ကောင်းမွန်
သင့်အနေဖြင့် လုပ်ငန်းဌာနတစ်ခု၊ ကုမ္ပဏီတစ်ခု၌ အလုပ်ခန့်အပ်ခံရသည့်အခါ ကနဦးတွင် ပတ်ဝန်းကျင် အသစ်က သင့်အပေါ် အထိုက်အလျောက် လွှမ်းမိုးမှုရှိမည် ဖြစ်သည်။ သို့ရာတွင် အစပိုင်းကတည်းက မှန်မှန်ကန်ကန် လုပ်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းဌာနအသစ်၊ ကုမ္ပဏီအသစ်၌ ကျေနပ်အားရဖွယ်ကောင်းသည့်၊ အောင်မြင်သည့် အခြေအနေတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။ ယင်းအခြေအနေသို့ ရောက်ရှိရန် မည်သည့် လုပ်ငန်းဌာန၌မဆို ဝန်ထမ်းအသစ်များအနေဖြင့် လုပ်ငန်းဌာန၊ ကုမ္ပဏီတို့က အကဲခတ်သုံးသပ်သွားမည့် အခြေခံအရည်အသွေး၊ တစ်နည်းဆိုရသော် လုပ်ငန်းခွင်၌ အောင်မြင်သူတစ်ဦး ဖြစ်လာရန် ဖော်ထုတ်ထိန်းသိမ်းသင့်သည့် အရည်အသွေး၊ အလေ့အထကောင်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -
(၁) အချိန်မှန်ကန်မှုရှိပါစေ
လုပ်ငန်းခွင်သို့ အချိန်မှန်ရောက်ရှိပါစေ။ အချိန်ပို စောပါက ပိုမိုကောင်းမွန်ပါသည်။ နေ့တစ်နေ့ကို စတင်ရာတွင် သက်သောင့်သက်သာနှင့် အသားတကျ စတင်နိုင်ရေးအတွက် အချိန်မှန်ကန်မှုရှိဖို့ အရေးကြီးပါသည်။
(၂) လိုအပ်သကဲ့သို့ တာဝန်ယူဆောင်ရွက်ပါ ။
လုပ်ငန်းများ ပြီးမြောက်စေရန် လိုအပ်သကဲ့သို့ ကနဦး အရေးယူဆောင်ရွက်မှုများကို တာဝန်ယူ ပြုလုပ်ပါ။ သင့်အနေဖြင့် လုပ်ငန်းခွင်သို့ စောစောရောက်၍ ရေနွေးကရား၌ ရေဖြည့်ပြီးတည်ထားရန် လိုပါကလည်း လုပ်ဆောင်ထားသင့်သည်။ ။
(၃) သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိပါစေ
သင်၏ လုပ်ငန်းခွင်နေရာနှင့် စားပွဲခုံတို့ကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနှင့် နှစ်သက်ဖွယ်ရှိအောင် ထိန်းသိမ်းထားရှိပါ။ ပျက်စီးလွယ်သည့် အမှိုက်များကို ချက်ချင်းလွှင့်ပစ်၍ တစ်နေ့တာ အလုပ်ပြီးစီးချိန်တွင် သင်၏လက်ဖက်ရည်၊ ကော်ဖီခွက်တို့အား အသေအချာဆေးကြောသင့်သည်။ ဤအချက်မှာ အများနှင့် ဆိုင်သည့် လုပ်ငန်းခွင်နေရာ၊ သန့်စင်ခန်းတို့အား အသုံးပြုရာတွင်လည်း သက်ဆိုင်သည်။ မိမိအသုံးပြုပြီးနောက် အခြားသူများလည်း သန့်သန့်ရှင်းရှင်း အသုံးပြုနိုင်ရေး အချက်အပေါ် သတိပြုသင့်သည်။
ကြုံကြိုက်လို့ ပါရီမြို့ အခြေစိုက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ရုံးချုပ်ရှိ သန့်စင်ခန်းတစ်ခုမှာ ကပ်ထားတဲ့ အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာနဲ့ အောက်ပါစာသားလေးကို သဘောကျမိလို့ မျှဝေလိုပါတယ် -
Please leave this place as clean as you would like to see it when entering.
