ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့််အထိမ်းအမှတ်နှင့် ဆေးတက္ကသိုလ်များ
=====================================================
ပါမောက္ခသိန်း ဆေးတက္ကသိုလ်(၁) ရန်ကုန်
မြန်မာနိုင်ငံမှာ အခုခေတ်ရှိနေတဲ့ တက္ကသိုလ်ပေါင်းစုံရဲ့မြစ်ဖျားခံရာ မိခင်တက္ကသိုလ်ကြီး ဖြစ်ခဲ့ပြီး မိမိတို့ နိုင်ငံရဲ့ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်တွေ၊ အသိပညာ ရှင်၊ အတတ်ပညာရှင်တွေ၊ ပြည်သူချစ်တဲ့ အနုပညာရှင် တွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးတို့ အတွက် ထူးချွန်ထက်မြက်တဲ့ ပညာတတ်ပုဂ္ဂိုလ်တွေကို မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်လာခဲ့တာမို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။
ဗြိတိသျှအစိုးရခေတ် ၁၉၀၀ ပြည့်နှစ်ကတည်းက ဖွင့်ခဲ့တဲ့ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်ဟာ ကာလ်ကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံများသာ ဖြစ်ရာ မြန်မာ့မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ နှိုးဆော်မှု၊ အိန္ဒိယ နိုင်ငံအထိ သွားရောက်အရေးဆိုမှုတွေကြောင့် နောက်ဆုံးမှာ ဗြိတိသျှအစိုးရက မလွှဲမရှောင်သာတော့ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး သီးခြား တက္ကသိုလ် ဆောက်လုပ်စေခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှအစိုးရဟာ ရန်ကုန်တက္ကသိုလ်ကြီးကိုဆောက်လုပ်ရာမှာ ဘုရင်ခံချုပ် ဆာရယ်ဂျီနယ်ဂရက်ဒေါက် က ဒုတိယဘုရင်ခံချုပ် ဆာဟာကုတ်ဘတ္တလာကို တာဝန်ယူစေပြီး ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် T.O. Forstar (တီအိုဖော်စတာ) ဦးဆောင်တဲ့ အင်္ဂလန်နိုင်ငံမှ အဆောက်အအုံပညာရှင်တွေက အင်္ဂလန်နိုင်ငံရှိ အထင်ကရတက္ကသိုလ်တွေဖြစ်တဲ့ Oxford နဲ့ Cambridge University တို့ရဲ့ စံနှုန်းနဲ့ ပုံစံတွေကို အခြေခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ၁၉၂၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမ၊ တကောင်းဆောင်နဲ့ ပြည်ကျောင်း ဆောင်၊ သထုံ ကျောင်းဆောင်၊ တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်ဆေးရုံ၊ စစ်ကိုင်းဆောင်၊ ပင်းယဆောင်၊ ပဲခူးဆောင်၊ သထုံဆောင်၊ အင်းဝဆောင်၊ ရွှေဘိုဆောင်နဲ့ ဒဂုံဆောင်၊ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၊ ဘင်တန်ဟော ( နောင် သီရိဆောင်)၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းတိုက်၊ ရန်ကုန်တက္ကသိုလ်အားကစားရုံကြီး၊ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမျှော်စင်၊ တက္ကသိုလ် ဓမ္မာ ရုံကြီး၊ တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်စာအုပ်ဆိုင်၊ ဖုန်းလိုင်းရုံးခွဲ၊ ပါမောက္ခနေအိမ်တွေ၊ အလုပ်သမား တန်းလျားတွေကို နှစ်အလိုက် တည်ဆောက်ခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးနှင့် ဆေးပညာလောက
