ဆူးငှက်
 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတယ်။ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်မှာ လက်နက်အားကိုးနဲ့ လုပ်ကြံသတ်ဖြတ်မှုအပေါ် တစ်နိုင်ငံလုံးက ယူကြုံးမရ ဖြစ်ကြရတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ နိုင်ငံဟာ လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ် ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်။ တစ်ဆက်တည်းပဲ ကိုယ်ကျိုးစွန့် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်တိုင် လွတ်လပ်ရေးကို မြင်တွေ့ မသွားကြရခြင်းအပေါ် သူတို့ကျေးဇူး၊ သူတို့ စိတ်ဓာတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားတွေ တစ်ပြည်လုံး ကျင်းပခဲ့ကြတယ်။

 

အိမ်တော်ရာ ဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေးအိမ်တော်ရာ ဘုရားဝင်းအတွင်း က ၁၄ ခန်းဇရပ်ကြီးမှာ ၁၉၄၈ ခုနှစ်ကနေ ၁၉၈၀ ကျော် ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက် အတွင်းမှာတည်ရှိတဲ့ မဟာလောကရံသီ အိမ်တော်ရာစေတီ ပရိဝုဏ်အတွင်း ရာဟုထောင့်က ၁၄ ခန်း ဇရပ်ကြီးဟာ မန္တလေးနိုင်ငံရေးသမိုင်းရဲ့ အောင်မြေဗိမာန်ကြီးလည်း ဖြစ်တယ်။ ၁၄ ခန်းဇရပ်ကြီး ကျယ်ဝန်းတယ်၊ ဘေးမှာ အကာအရံမရှိဘူး။ ရင်ပြင်တော်ကြီးနဲ့လည်း တစ်ဆက် တစ်စပ်တည်းဖြစ်တယ်။ ဒါကြောင့် လူထုအခမ်းအနားကြီးတွေကို ၁၄ ခန်းဇရပ်ကြီးမှာပဲ ကျင်းပလေ့ရှိကြတယ်။ မန္တလေးမြို့ရဲ့ နာမည်ကျော် နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ၊ မြို့လုံးကျွတ် လူထုချီတက်ပွဲကြီးကို ၁၄ ခန်းဇရပ်မှာပဲ စုရပ်ထားပြီး ချီတက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံမှာ ကျဆုံးခဲ့ကြ ရတဲ့ အာဇာနည်များရဲ့ ဈာပနအခမ်းအနားကိုလည်း ၁၄ ခန်းဇရပ်မှာပဲ ကျင်းပခဲ့တယ်။ လူထု သိန်းချီ တက်ရောက်ကြတဲ့ အခမ်းအနားကြီးတွေပါပဲ။ အလားတူ သာသနာရေးကိစ္စတွေ၊ မြို့ရေးရွာရေး ကိစ္စတွေ၊ အမျိုးသားရေးကိစ္စတွေ အတွက် အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီးဟာ လူထုနိုင်ငံရေးဆိုင်ရာ ဘူမိနက်သန် နေရာကြီးဖြစ်ခဲ့တယ်။

 

ကြက်သွေးရောင် ကတ္တီပါကားကြီး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် နိုင်ငံနှင့်အဝန်း ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း၊ အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြီး အလေးပြု၊ မေတ္တာပို့၊ အမျှဝေကြတယ်။ ဒီလိုကျင်းပကြတဲ့အနက် ရန်ကုန်ရွှေတိဂုံခြေရင်းက အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားပြီးရင် မန္တလေးအိမ်တော်ရာ ၁၄ ခန်းဇရပ်ကြီးမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားက အကြီးကျယ်ဆုံး ဖြစ်ပါလိမ့်မယ်။ ၁၄ ခန်းဇရပ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာ ကြက်သွေးရောင် ကတ္တီပါကားကြီး ဆင်ထားတယ်။ အလျားပေ ၅၀၊ အမြင့်ပေ၂၀ လောက်ရှိမှာပေါ့။ ကတ္တီပါကားကြီးမှာ အာဇာနည်ကြီးများ ဓာတ်ပုံကို ချိတ်ဆွဲထားတယ်။ အလယ်ခေါင် အမြင့်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲပြီး ဝဲ/ယာနှစ်ဘက် အညီအမျှနှင့် မှောက်ထားတဲ့ စက်ဝိုင်းခြမ်းသဏ္ဌာန်အတိုင်း ကျန်အာဇာနည်ကြီးများ ဓာတ်ပုံတွေ ချိတ်ဆွဲတယ်။ ဒီစက်ဝိုင်းကွေးအောက်မှာ ဘယ်နှနှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဆိုတဲ့ စာလုံးတွေ ကပ်ထားတယ်။ အာဇာနည်ကြီးများ ဓာတ်ပုံတွေအောက်မှာ လွမ်းသူ့ပန်းခွေများနှင့် အာဇာနည်ကြီး များ နာမည်ကို ရေးထိုးထားတယ်။ ဇရပ်ကြီးရဲ့ တိုင်တွေတိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနှင့်အတူ မိန့်ခွန်း ကောက်နုတ်ချက်တွေကို ချိတ်ဆွဲထားတယ်။ ကတ္တီပါကားကြီးအောက်ခြေမှာ လွမ်းသူ့ပန်းခွေတွေ ချိတ်ဆွဲဖို့ သစ်သားတန်းတွေ ရိုက်ထားတာ ဇရပ်ကြီးရဲ့ အနံအရှိ အတိုင်းပါပဲ။