Priere de laisser ces lieux dans l'etat de proprete dans lequel vous souhaitez les trouver en entrant!
“ဤအခန်းထဲကို ဝင်လာစဉ် မြင်တွေ့လိုသည့်အနေ အထားအတိုင်း သင်အသုံးပြုပြီး ထွက်ခွာချိန်မှာလည်း သန့်သန့်ရှင်းရှင်း ထားရှိပေးပါ” လို့ ဆိုလိုရင်းဖြစ်ပါတယ်။
(၄) စနစ်တကျ သိမ်းဆည်းထားသိုပါ။
အကောင်းဆုံး သတိပေးရည်ညွှန်းချက်မှာ သင်၏ ဖိုင်တွဲများကို ထည့်သွင်းထားသိုရန် ခွက်များ၊ စားပွဲခုံများ၊ အံဆွဲများ၊ ဘီရိုများသည် ရောနှော၊ ရှုပ်ထွေးနေခြင်း ရှိ၊ မရှိ သို့မဟုတ် စနစ်တကျ မှတ်သား၊ ထိန်းသိမ်းထားခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။
(၅) စနစ်ကောင်းကို ထိန်းသိမ်းပါ
ကောင်းမွန်သည့်စနစ်က လုပ်ငန်းများ အကောင်အထည်ဖော်မှုကို ချောမွေ့ အဆင်ပြေစေသည်။ များသောအားဖြင့် အခြေတကျရှိပြီးသည့် ကုမ္ပဏီကြီးများ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်းများ ရှိတတ်ပါသည်။ အကယ်၍ နှုတ်ဖြင့် ညွှန်ကြားထားချက်များသာ ရှိပါကလည်း လုပ်ငန်းပြီးမြောက်စေရန် မည်သို့ဆောင်ရွက်သင့်သည် ဆိုသည့်အချက်နှင့်ပတ်သက်၍ ကိုယ်ပိုင်စံညွှန်းများကို ဖော်ထုတ်ထားသင့်ပါသည်။
(၆) ကျွမ်းကျင်မှု ရှိပါစေ
အချို့သောပုဂ္ဂိုလ်များမှာ သဘာဝအလျောက်ပင် ကျွမ်းကျင်မှုရှိသူများ ဖြစ်ကြသည်။ အရာရာကို စနစ်တကျ လေ့လာခြင်းဖြင့် ယင်းကဲ့သို့ အရည်အချင်းမျိုးကိုရရှိရန် လေ့ကျင့်ပျိုးထောင်နိုင်သည်။ ယင်းသို့ဆိုပါက လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုလျင်မြန်ပြီး ပိုမိုစနစ်ကျ၍ သက်သောင့်သက်သာ ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
(၇) ပြဿနာအား ဖြေရှင်းရေး
သင်လုပ်ကိုင်နေသည့်အလုပ်ကို ကောင်းစွာနားလည်စေရန် လေ့လာပါ။ တည်ဆဲလုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်ပါ။ ပြဿနာ၏အဖြေကို ရှာဖွေဖော်ထုတ်နိုင်ရန် မိမိ၏ တွေ့ရှိချက်များ၊ အယူအဆများ၊ အကြံပြုချက်များကို လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းအပ်နှံသူများနှင့်မျှဝေပါ။
(၈) ဆောင်ရွက်ထားရှိချက်နှင့်ပတ်သက်၍ လိုအပ်သလို သတိပေးမေးမြန်းပါ ။