ဆေးတက္ကသိုလ်များ
တစ်ချိန်က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ အနေနဲ့စခဲ့ပြီး အခုဆေးတက္ကသိုလ်တွေအနေနဲ့ အမိ နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် ဆေးပညာရှင် ဆရာဝန်တွေ မွေးထုတ်ပေးခဲ့၊ ပေးနေဆဲ ဆေးလောက အကြောင်း ပြောပြဖို့လိုပါတယ်။ မိမိတို့နိုင်ငံရဲ့အနောက် တိုင်း ဆေးပညာသင်ကြားရေးဟာ (Licentiate in Medical Practice -LMP) လို့ခေါ်တဲ့ သင်တန်းနဲ့ စခဲ့တာပါ။ Burma Government Medical School လို့ခေါ်တဲ့ အစိုးရဆေးကျောင်းကို ရန်ကုန်အထွေထွေ ဆေးရုံကြီး (Rangoon General Hospital ) နဲ့အတူ ၁၉၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းကို ရန်ကုန် ဆေးရုံကြီးအဟောင်း ယခု အမျိုးသားသွေးဌာန (National Blood Center) အဆောက်အအုံရှေ့ ရွှေတိဂုံ ဘုရားလမ်းနဲ့ ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယခင် ကော်မရှင်နာလမ်း) ထောင့်မှာ ဖွင့်လှစ်ခဲ့ကြပါတယ်။ အဲဒီသင်တန်းဟာ လေးနှစ်သင်တန်းဖြစ်ပြီး သင်တန်းပြီး မြောက် အောင်မြင်သူတွေကို(Licentiate in Medical Practice -LMP) ဆိုတဲ့ လက်မှတ်ပေးကာ ဆေးကုသခွင့် လိုင်စင် ပေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ဆေးပညာသင် ယူချင်တဲ့ မြန်မာနိုင်ငံသားအားလုံးဟာ အများအားဖြင့် အိန္ဒိယနိုင်ငံက ဆေးကျောင်းတွေကို သွားရောက်သင်ကြား၊ ပညာဆည်းပူးပြီး ဘွဲ့ယူခဲ့ကြရပါတယ်။

ဆေးပညာဌာနကို ထားရှိဖွင့်လှစ်
ရန်ကုန်တက္ကသိုလ် ကို ၁၉၂၀ ပြည့်နှစ်မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားဆေးကောလိပ်အနေနဲ့ ဆေးပညာသင်ကြား တဲ့ ဦးရေကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာပဲ ဆေးပညာသင်ကြားနိုင်ဖို့ ၁၉၂၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် မှ အဖွဲ့ဖွဲ့ပြီး လေ့လာခဲ့ကာ ၁၉၂၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ရဲ့အောက်မှာပဲ အခြားဌာနများနည်းတူ ဆေးပညာဌာန (Medical Department) ကို ထားရှိဖွင့်လှစ်ခဲ့ကြပါတယ်။
၁၉၂၃ ခုနှစ်မှာ အမ်ဘီဘီအက်(စ်) M.B.,B.S (Bachelor of Medicine and Bachelor of Surgery) သင်တန်းကို ရန်ကုန်ဆေးရုံကြီးအရှေ့ရှိ သစ်သားဆောင်များ (ယခု ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကုဌာနနဲ့ အရေပြား ရောဂါကုဌာနများ တည်ရှိရာနေရာ)မှာ စတင်ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။ ပထမဆုံးသင်တန်းမှာ သင်တန်းသား သင်တန်းသူ ၂၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိကြရပါတယ်။
၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ လက်ရှိ လမ်းမတော်မြို့နယ် မြို့မကျောင်းလမ်းရှိ ဆေးတက္ကသိုလ် (၁) အဆောက်အအုံကို ထိုစဉ်က ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာ (Sir Harcourt Butler ) က အုတ်မြစ်ချခဲ့ပါတယ်။ (ဒါကြောင့် လွန်ခဲ့တဲ့သုံးနှစ် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ နှစ်ကိုးဆယ်ပြည့် နဝရတ်ရတုအထိမ်းအမှတ်ပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်)
MBBS ဘွဲ့ကို ပထမဆုံးအကြိမ် ချီးမြှင့်အပ်နှင်း
၁၉၂၉ ခုနှစ် အောက်တိုဘာလ၂၅ ရက်နေ့မှာ MBBS သင်တန်းကို အဲဒီအဆောက်အအုံမှာ ရွှေ့ပြောင်းသင်ကြား ခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန်ကောလိပ်အောက်ရှိ ဆေးပညာဌာန (Medical Department) ကို ဆေးကောလိပ် (Medical College) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ MBBS သင်တန်း ပြီးမြောက်အောင်မြင်သူ ၁၀ ဦးကို ၁၉၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ MBBS ဘွဲ့ကို ပထမဆုံးအကြိမ် ချီးမြှင့်အပ်နှင်းနိုင်ခဲ့ပါတယ်။
ဆေးကောလိပ်ကို Governing Body လို့ခေါ်တဲ့ ကျောင်းအုပ် ( Principal ) ဦးဆောင်တဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ နဲ့ လုပ်ငန်းဆောင်တာအဝဝကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါအုပ်ချုပ်ရေးအဖွဲ့မှာ မြန်မာလူမျိုးအနေနဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးဘခက်နဲ့ ဦးဆက် နှစ်ဦးသာ ပါဝင် ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ကြရပါတယ်။ သင်ကြားရေး ဆရာ ၃၀ ထဲမှာလည်း မြန်မာလူမျိုးထဲမှ သားဖွားမီးယပ် ဆရာဝန်မကြီး ဒေါက်တာဒေါ်ရင်မေ တစ်ဦးသာ ပါဝင်ခဲ့ပါ တယ်။ ၁၉၃၅-၁၉၃၆ ခုနှစ် ရောက်မှသာ သင်ကြားရေးမှာ မြန်မာလူမျိုးဆရာဝန်များ တဖြည်းဖြည်း ပါဝင်ဆောင်ရွက် လာကြကာ ၎င်းပုဂ္ဂိုလ်ကြီးတွေဟာ မြန်မာ့ဆေးလောက သမိုင်းရဲ့ ဦးစီးဦးဆောင် ပုဂ္ဂိုလ်ကြီးတွေအဖြစ် မော်ကွန်း တင်ကြရမှာ ဖြစ်ပါတယ်။
၁၉၃၇ ခုနှစ်မှာ ရန်ကုန်ဆေးကောလိပ် (Rangoon Medical College) ရဲ့ MBBS ဘွဲ့ကို ဗြိတိသျှနိုင်ငံ ဆေးကောင်စီ (GMC: General Medial Council) က အသိ အမှတ်ပြုခဲ့ပါတယ်။ ၁၉၄၂-၁၉၄၅ ခုနှစ်တွေမှာ မိမိတို့နိုင်ငံ ဂျပန်အုပ်ချုပ်မှုအောက်ရောက်နေချိန်မှာ ဆေးပညာ သင်ကြားရေးတွေ ရပ်ဆိုင်းသွားခဲ့သလို ဂျပန်စစ်တပ်က ယခုဆေးတက္ကသိုလ်အဆောက်အအုံကိုလည်း သိမ်းပိုက်ပြီး ကျောင်းရဲ့ ပစ္စည်းတွေ၊ မှုခင်းဆေးပညာပြတိုက်နဲ့ စာကြည့်တိုက်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သိမီ လိုက်တဲ့ ဆရာကြီးတွေဆီက တစ်ဆင့်စကားတစ်ဆင့် ကြားခဲ့ကြရပါတယ်။
