန်း သိမ်းနေသည့် အမျိုးသားပညာ့ဗိမာန်။
သို့ဖြစ်ရကား အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းနံရံကပ်စာစောင် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီရင်း ဗိုလ်ချုပ်ကိုဂုဏ်ပြုသည့် ဆောင်းပါး တစ်ပုဒ်လောက် ရေးသားလိုစိတ်ဖြစ်ပေါ်လာသည့် ကျွန်တော်က ဗိုလ်ချုပ် နှင့်ပတ်သက်သည့် ဂုဏ်ပြုဖွယ်အကြောင်းအရာများကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေလေ့လာကြည့်သည့်အခါ ဗိုလ်ချုပ်၏ဘဝဇာတ်ကြောင်းတွင် လူသိ အလွန်နည်းခဲ့သော အကြောင်းအရာတစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရ သည်။


နောက်တစ်ရက်တွင် ကျောင်းနံရံကပ်စာစောင်အတွက် ကျွန်တော်ပြုစု ရေးသားလာသော ဆောင်းပါးကို ကျောင်းအုပ်ဆရာကြီးအား ပြသလိုက်သည့် အခါ ကျောင်းအုပ်ဆရာကြီးက အလွန်အံ့ဩသည့်အမူအရာဖြင့် ကျွန်တော့်ကို စိုက်ကြည့်ကာ ကျွန်တော်၏ဆောင်းပါးပါ အကြောင်းအရာများကို တစ်ခါမျှ ကြားဖူးခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ကျောင်းနံရံကပ်စာစောင်၌ မဖော်ပြစေလို ကြောင်း ပြောခဲ့သလို ထိုစဉ်က ကျောင်းအုပ်ဆရာကြီး၏ရုံးခန်းထဲ၌ ရောက်ရှိ နေသော ပညာရေးဌာနမှ အရာရှိကြီးတစ်ဦးကလည်း ဆရာကြီးနည်းတူ ကျွန်တော့်အား တားမြစ်ခဲ့သည်။
ကျွန်တော်က အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းနံရံကပ်စာစောင်တွင် ကျွန်တော်၏ ဆောင်းပါးကို ထည့်သွင်းဖော်ပြပေးစေလိုကြောင်း၊ ကျွန်တော် ရေးသားဖော်ပြထားသော အကြောင်းအရာများ မမှန်ပါက ပေးသည့်အပြစ်ကို ခံယူရန် အသင့်ရှိကြောင်း အာဂသတ္တိဖြင့် ရဲဝံ့စွာ ထပ်မံတောင်းဆိုခဲ့ရာ နောက် ဆုံးတွင် ဆရာကြီးက အဆိုပါဆောင်းပါးအတွက် အထောက်အထား ရှာဖွေ ယူဆောင်လာခဲ့ရန် မှာကြားလိုက်သည်။


သို့ဆိုလျှင် ထိုစဉ်က ကျွန်တော်ရေးသားခဲ့သော ကျွန်တော့်ဘဝ၏ ပထမ ဦးဆုံးသော စာပေလက်ရာဆောင်းပါးက မည်သည့်အကြောင်းအရာပါနည်း။ မည်သည့်အကြောင်းအရာဟု ထင်ကြပါသနည်း။


ထိုစဉ်က ကျွန်တော်ရေးသားခဲ့သောဆောင်းပါး၏ခေါင်းစဉ်က “ဗိုလ်ချုပ် အောင်ဆန်း ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ဇာတ်ကား”ဟု ဖြစ်ပါသည်။ ကျွန်တော့်ဆောင်းပါးပါ အကြောင်းအရာများကို အကျဉ်းချုပ်ဖော်ပြရလျှင် "အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝသမိုင်းတွင် လူသိ အလွန်နည်းသော အကြောင်းအရာတစ်ခု ရှိခဲ့ကြောင်း၊ ထိုအကြောင်းအရာ ကတော့ ဗိုလ်ချုပ်သည် ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ပင်ဖြစ်ကြောင်း၊ ဇာတ်ကားအမည်က Boycotter ဖြစ်ကြောင်း၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားများက တက္ကသိုလ်ကောင်စီကို သပိတ်မှောက်သည့် အကြောင်း ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်လမ်းတို ရုပ်ရှင်ဇာတ်ကား ဖြစ်ကြောင်း၊ ၎င်းရုပ်ရှင်သည် မှတ်တမ်းမော်ကွန်းရုပ်ရှင်(Documentary Film) မဟုတ်ဘဲ ဇာတ်လမ်းရုပ်ရှင် (Features Film) စစ်စစ်ဖြစ်ကြောင်း၊ အများပြည်သူတို့အတွက် ဗဟုသုတအလို့ငှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုရေးသားခြင်း ဖြစ်ကြောင်း" စသည်တို့ ပါဝင်ခဲ့သည်။
ကျောင်းအုပ်ဆရာကြီးက အဆိုပါ ကျွန်တော်၏ဆောင်းပါးအတွက် ခိုင်လုံ တိကျသော အထောက်အထားကို ကျွန်တော့်လို အထက်တန်း ကျောင်းသား တစ်ဦးက လွယ်လင့်တကူ ရှာဖွေ၍မရနိုင်၊ ဖြစ်လည်းမဖြစ်နိုင်ဟု ယူဆကာ ကျွန်တော့်ကို နှစ်သိမ့်စကားဆိုလိုက်ခြင်းဖြစ်သည်။ ဆရာတပည့် သံယောဇဉ် ကလည်း ရှိပြီးသားဖြစ်၍ ပစ်ပစ်ခါခါ စကားမဆိုလိုက်ဘဲ ပညာရှိပီသစွာဖြင့် ကျွန်တော့်အား အထောက်အထားရှာဖွေစေခဲ့ခြင်း ဖြစ်သည်။


