စောနိုင်(အသုံးချဘောဂဗေဒ)
(၁)
ဘဝတစ်ခုလုံးကို နိုင်ငံ့လွတ်လပ်ရေးအတွက် မြှုပ်နှံထားသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ရေး၊ နိုင်ငံရေးတို့တွင်သာ အာရုံစူးစိုက်မှုများရှိခဲ့သည်မဟုတ် ၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံပြန်လည်ထူထောင်ရေးကာလအတွင်း ဆောင်ရွက်ရမည့် အရေးကိစ္စများကိုပါ လေ့လာမှုများပြုလုပ်ခဲ့သူဖြစ် သည်ကို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက် ဗိုလ်ချုပ်၏ အားထုတ်လုပ်ဆောင်မှုများကသက်သေပြ နေပေသည်။ ဗိုလ်ချုပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် အင်္ဂလိပ်လက်အောက်တွင်ရှိနေသည့် အချိန်ကတည်းက လွတ်လပ်ရေးရပြီးနောက် လုပ်ဆောင်ရမည့် နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ရင်ဆိုင်ကြုံ တွေ့လာနိုင်သည့် အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းနိုင်ရေး အတွက်ကိုပါ အလေးအနက်ထား၊ စဉ်းစားအဖြေရှာခဲ့လေသည်။
(၂)
အလုပ်လက်မဲ့ဖြစ်မှုသည် စီးပွားရေးအဆောက် အအုံတစ်ခုအတွင်း အဓိကပြဿနာတစ်ရပ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အလေးထားဖြေရှင်းရမည့်ကိစ္စဖြစ်သည်ကို ဗိုလ်ချုပ်က ကောင်းစွာသဘောပေါက်ခဲ့၏။ အလုပ်လက်မဲ့ ဖြစ်ပေါ်မှုသည် စီးပွားရေးအဆောက်အအုံအတွင်း၌ တသီးတခြား ဖြစ်ပေါ်လာသည့် အခြေအနေတစ်ရပ် မဟုတ်ဘဲ၊ အခြားသော အကြောင်းတရားများစွာနှင့် ဆက်စပ်မှုရှိနေသည်ကိုလည်း သိမြင်ခဲ့သူဖြစ်သည်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှု နှင့်များစွာ ဆက်စပ်ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်သည်။
၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံ၌ ပြုလုပ်ခဲ့သည့် မြန်မာပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်း ကွန်ဖရင့်အစည်းအဝေးတွင် ဗိုလ်ချုပ်က နိုင်ငံ့စီးပွားရေး အခြေအနေများကို ဆွေးနွေးနေစဉ် အလုပ်လက်မဲ့ ပြဿနာနှင့်ပတ်သက်သည့် မှတ်သားစရာ အမြင်များ၊ ရှုထောင့်များကိုပါ အောက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့လေသည်-
“အလုပ်လက်မဲ့ ပြဿနာနှင့် ပတ်သက်၍ဆိုရလျှင် ယခုလိုစီးပွားရေး၏ အလိုက်အထိုက် အခြေအနေများ အတိုင်းဆိုပါက အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းသွားလိမ့်မည်ဟု ကျွန်တော်တို့မြင်နိုင်ရန် အကြောင်းမရှိ၊ တိုင်းပြည်နှင့် အစိုးရကကူညီရပေလိမ့်မည်။ အလုပ်လက်မဲ့ဖြစ်ခြင်းသည် တိုင်းပြည်အတွက် အကြီးဆုံးကံဆိုးမိုးမှောင်ဖြစ်လျက် စက်မှုလက်မှုလုပ်ငန်းနှင့်တကွ တိုင်းပြည်တွင်း