၁၉၄၂ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လာပြီးနောက် အင်္ဂလိပ်အစိုးရအဖွဲ့ အထက်မြန်မာပြည်သို့ ဆုတ်ခွာရာသို့ မလိုက်သွားဘဲနေခဲ့တဲ့ ဆရာဝန်ကြီး ဦးဘသန်းက အရင်အခေါ် ဂေါ်ရာကုန်းနေရာမှာ ဘီအိုင်အေဆေးရုံကြီးကို တည်ထောင်ဖွင့်လှစ်ပြီး ဆေးကုသခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆရာကြီး ဦးဘသန်းဟာ ဂျပန်ခေတ်မှာ ဆေးပညာသင်ကြားရေး တွေ ပိတ်ထားရပေမယ့် မြန်မာပြည်က ဆရာတွေအပြင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်ပါရဂူအချို့ကို ခေါ်ဆောင်လာကာ ဆေးပညာတွေကို သင်ကြားစေခဲ့ တယ်လို့ မှတ်သားရပါတယ်။ အဲဒီဂျပန်ခေတ်ဘီအိုင်အေ (BIA) ဆေးရုံကြီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကို ဖူးစာဆုံပေးခဲ့တဲ့နေရာ လည်း ဖြစ်ပါတယ်။

အဲဒီအချိန်က ဗြိတိသျှအစိုးရဟာ ဗြိတိသျှစစ်တပ် တွေ မြန်မာနိုင်ငံထဲကို ပြန်မဝင်ခင်ကပင် ရန်ကုန် တက္ကသိုလ် ပြန်လည်ဖွဲ့စည်းဖို့ အစီရင်ခံစာကို ပြင်ဆင် ခဲ့ကြပါတယ်။ ၁၉၄၄ ခုနှစ်ပိုင်းလောက်မှာ တရားရေး ဝန်ကြီး ဆာဟာဗတ်ဒန်ကလေ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ကြားဖြတ်တက္ကသိုလ်ကော်မတီကို
ဖွဲ့ခဲ့ပြီး ၁၉၄၅ ခုနှစ်မှာ စစ်ပြေးအစိုးရက ကြားဖြတ် တက္ကသိုလ် ယာယီကော်မတီအသစ်ကို ထပ်မံဖွဲ့စည်း ခဲ့ကြပါတယ်။
၁၉၄၆ ခုနှစ်မှာ အင်္ဂလိပ်အစိုးရ ပြန်လည်ဝင်ရောက် လာပြီး ၁၉၄၆ ခုနှစ် မေလ ၂၉ ရက်နေ့မှာ ဆေးကောလိပ် ကို ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်လွှဲအပ်ခဲ့ပါတယ်။ အဲဒီ နောက်မှာ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ် များ (Federal) မူကို မဟာဌာန (Unitary) မူအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ယခင်ဆေးကောလိပ် ဟာ ၁၉၄၆ ခုနှစ်စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဆေးပညာ မဟာဌာန (Faculty of Medicine under Rangoon University) ဖြစ်လာခဲ့ပြီး ယခင်ကောလိပ်ရဲ့ ကျောင်းအုပ် နေရာမှာ မဟာဌာနမှူး (Dean)က စီမံခန့်ခွဲအုပ်ချုပ်ခဲ့ပါ တယ်။ ပထမပိုင်း မဟာဌာနမှူးတွေဟာ အင်္ဂလိပ်လူမျိုး တွေဖြစ်ပြီး ဆေးပညာပါမောက္ခ ဒေါက်တာဦးမင်းစိန်ဟာ ၁၉၄၇ ခုနှစ်မှာ မြန်မာလူမျိုးထဲက ပထမဦးဆုံး မဟာ ဌာနမှူး ဖြစ်ပါတယ်။
မြန်မာလူမျိုး ၂၀ ရာခိုင်နှုန်းသာပါဝင်