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင် မိန့်ခွန်းဓာတ်ပြား

ဇူလိုင် ၁၉ ရက်နေ့ နံနက် စောစောကတည်းက ၁၄ ခန်းဇရပ်ကြီးဘေးမှာ မီးသတ်ကားတစ်စီး ရပ်ထားတယ်။ ဘေးက ဂျစ်ကားပေါ်မှာ အသံချဲ့စက်တင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင် မိန့်ခွန်းဓာတ်ပြားဖွင့်ထားတယ်။ ဘုရားရဲ့ မုခ်လေးမုခ်အပြင် အနောက်ဘက်မှာရှိတဲ့ မော်တော်ကားဝင်ပေါက်တွေကတစ်ဆင့် မန္တလေးတစ်မြို့ လုံးက ကျောင်းတွေ၊ ရုံးဌာနတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ရပ်ကွက်တွေက လူထုပရိသတ်ဟာ ဆိုင်းဘုတ်၊ လွမ်းသူ့ ပန်းခွေ၊ တိုင်ဝက်လွှင့်ထူထားတဲ့ အလံတွေကိုင်ပြီး ငြိမ်သက်တိတ်ဆိတ်စွာနှင့် ချီတက်ဝင်ရောက်လာပြီး ၁၄ ခန်းဇရပ်အတွင်း လွမ်းသူ့ပန်းခွေချကာ နေရာယူကြ တယ်။ အသံချဲ့စက်က ဖွင့်ထားတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို နားစွင့်ပြီး တက်ခေါက်၊ အံကြိတ်၊ လက်သီးကျစ်ကျစ်ဆုပ်ကြတဲ့သူ ချည်းပါပဲ။ ကျောင်းသားလူငယ်လေးတွေ၊ ကျောင်းမနေရသေးတဲ့ လူမမယ်လေးတွေကပင် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများအကြောင်းကို စိတ်ဝင်စားကြ၊ မေးမြန်းကြ၊ လူကြီးတွေ ပြောပြတာ နာယူကြ၊ အချင်းချင်းလည်း ဗိုလ်ချုပ်လိုဖြစ်အောင် ကြိုးစားကြမယ်လို့ ပြောဆိုကြတယ်။ တစ်မြို့လုံးနီးပါး အိမ်စောင့်ချန်ပြီး လာရောက်ဂါရ၀ပြုကြလို့ ဇရပ်ကြီးထဲမှာသာမက အိမ်တော်ရာ ဘုရားရင်ပြင် အထိ လူထုပရိသတ်ကြီး ပြည့်သွားပါပြီ။

 

ဥဩတွေဆွဲကာ ဂါရ၀ပြုဦးညွှတ်

အာဇာနည်ကြီးများ ကျဆုံးတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်ရောက်တော့ ရပ်ထားတဲ့ မီးသတ်ကားက အချက်ပေး ဥဩဆွဲတယ်။ ဒီဥဩသံက မြန်မာ့အသံရေဒီယိုကနေ တစ်နိုင်ငံလုံး ချိန်ကိုက်ဖြစ်အောင် ထုတ်လွှင့်ပေးတဲ့ ဥဩသံ နှင့်အတူ တစ်ပြိုင်နက်ဆွဲလိုက်တာပါပဲ။ ဒီအချိန်မှာ မန္တလေး လေးပြင်လေးရပ်မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေ၊ သစ်စက်၊ ဆန်စက်၊ ဘိလပ်ရည်စက်၊ မီးခြစ်စက်၊ ဗြစ်စက်ရုံ စတဲ့ အစိုးရစက်ရုံကြီးတွေ၊ မြစ်ဆိပ်မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘော၊ မော်တော်တွေကလည်း ဥဩတွေဆွဲကာ ဂါရဝပြုဦးညွှတ်လိုက်တာပါပဲ။ မြို့လယ်ကောင် ဘူတာကြီးမှာရှိတဲ့ မီးရထား စက်ခေါင်းရုံကလည်း ဥဩဆွဲတယ်။ အခမ်းအနားကျင်းပနေတဲ့ ၁၄ ခန်းဇရပ်နှင့် အိမ်တော်ရာဘုရား ရင်ပြင်က သိန်းချီတဲ့ လူထုပရိသတ်ကြီးဟာ အပ်ကျသံ ကြားရမတတ်ပင် တိတ်ဆိတ်စွာနှင့် အာဇာနည်ကြီးများကို ဦးညွှတ်ဂါရ၀ပြု မေတ္တာပို့ကြတဲ့မြင်ကွင်းဟာ မြင်ရသူတိုင်း မျက်ရည်လည်ရတာချည်းပါပဲ။

 

ဂါရ၀ပြုပြီးနောက် မြို့မိမြို့ဖများထဲက အာဇာနည်ကြီးများ ဂုဏ်ကျေးဇူးတွေ ဟောပြောကြ၊ အာဇာနည်ကြီးများ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို ပြောဟောကြတယ်။

 

အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာ ကျင်းပခဲ့တဲ့ မန္တလေး အာဇာနည်နေ့အခမ်းအနားတွေဟာ လူထုသဘောဆောင်တယ်။ လူထုတစ်ရပ်လုံးအပေါ် လွှမ်းမိုးတယ်။ ကလေးသူငယ်ကအစ အရွယ်မျိုးစုံရဲ့ စိတ်ဓာတ်ထဲမှာ လွတ်လပ်ရေးကို ကာကွယ်လိုစိတ် ချစ်မြတ်နိုးစိတ်နှင့်အတူ အာဇာနည်ကြီးများကဲ့သို့ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်စားဆောင်ရွက်လိုစိတ်တွေဆိုတဲ့ ရလဒ်ကောင်းတွေ ကိန်းအောင်းသွားစေခဲ့တာ ဧကန်ပါပဲ။   ။