ကိုယ်မှန်သည်ဟုယုံကြည်လျှင် တစ်ရွေးသားမျှ အလျှော့မပေးတတ်သည့် အာဂသတ္တိရှင် ကျွန်တော်ကလည်း ကျွန်တော်ရေးသားသည့် ဆောင်းပါး အတွက် အထောက်အထားအဖြစ် အင်္ဂလန်မှ မိတ်ဆွေတစ်ဦးက ကျွန်တော့် ဖခင်အတွက် လက်ဆောင်အဖြစ်ပေးပို့ခဲ့သော စာအုပ်ထဲရှိ အဆိုပါရုပ်ရှင် ဇာတ်လမ်း၏ ဇာတ်ဝင်ဓာတ်ပုံတစ်ပုံနှင့် ပုံစာအညွှန်းကို ကတ်ကြေးဖြင့် ဖြတ်ညှပ်ထုတ်ယူပြီး နောက်တစ်နေ့နံနက် ကျောင်းမတက်မီအချိန်တွင် ကျောင်းအုပ်ဆရာကြီးထံ သွားရောက်ပြသခဲ့ရာ ဆရာကြီးခမျာ အတော်ပင် ထိတ်လန့်အံ့ဩသွားခဲ့သည်။
နောက်ဆုံးတွင်မူ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုချင်လွန်းသဖြင့် ကျွန်တော့်ဘဝတွင် ပထမဦးဆုံး ရေးသားခဲ့သည့် ထိုဆောင်းပါးကို ကျွန်တော် ယူဆောင်သွားသော အထောက်အထားဓာတ်ပုံ ဖြတ်စညှပ်စကလေးနှင့်အတူ ကျောင်းနံရံကပ်စာစောင်တွင် ထိပ်ဆုံးက ဖော်ပြခြင်းခံခဲ့ရပါတော့သည်။ ထို ဆောင်းပါးသည်ကား ကျွန်တော့်ကို စာရေးဆရာတစ်ဦးအဖြစ်သို့ ရောက်ရှိ အောင် တွန်းပို့မြှင့်တင်ပေးခဲ့သော ကျွန်တော့်ဘဝ၏ ပထမဦးဆုံးသော ကျွန်တော့်လက်ရာ ဆောင်းပါးပင် ဖြစ်ပေတော့သည်။ ဗိုလ်ချုပ်၏ ကျေးဇူးကား ကြီးမားလေစွ ...
ယခုသော်မူ ကျွန်တော်၏စာရေးသက်က နှစ်စဉ်ကျရောက်မြဲ အာဇာနည် နေ့ အကြိုကာလနှင့်အတူ ၄၇ နှစ်ပင် ပြည့်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ၄၇ နှစ်က ကတ်ကြေးဖြင့် ဖြတ်ညှပ်ထုတ်ယူခြင်းကို ခံခဲ့ရသည့် စာအုပ်ပိုင်ရှင် ကျွန်တော့်ဖခင်က ကျွန်တော့်ကို စိတ်မဆိုးသည့်အပြင် ကျွန်တော်၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် ရဲစွမ်းသတ္တိရှိမှုကိုပင် ချီးကျူးစကား ဆိုခဲ့ပေ သေးသည်။ ကျွန်တော့်အား ယခုလိုအခြေအနေထိရောက်အောင် ပြုစု ပျိုးထောင်ပေးခဲ့ကြသည့် ကျွန်တော့်မိခင်နှင့်ဖခင်တို့၏ ကျေးဇူးများသည်ကား အလွန်ပင်ကြီးမားလေစွဟု အမြဲမပြတ်ဆင်ခြင်ကာ နှလုံးသွင်းခဲ့သည်မှာလည်း ယနေ့ထိတိုင်ပင် ဖြစ်သည်။