မကောင်းကျိုး ဖြစ်ပေါ်စေတတ်သည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် လုပ်သားများ၏ ကျွမ်းကျင်မှုကို ယုတ် လျော့စေပြီး ၎င်းတို့၏ နေထိုင်ရေး အဆင့်အတန်းကို ညံ့ဖျင်းစေသည်။ အလုပ်လက်မဲ့ပြဿနာသည် အမျိုးသား ရေးအတွက် ဂြိုဟ်ဆိုးဖြစ်သည့်အလျောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို စီမံပြုလုပ်ရာ၌ ကျွန်တော်တို့သည် သေချာကျနစွာပြုလုပ်မှသာလျှင် အခြေအနေ တိုးတက်လာပြီး အလုပ်လက်မဲ့ ပြဿနာဖြေရှင်းသွား နိုင်လိမ့်မည်။ လူတစ်ဦး တစ်ယောက်အတွက်သော်လည်းကောင်း၊ အိမ်ထောင်စုတွင်ပါဝင်သော သူများအတွက် သော်လည်းကောင်း အလုပ်ရနိုင်စေရန် ကျွန်တော်တို့ နည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။
ထိုသို့ပြုလုပ်ရာတွင် ကျွန်တော်တို့သည် အချို့သောသူများကိုအလုပ်မှ ရပ်စဲရန်လိုလျှင် ရပ်စဲရမည်။ ပြဿနာ ကိုဖြေရှင်းသွားနိုင်စေရန် နည်းလမ်းကောင်းမှာနိုင်ငံတော် အစိုးရသည် အရေးပါ၍ အပြောကျယ်သောလုပ်ငန်းများကိုသာလက်ထဲ၌အဆင်သင့်ရှိစေရမည်။ ထိုအလုပ်များမှာ လည်းလုပ်သားပေါင်းအရေအတွက်ကိုလိုက်၍ မြန်လိုက မြန်နိုင်သော၊ နှေးလိုကနှေးနိုင်သော အလုပ်မျိုးဖြစ်စေရမည်”
(၃)
ဘောဂဗေဒအယူအဆ၊ သီအိုရီများအရ အလုပ်လက်မဲ့ အမျိုးအစားများထဲတွင် ယေဘုယျအားဖြင့် ကုန်ကြမ်းရရှိ မှု၊ စက်ကိရိယာ၊ နည်းပညာကျွမ်းကျင်မှု စသည့်ရောင်းလို အားဘက်မှ အခြေအနေ အပြောင်းအလဲများကြောင့်လည်းကောင်း၊ စားသုံးသူတို့၏ အကျင့်၊ ဓလေ့၊ စရိုက်နှင့် စားသုံး မှုစိတ်နေစိတ်ထားစသည့် ဝယ်လိုအားဘက်မှ အပြောင်းအလဲများကြောင့်လည်းကောင်း စီးပွားရေးအဆောက် အအုံဖွဲ့စည်းမှုပြောင်းလဲကာ ဖြစ်ပေါ်လာတတ်သည့် အလုပ်လက်မဲ့ (Structural Unemployment)၊ စီးပွားရေး အခြေအနေကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသော အလုပ်လက်မဲ့ဖြစ်ပေါ်လာမှုနှင့် လူတစ်ဦးချင်းစီ၏ စိတ်ဆန္ဒ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်သည့် အလုပ်လက်မဲ့ဟူ၍ရှိသည်။ ထိုအချိန်အခါက မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အလုပ်လက်မဲ့အခြေအနေများသည် သီအိုရီက ဖော်ပြထားသော အခြေအနေများအားလုံး အကျုံးဝင်ပေလိမ့်မည်။
ထိုအလုပ်လက်မဲ့ပြဿနာများကို ဖြေရှင်းရာတွင် စီးပွားရေးနည်းလမ်း၊ စီးပွားရေးဗျူဟာများအရ အချက် (၃) ချက် လိုက်နာရန်လိုသည်ဟု ဗိုလ်ချုပ်ကဆိုထားသည်။ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များအရ လူမှန်နေရာမှန် ထားနိုင်ရမည်၊ လုပ်ငန်းခွင်တစ်ခုနှင့် မသင့်လျော် သည့် ဝန်ထမ်းများ(ပိုလျှံဝန်ထမ်းများ)ကို ထိုနေရာမှ ဖယ်ရှား၍ ၎င်းတို့နှင့် သင့်လျော်သည့် လုပ်ငန်းနယ်ပယ် များတွင် ပြောင်းရွှေ့ လုပ်ကိုင်စေနိုင်ရမည်၊ အရေးပါ၍ အပြောကျယ်သော လုပ်ငန်းများဟုဆိုရမည့် နိုင်ငံရေး အရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း တိုင်းပြည်အတွက် သော့ချက်ကျသည့်လုပ်ငန်းများမှာ အစိုးရလက်ထဲ၌ အဆင်သင့်ရှိနေရမည်ဟူသော အချက် (၃)ချက်ကိုပါ ထောက်ပြခဲ့ခြင်းဖြစ်ပေသည်။
(၄)
ထိုအချိန်အခါက အဘယ့်ကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းနေခဲ့ရသနည်း။ ထိုခေတ်အခါက အုပ်စိုးခဲ့ကြသည့် အင်္ဂလိပ်နှင့် ဂျပန်တို့သည် ၎င်းတို့၏ အကျိုးစီးပွားကို သာကြည့်၍ မညီမျှသော စီးပွားရေးဝန်းကျင်ဖန်တီးလျက် လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားခြင်း၊ နိုင်ငံသားတို့၏ စီးပွားရေး အခွင့်အလမ်းများကို ပိတ်ပင်၊ ကန့်သတ်ထား ခြင်းတို့ကို ပြုလုပ်ထားခဲ့ကြ၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ် သည် အလုပ်လက်မဲ့ပြဿနာကို အစိုးရကိုယ်တိုင် ထိထိ ရောက်ရောက်ကိုင်တွယ်၍ ကူညီရန် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်ခြင်း ကို တိုင်းပြည်အတွက်အကြီးဆုံး ကံဆိုးမိုးမှောင်၊ ဂြိုဟ်ဆိုး ဟူ၍ ဆိုးရွားမှုများနှင့် ဥပမာပေးနှိုင်းယှဉ်ပြောဆိုလျက်၊ နိုင်ငံသူနိုင်ငံသားများ အလုပ်အကိုင်များရရှိရေးအတွက် အစိုးရက နည်းလမ်းရှာဖွေကူညီပေးရန်၊ အလုပ်အကိုင်ရရှိ ရေးကို အထောက်အကူပြုစေမည့် အရေးကြီးသော လုပ်ငန်းကြီးများကို အစိုးရက ဦးစီးလုပ်ကိုင်ရန် မိန့်မှာခဲ့ လေသည်။
(၅)
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ အချိန်ကာလအားဖြင့်(၇၃)နှစ် ပင်ကြာမြင့်ခဲ့လေပြီ။ “သေသောသူ ကြာလျှင်မေ့” စကားရှိ သော်လည်း မြန်မာပြည်သူ ပြည်သားတို့အနေဖြင့် ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် မမေ့နိုင်၊ ဗိုလ်ချုပ်၏ စွန့်လွှတ်အနစ်အနာခံတတ်သည့် စိတ်ဓာတ်နှင့် လုပ်ရပ်များကိုလည်း သတိရဆဲ၊ အမှတ်ရနေဆဲ၊ ပြောဆိုမိန့်မှာချက်များကိုလည်း ယနေ့တိုင် ပြန်လည်ဖတ်ရှုမှတ်သားနေကြရဆဲဖြစ်သည်။ သို့ဖြစ်၍ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့် အာဇာနည်နေ့အချိန်အခါတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များစွာထဲမှ အလုပ်လက်မဲ့ပြဿနာနှင့်ပတ်သက်သည့် ပြောကြားခဲ့သည့် စကားများကို ဖတ်ရှုခံစားမျှဝေရင်း ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်းကြီးများကို ဦးညွှတ်အလေးပြုလိုက်ရပေသတည်း။
ကိုးကား။ တင်စိုး(ဘောဂဂုဏ်)၏ ဗိုလ်ချုပ်အောင်ဆန်း ၏ စီးပွားရေးအမြင်