၁၉၂၃ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ လွတ်လပ်ရေး မရခင် အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့ ကိုလိုနီခေတ်မှာ MBBS သင်တန်းကို တစ်နှစ်လျှင် သင်တန်းသား ၃၀ ခန့်သာ တက်ရောက်သင်ကြားခွင့်ရခဲ့ကြပြီး တစ်နှစ်ကို ၁၀ ဦး၊ ၁၅ ဦးသာ အောင်မြင်ခဲ့တာမို့ MBBS ဘွဲ့ရ ဆရာဝန် ၂၀၀ ခန့်သာ မွေးထုတ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာလူမျိုး ၂၀ ရာခိုင်နှုန်းသာ ပါဝင်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဆေးပညာမဟာဌာနမှူးတွေအဖြစ် သမားတော်ကြီး ပါမောက္ခ ဦးမင်းစိန်နဲ့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးဘသန်းတို့ကတစ်လှည့်စီ နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ် တစ်ကြိမ် ၁၉၅၉ ခုနှစ်အထိ တာဝန်ယူထမ်းဆောင် ခဲ့ကြပြီး အဲဒီနောက် ပြည်သူ့ကျန်းမာရေးပါမောက္ခ ဦးမောင်မောင်ကလေးက ၁၉၆၄ ခုနှစ်အထိ တာဝန်ယူ ခဲ့ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ကာလမှာ ဗြိတိသျှလူမျိုးဆရာဝန်တွေနဲ့ အခြားလူမျိုးခြား ဆရာဝန် တွေ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြတာကြောင့် ဆေးရုံ တွေမှာ ဆေးကုသမှုနဲ့ ဆေးကျောင်းတွေမှာ ဆေးပညာ သင်ကြားမှုမှာ ဝန်ထမ်းအင်အား ပြတ်လပ်ချို့တဲ့မှု အကြီးအကျယ် ရင်ဆိုင်ခဲ့ကြရပါတယ်။ နိုင်ငံတော် အစိုးရက မြို့နယ်ဆေးရုံတွေအတွက် အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေက ဆရာဝန် ၁၀၀ ကျော်ကို ကန်ထရိုက်စနစ်နဲ့ ငှားရမ်း ခန့်ထားခဲ့ကြတာ ၁၉၆၁ ခုနှစ်လောက်အထိပါပဲ။ အဲဒီခေတ်က အခက်အခဲအတားအဆီးတွေကို မျိုးချစ် စိတ်အပြည့်နဲ့ ကြိုးစားရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ မြန်မာ့ ဆေးလောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေကတော့ ပါမောက္ခ ဒေါ်ရင်မေ(သားဖွားမီးယပ်)၊ ပါမောက္ခ ကာနယ် မင်းစိန် (ဆေးပညာ)၊ ပါမောက္ခ ဦးဘသန်း(ခွဲစိတ်)၊ ဒေါက်တာဦးကိုကြီး(မျက်စိ)၊ ပါမောက္ခ ဦးရွှေဇံ (ဆေးပညာ)၊ ပါမောက္ခ ဒေါက်တာနန်ဒီ (ခွဲစိတ်)၊ ပါမောက္ခ ဦးအေး (ဆေးပညာ)နဲ့ ပါမောက္ခ ဦးကြည်ပေါ (ခွဲစိတ်)တို့ပဲ ဖြစ်ပါ တယ်။ m စာမျက်နှာ ၈ မှ
၁၉၄၆-၁၉၄၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ သင်တန်းသား နှစ်ထောင်ကျော် ရှိခဲ့ရာက ၁၉၅၄ ခုနှစ်မှာ တစ်သောင်းနီးပါး ရှိလာပါတယ်။ ဒါကြောင့် မန္တလေး ကောလိပ်အပါအဝင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ်တွေကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးလောက အနေနဲ့လည်း ဆရာဝန်တွေ ပိုမိုမွေးထုတ်နိုင်ဖို့အတွက် ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ဆေးပညာမဟာဌာနခွဲတစ်ခုကို မန္တလေးမှာ ထပ်မံဖွင့်လှစ်ခဲ့ကာ ရန်ကုန် ဆေးပညာမဟာဌာနအောက်မှာ ထားရှိဆောင်ရွက် ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မန္တလေးကောလိပ်ကို မန္တလေး တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်လိုက်ပြီးနောက်မှာ မန္တလေးဆေးပညာမဟာဌာနခွဲဟာ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာမဟာဌာန ဖြစ်လာပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ် တစ်ခုစီအောက်မှာ ဆေးပညာမဟာဌာနတစ်ခုစီ ရှိခဲ့ ပါတယ်။