ကျွန်တော်သည် ပညာရှင်ဖြစ်လာမှ စာပေရေးသားမှုအလုပ်ကို လုပ်ခြင်း မဟုတ်ဘဲ စာရေးခြင်းအလုပ်ကို တစ်ဖက်ကလုပ်ရင်း ပညာရှင်ဘဝသို့ တက် လှမ်းလာသူဖြစ်သည်။ အထက်တန်းကျောင်းသားဘဝကတည်းက ဗိုလ်ချုပ် အောင်ဆန်းကို ဂါရဝထားဂုဏ်ပြုလိုသောကြောင့် စာပေရေးသားခဲ့မှုက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘဝ တစ်လျှောက်လုံးတွင် အမျှင် မပြတ်ခဲ့သလို အင်ဂျင်နီယာပညာရှင် အရာထမ်းတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နိုင်ငံ့တာဝန်ထမ်းခဲ့စဉ်ကာလများကလည်း စာရေးမပျက်ခဲ့ပါ။ ဝါရင့်အင်ဂျင် နီယာပညာရှင်ကြီး ဖြစ်လာပြန်တော့လည်း စာရေးခြင်းက ပို၍ပင် စိပ်လာ ခဲ့သည်။ အကယ်စင်စစ်အားဖြင့် စာရေးခြင်းအလုပ်မှာ စေတနာကြီးမားသည့် စိတ်ဆန္ဒ၏ အသီးအပွင့်ဖြစ်ကြောင်းကိုလည်း ပို၍ နားလည်သဘောပေါက် လာခဲ့သည်။


စာပေများ ရေးသားနိုင်ရန်အတွက် စာဖတ်ရသည်။ စာဖတ်ရန်အတွက် ကျွန်တော်၏ Professional နှင့် ကိုက်ညီသော၊ နီးစပ်သော၊ ဆက်နွှယ်သော စာအုပ်စာတမ်းများကို ရှာဖွေစုဆောင်းရသည်။ အချက်အလက်ရနိုင်သည့် အရင်းအမြစ်မှန်သမျှထံ ချဉ်းကပ်လေ့လာရသည်။
သို့ဖြစ်၍ ကျွန်တော်၏ စာရေးသက်တစ်လျှောက်လုံးတွင် လေ့လာဖတ်ရှု ခဲ့သည့် ပြည်တွင်းပြည်ပမှ စာအုပ်စာတမ်းများနှင့် သုတေသနစာတမ်းများ၊ သိပ္ပံဆိုင်ရာ အထောက်အထားနှင့် လေ့လာမှုဆိုင်ရာ စာအုပ်စာတမ်းများမှာ အုပ်ရေအားဖြင့် ၁၈၀၀၀ ခန့် ရှိခဲ့ပြီဟု ခန့်မှန်းရသည်။ ကျွန်တော် ရေးသား ခဲ့သော သိပ္ပံဆိုင်ရာဆောင်းပါးပေါင်း ထောင်နှင့်ချီ၍ ရှိခဲ့ပြီဖြစ်သလို လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေနိုင်ခဲ့သည်။ သိပ္ပံပညာဆိုင်ရာ ရုပ်/သံအစီအစဉ်ပေါင်း ၄၀၀ ကျော်တွင် သိပ္ပံဆိုင်ရာမေးခွန်းပေါင်း ၃၀၀၀ ကျော်ကို ဖြေကြား ထုတ်လွှင့်ပေးခဲ့ပြီးဖြစ်သလို ဖြေကြားထုတ်လွှင့်ပေးနေဆဲလည်း ဖြစ်သည်။ အလားတူပင် သိပ္ပံဆိုင်ရာ ရေဒီယိုအစီအစဉ်များ၌လည်း ဟောပြော ပို့ချ ထုတ်လွှင့်မှုများစွာကို ပြုလုပ်ပေးခဲ့သလို ဟောပြောပို့ချ ထုတ်လွှင့်ပေး နေဆဲလည်း ဖြစ်သည်။