ဆောင်ရွက်ထားရှိချက်နှင့်ပတ်သက်၍ လိုအပ်သကဲ့သို့ သတိပေးမေးမြန်းရန်ဟု ဆိုရာတွင်လည်း လုပ်ငန်း ကိစ္စနှင့်ပတ်သက်၍ အကြောင်းကြားပြီးနောက် ၂၄ နာရီအတွင်း ချက်ချင်းမေးမြန်းသွားရန် ဆိုလိုခြင်းမဟုတ်ပေ။ အကြောင်းကြားထားပြီး သုံးရက်ခန့် ကြာမြင့်ချိန်တွင် မသိမသာ မေးမြန်းပါ။ ဝန်ထမ်းအများစုမှာ လုပ်ငန်း၏ အရေးကြီးမှုကို နားလည် သဘောပေါက်ကြသည့်အလျောက် သတ်မှတ်ထားသည့် နောက်ဆုံးအချိန်၏ အရေးကြီးမှုကို အလေးထား ပြောကြားထားပါက လုပ်ငန်းများကို လျင်မြန်စွာ ပြီးစီးစေရန် ကူညီဆောင်ရွက်ကြမည် ဖြစ်သည်။
ငွေကြေးကိစ္စရပ်များ၌လည်းကောင်း၊ စာရွက်စာတမ်းများကို အခြားသူများထံ အရောက်ပေးပို့ရာ၌လည်းကောင်း အစဉ် လုံ့လဝီရိယရှိပါစေ။ ယင်းသို့ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ပြီးစီးမှု ရှိ၊ မရှိ စိစစ်နိုင်ရန် သင်၏ ပြက္ခဒိန်၌ အစဉ်မှတ်သားထားသင့်သည်။
(၉) လျင်မြန်မှု ရှိပါစေ ။
ပုံမှန်လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်တတ်ရန် လေ့ကျင့်ပါ။ သို့သော်လည်း အလျင်စလို ဆောင်ရွက်ရမည် ဟု ဆိုလိုခြင်း မဟုတ်ပေ။
(၁၀) တိကျမှု ရှိပါစေ။
အသေးစိတ်အချက်အလက်များ၊ အထူးသဖြင့် ကိန်းဂဏန်းများ၊ ရက်စွဲများနှင့် သက်ဆိုင်ပါက အလေးဂရုပြု မှတ်သားတတ်သည့် အလေ့အထကို လေ့ကျင့်ပျိုးထောင်ပါ။
(၁၁) တတ်နိုင်သမျှ အမှားနည်းပါစေ။
လူတိုင်း၌ အမှားမကင်းနိုင်သော်လည်း ပုံမှန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ အမှားနည်းစေရန် ရည်မှန်းထားသင့်သည်။ အချို့သော အမှားများအတွက် ထိုက်သင့်သည့် တန်ဖိုးပေးဆပ်ရတတ်သည်ကို သတိပြု သင့်သည်။ ။
(၁၂) စာရွက်စာတမ်းပိုင်း ထိန်းသိမ်းမှု
စာရွက်စာတမ်းများကို စနစ်တကျထိန်းသိမ်းပါ။ လုပ်ငန်းကိစ္စတစ်ခု ဆောင်ရွက်ပြီးစီးပြီဆိုသည်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ချက်ချင်းရှင်းလင်းပါ။ ဖိုင်တွဲများကို အချိန်နှင့်တစ်ပြေးညီထိန်းသိမ်းထားခြင်းဖြင့် အရေးကြီးသည့် အချက်အလက်များကို အချိန်တိုအတွင်းရှာဖွေရရှိနိုင်မည် ဖြစ်သည်။
(၁၃) ဝန်ထမ်းများအကြား ခင်မင်ရင်းနှီးမှု ရှိပါစေ ။
လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်းနှင့် အထက်အရာရှိတို့အပေါ် ခင်မင်ရင်းနှီး၍ လိုလားဖွယ် အပြုသဘော ရှုမြင်ပါ။ လုပ်ဖော်ကိုင်ဖက်များအကြား သင်၏ အမျက်ဒေါသ၊ စိတ်ပျက်မှု သို့မဟုတ် သရော်လိုသည့် အနေအထားတို့မှာ လက်ခံဖွယ်ရာမရှိသဖြင့် မည်သည့်အခါမျှ ထုတ်ဖော် ပြသခြင်း မပြုသင့်ပေ။
တယ်လီဖုန်း ဆက်သွယ်ပြောကြားရာတွင်လည်း ဝန်ထမ်းတိုင်း၏ ပြောဆိုမှုမှာ လုပ်ငန်းဌာန၊ ကုမ္ပဏီ၏ ပုံရိပ်ကို ထင်ဟပ်စေသည့်အလျောက် အပြုသဘောဆန်သည့်၊ လိုလားနှစ်သက်ဖွယ် တက်ကြွမှုရှိသည့် အနေအထား မျိုးဖြင့် ပြောဆိုသင့်သည်။
(၁၄) အဖွဲ့လိုက် စုပေါင်းဆောင်ရွက်တတ်မှု။
အဖွဲ့လိုက် စုပေါင်းဆောင်ရွက်တတ်သည့် အဖွဲ့သာ တစ်ဦးဖြစ်ပါစေ။ သင်၏အတွေးအခေါ်၊ အယူအဆ၊ လုပ်ငန်း ပိုင်းအတွေ့အကြုံ၊ သတင်းအချက်အလက်များနှင့် ပုံစံများကို လိုလိုလားလား မျှဝေခြင်းဖြင့် သင်၏လုပ်ဖော်ကိုင်ဖက်များက ယင်းတို့ကို အသစ်မှပြန်လည်စတင်ရန် လိုအပ်တော့မည်မဟုတ်ပေ။ ဤနည်းဖြင့် လုပ်ဖော်ကိုင်ဖက်များအကြား တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ။
(၁၅) လုပ်ငန်းခွင်၌ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ
လုပ်ငန်းခွင်၌ ကိုယ်ရေးကိုယ်တာ ဖုန်းပြောမှုများ၊ အီးမေးလ်အဆက်အသွယ်များ၊ SMS များ ပေးပို့ခြင်းတို့ အတွက် အချိန်များစွာယူခြင်း၊ လက်ဖက်ရည်သောက်ရန် မကြာခဏ အပြင်ထွက်ခြင်းတို့ကို ဆင်ခြင်သင့်သည်။
အခြားဝန်ထမ်းများ၏ လုပ်ငန်းနေရာ၊ စားပွဲခုံ စသည်တို့ကိုလည်း မလေးမစားမပြုသင့်ပေ။ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် ရုံးသုံးစက္ကူများ၊ စာရေးကိရိယာများ အား အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။
(၁၆) စာအရေးအသား
သင်၏ စာအရေးအသားပိုင်း၊ အစီရင်ခံစာ ရေးသားပြုစုသည့်အပိုင်း အရည်အသွေးကို ပိုမိုကောင်းမွန်စေမည့် တစ်ခုတည်းသော နည်းလမ်းမှာ လေ့ကျင့်မှုပိုမိုပြုလုပ် ခြင်းပင်ဖြစ်သည်။
(၁၇) စာဖတ်ခြင်း
စာအရေးအသားပိုင်း အရည်အချင်းကဲ့သို့ ထပ်တူ အရေးကြီးသည်မှာ စာဖတ်သည့် အလေ့အထပင်ဖြစ်သည်။ စာဖတ်သည်ဟုဆိုရာတွင်လည်း ဖတ်သည့် အကြောင်းအရာအပေါ် နားလည်သဘောပေါက်ပြီး အရေးကြီးသည့် အယူအဆ၊ အချက်အလက်၊ ကိန်းဂဏန်းများနှင့် ညွှန်ကြားချက်များကို ကောင်းစွာခြုံငုံမိရန် လိုအပ်သည်။ ။
(၁၈) ဦးစားပေးရမည့် လုပ်ငန်းရွေးချယ်နိုင်ခြင်း
မည်သည့်အလုပ်ကို ဦးစားပေး၍ မည်သည့်ကိစ္စကို နောက်ပိုင်းမှလုပ်ဆောင်ရမည်ကို ခွဲခြားဆောင်ရွက်တတ် ခြင်းမှာ အရေးကြီးသည့် အရည်အချင်းတစ်ရပ်ပင် ဖြစ်သည်။ လုပ်ငန်းအပေါ် အလေးထား၍ သတ်မှတ် ထားသည့် နောက်ဆုံးနေ့ရက်မတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ပါ။ နောက်ဆုံးအချိန်ပိုင်းမှ လုပ်ဆောင်ရမည့် စီမံချက်များကို စိတ်အေးလက်အေး ဆောင်ရွက်နိုင်ရေးအတွက် တစ်နေ့တာအလိုက် လုပ်ဆောင်ရမည့်အလုပ်နှင့် ရက်သတ္တတစ်ပတ်စာ လုပ်ဆောင်ရမည့် ကိစ္စရပ်များကို စီမံခန့်ခွဲထားရှိသင့်သည်။ ။
(၁၉) စာရွက်စာတမ်းများ စနစ်တကျဖိုင်တွဲခြင်း
ဝန်ထမ်းများအနေဖြင့် အထက်တာဝန်ရှိသူတို့က ချက်ချင်းသိရှိလို၍ မေးမြန်းလာမှုများကို ဖြေကြားနိုင်ရန် သို့မဟုတ် စာရွက်စာတမ်းများကို တိုတောင်းသည့် အချိန်အတွင်း ပြန်လည်ရှာဖွေရန် အခြေအနေမျိုးနှင့် တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံတွေ့ရမည် ဖြစ်သည်။ ယင်းအချိန်မျိုးတွင် အထက်တာဝန်ရှိသူတို့ကို အချိန်ပေးစောင့်ဆိုင်းရန် မေတ္တာရပ်ခံ၍ရမည် မဟုတ်သဖြင့် စာရွက်စာတမ်းများအား စနစ်တကျဖိုင်တွဲရေးမှာ အရေးကြီးသည့် အလေ့အကျင့် တစ်ခုပင် ဖြစ်သည်။ သံဘီရိုများအတွင်း သိမ်းဆည်းထားသည့် ဖိုင်တွဲများဖြစ်စေ၊ ကွန်ပျူတာအတွင်း သိမ်းဆည်းထားသည့် ဖိုင်တွဲများ ဖြစ်စေ စနစ်တကျသိမ်းဆည်းထားရန် အရေးကြီးသည်။
(၂၀) တာဝန်ဝတ္တရား
လုပ်ငန်းခွင်၌ သင်၏တာဝန်ဝတ္တရား အဝန်းအဝိုင်းကို ကောင်းစွာသိရှိပြီး ဆောင်ရွက်ရမည့်လုပ်ငန်းနယ်ပယ် ကို ခိုင်ခိုင်မာမာ သတ်မှတ်လုပ်ဆောင်သင့်သည်။ သင့်အနေဖြင့် အထက်ဖော်ပြပါ အလေ့အထကောင်းများကို တတ်နိုင်သမျှ မြန်ဆန်စွာ လေ့ကျင့်ပျိုးထောင်နိုင်သည်နှင့်အမျှ လုပ်ငန်းခွင်အသစ်၊ လုပ်ငန်းဌာနအသစ်၊ ကုမ္ပဏီအသစ်၌ အရည်အသွေးများ လျင်မြန်စွာ တောက်ပြောင်လာမည်ဖြစ်ပြီး အတူလက်တွဲဆောင်ရွက် နေသည့် လုပ်ဖော်ကိုင်ဖက်များ၏ လေးစားမှုကိုလည်း ရရှိစေမည်ဖြစ်သည်။ ။
Ref:
Jesu, Bernadette. "20 good work habits to develop." The Star 1 Oct. 2011: Star Classifieds
Maung Koung Mon. "ဖော်ထုတ်ထိန်းသိမ်းသင့်သည့် လုပ်ငန်းခွင်အလေ့အကျင့်များ.” A-pyin-si. November 2011