၁၉၆၀ ပြည့်နှစ်ကာလပိုင်းမှာ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံရှေ့ရှိ အင်ဂျင်နီယာကောလိပ် အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ လိပ်ခုံးခန်းမနဲ့ အဆောက်အအုံတွေဟာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ကို ရောက်ရှိလာပြီး ဆေးကျောင်းပထမနှစ် နဲ့ ဒုတိယနှစ်သင်တန်းတွေ သင်ကြားရာနေရာ ဖြစ်ခဲ့ ပါတယ်။
လိပ်ခုံးအဆောက်အအုံ
လိပ်ခုံးအဆောက်အအုံကို ၁၉၅၅-၁၉၅၆ ခုနှစ် တွေမှာ ဗြိတိန်အင်ဂျင်နီယာတွေက ဆောက်ခဲ့ပါတယ်။ ဗြိတိန်နာမည်ကြီး ဗိသုကာပညာရှင် Raglan Squire နဲ့ အဖွဲ့ရဲ့ ဒီဇိုင်းလို့ သိရပါတယ်။ အလွန်လက်ရာမြောက်တဲ့ ဒီအဆောက်အအုံရဲ့ အမိုးခုံးဟာ အလျား ၁၅၃ ပေ၊ အနံ ၉၃ ပေ ရှိပါတယ်။ လိပ်ခွံနဲ့တူတဲ့ အမိုးခုံးကို အစွဲပြုပြီး လိပ်ခုံးလို့ ခေါ်ကြတယ်။ ၁၉၆ဝ ပြည့်နှစ်တုန်းက နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု ရခဲ့ပါတယ်။ အဆောက် အအုံရဲ့ အခြားထူးခြားချက်မှာ အဆောက်အအုံအောက် ရေလှောင်ခန်း ပါရှိခြင်းပါ။ လိပ်ခုံးခန်းမရဲ့ ထောင့် လေးထောင့်မှာ လေးပေပတ်လည် ရေကန်ငယ်လေးခု ထားရှိပါတယ်။ စက်နဲ့ ရေသွင်းရေထုတ်လုပ်နိုင်တယ် လို့ ပြောကြပါတယ်။ အခမ်းအနားတွေလုပ်ရင် ဧည့်သည် အရေအတွက်ပေါ်မူတည်ပြီး ရေကန်ထဲက ရေအနိမ့် အမြင့်ကို ထိန်းခြင်းဖြင့် လှိုဏ်သံ echo sound မထွက်ဘဲ ဆူညံသံလျော့စေတယ်လို့ ဆိုကြပါတယ်။ လိပ်ခုံး အဆောက်အအုံရဲ့ အသံနဲ့ပတ်သက်လို့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ အခမ်းအနားများမှာ microphone song box သုံးစရာမလိုခြင်းပါပဲ။ အဆောက်အအုံရဲ့ ညာဘက်ထိပ်နားအပြင်မှာ underground ရေမြောင်းရှိပါတယ်။ မြောင်းထဲ ရေဖြည့် ထားရင် ရှေ့ကစကားပြောရင် နောက်ကကြားရပါတယ်။ surrounding sound system လိုပါပဲ။ ရေထည့်တာ အနည်း၊ အများအပေါ်မူတည်ပြီး အသံတွေကို ထိန်းပေး တယ်လို့ သိရပါတယ်။
၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို တပ်မတော် က သိမ်းယူလိုက်ပြီး တော်လှန်ရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ မင်္ဂလာဒုံမှာ ဆေးကျောင်းအသစ်တစ်ကျောင်းကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆေးပညာမဟာဌာန(၂) ရန်ကုန်လို့ သတ်မှတ်ကာ ပထမ ဖွင့်ထားတဲ့ ဆေးကျောင်းကို ဆေးပညာမဟာဌာန(၁) ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။