ကျွန်တော်ရေးသားသော စာပေများကို သိပ္ပံပညာဆိုင်ရာ ဗဟုသုတ အလို့ငှာ အစဉ်အားပေး လေ့လာဖတ်ရှုသူ၊ ကျွန်တော်၏ သိပ္ပံဆိုင်ရာ ရုပ်/သံ အစီအစဉ်များကို အစဉ်စောင့်ကြည့် အားပေးနေသူ၊ ကျွန်တော်၏ သိပ္ပံဆိုင်ရာ ရေဒီယိုထုတ်လွှင့်ချက်များကို အစဉ်အားပေးနားထောင်သူ ပရိသတ်ပေါင်း ခုနစ်သန်းကျော်ခန့်ရှိနေကြောင်း စစ်တမ်းတစ်ခုက ဆိုပါသည်။
ကျွန်တော်ရရှိခဲ့သည့် အခြေခံဘွဲ့မှာ အင်ဂျင်နီယာဘွဲ့ဖြစ်သော်လည်း မိမိပညာကိုအခြေခံကာ ကျွန်တော်စိတ်ပါဝင်စားသော ဘာသာရပ်များကို ထဲထဲဝင်ဝင် လေ့လာလိုက်စား မှတ်သားနည်းယူခဲ့သည့် ကာလမှာ ဆယ်စုနှစ် နှင့်ချီ၍ ကြာမြင့်လာသည့်အခါ၌မူ ကျွန်တော်သည် အင်ဂျင်နီယာပညာရှင်တစ်ဦးအဖြစ်သာမကပဲ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်ရေးပညာရှင်၊ သိပ္ပံသုတေသနပညာရှင်နှင့် အကြံပေးပညာရှင်အဖြစ်သို့ပါ တက်လှမ်းရောက်ရှိ လာခဲ့သည်။
မိမိ၏ပညာအရည်အချင်းကို အခြေခံကာ လက်လှမ်းမီသမျှသော စာအုပ် စာပေများကို ဖတ်ရှု၊ လေ့လာ၊ ဆက်စပ်၊ ပေါင်းကူးမှုပြုသည့်အခါ၌မူ ကျွန်တော့် အတွက် သိပ္ပံပညာကိုအခြေခံသော ဆောင်းပါးပေါင်း ထောင်သောင်းချီ၍ ရေးသားနိုင်မည့် အချက်အလက်များစွာကို စုဆောင်းရရှိလာတော့သည်။
တစ်ဖက်တစ်လမ်းက စာပေများကို ရေးသားနေရင်း အခြားတစ်ဖက်၌ လည်း ပညာရပ်ဆိုင်ရာများကို အစဉ်မပြတ် လေ့လာလိုက်စားခဲ့သည့် အကျိုး တရားအဖြစ် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြသည့် Con- ference ၊ Forum ၊ Seminar၊ Round Table Meeting စသည်များတွင် မိမိ၏ အဖွဲ့အစည်းနှင့် မိမိနိုင်ငံကို ကိုယ်စားပြုကာ တက်ရောက်ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ဆန္ဒပြုခြင်းနှင့် စာတမ်းဖတ်ကြားခြင်း စသည်တို့ကိုပါ ဆောင်ရွက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ကျွန်တော်သည် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးပညာရှင်အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအစီအမံ ရေးဆွဲခြင်းဆိုင်ရာ အကြံပေးပညာရှင်အဖြစ်လည်းကောင်း၊ အာဆီယံ အပြန် အလှန် အသိအမှတ်ပြုမှုဆိုင်ရာ အစီအမံ၏ ပညာရှင်များကြီးကြပ်ထိန်းသိမ်း မှု ကော်မတီဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရင်း မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးအတွက် သိပ္ပံပညာဆိုင်ရာစာပေများကို ရေးသား နေဆဲ၊ သိပ္ပံဆိုင်ရာ ရုပ်/သံအစီအစဉ်များစွာတို့၌ ဖြေကြားထုတ်လွှင့်ပေးနေဆဲ၊ သိပ္ပံဆိုင်ရာ ရေဒီယိုအစီအစဉ်များ၌ ဟောပြောပို့ချနေဆဲပင် ဖြစ်သည်။


အဆိုပါ လုပ်ငန်းဆောင်တာများ အားလုံးအပါအဝင် ကျွန်တော့်အား အင်ဂျင်နီယာပညာရှင်၊ ဘေးအန္တရာယ် လေ့လာဆန်းစစ်ရေးပညာရှင်၊ သိပ္ပံ သုတေသနပညာရှင်နှင့် အကြံပေးပညာရှင်အဖြစ် အစဉ်ရပ်တည်နေနိုင် ရေးအတွက် ရှင်သန်ပေါက်မြောက်အောင် မျိုးစေ့ချပေးခဲ့သည်ကတော့ အမျိုးသားခေါင်းဆောင်ကြီး၊ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာကြီး၊ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝတစ်စိတ်တစ်ဒေသကို ၁၉၇၃ ခုနှစ်က ဂုဏ်ပြုရေးသားခဲ့သည့် “ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သရုပ်ဆောင်ခဲ့ သော ရုပ်ရှင်ဇာတ်ကား” အမည်ရှိ ကျွန်တော့်ဘဝ၏ ပထမဆုံးသော ဆောင်းပါးပင် ဖြစ်ပေတော့သည်။ ။