၁၉၆၄ ခုနှစ်ဧပြီလမှာ ကျင်းပခဲ့တဲ့ ၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးစနစ်သစ် ဥပဒေအရ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဆေးပညာ မဟာဌာနတွေကို သီးခြားဆေးတက္ကသိုလ်တွေအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်အဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသလို မဟာဌာနမှူး (Dean ) များကိုလည်း ပါမောက္ခချုပ် (Rector) များအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။ ဆေးတက္ကသိုလ်တွေရဲ့ ပထမဆုံးပါမောက္ခချုပ်တွေက ဆေး(၁) မှာ ပါမောက္ခ ဆရာကြီး ဦးဘသန်း၊ ဆေး-မန်းမှာ ဆရာကြီးပါမောက္ခ ဦးမောင်မောင်လေးနဲ့ ဆေး-၂ မှာ ဗိုလ်မှူးကိုကြီးတို့ပဲ ဖြစ်ပါတယ်။ အဲဒီခေတ်က ဆေးတက္ကသိုလ်တွေအပါအဝင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အားလုံးဟာ တက္ကသိုလ်များ ဗဟိုကောင်စီနှင့် တက္ကသိုလ်များ ပညာရေးကောင်စီတို့ရဲ့ လက်အောက်ခံများ ဖြစ်ပါတယ်။
အခြားဒီပလိုမာဘွဲ့သင်တန်းများကို ဆက်လက်ဖွင့်လှစ်
၁၉၆၄ ခုနှစ်မှာပဲ ဆေးတက္ကသိုလ်(၁) ရဲ့ ပထမဆုံး ဘွဲ့လွန်သင်တန်းဖြစ်တဲ့ မေ့ဆေးပညာဒီပလိုမာ (DA; Diploma in Anaesthesiology) ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ၁၉၆၅ ခုနှစ်မှာ ရောဂါဗေဒ ဒီပလိုမာ (D, Path: Diploma in pathology)နဲ့ ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ (DP&TM: Diploma in Preventive and Tropical Medicine) ကိုလည်းကောင်း၊ ၁၉၇၁ ခုနှစ်မှာ ကလေးကျန်းမာရေးပညာ ဒီပလိုမာ (DCH: Diploma in Child Health)၊ ပိုးမွှားဗေဒဒီပလိုမာ (Diploma in Bacteriology)၊ မျက်စိရောဂါဒီပလိုမာ ( D O :Diploma in Ophthalmology) နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဒီပလိုမာ ( DLO : Diploma in Laryngo-Otology) နဲ့ အခြားဒီပလိုမာ ဘွဲ့သင်တန်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာတော့ မဟာသိပ္ပံ (ခန္ဓာဗေဒ) MSc (Anatomy)၊ မဟာသိပ္ပံ (ဇီဝကမ္မဗေဒ) MSc (Physiology)၊ မဟာသိပ္ပံ(ဆေးပညာ) MSc(Medicine)၊ မဟာသိပ္ပံ (ခွဲစိတ်ကုပညာ) MSc(Surgery) တွေကို စတင်ဖွင့်လှစ် ခဲ့ပြီးနောက် အခြားဘာသာရပ်တွေရဲ့ မဟာသိပ္ပံ သင်တန်း တွေကို နှစ်အလိုက် တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၇၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ တက္ကသိုလ်ပညာရေးဥပဒေသစ်အရ ဆေးတက္ကသိုလ်များ အပါအဝင် ဆေးပညာဆိုင်ရာ တက္ကသိုလ်တွေကို ပညာရေး ဝန်ကြီးဌာနအောက်မှ ကျန်းမာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ဆေးလက်တွေ့ပါရဂူသင်တန်း (Dr. Med,Sc) တွေကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ အခြေခံဆေးပညာ (Basic Science) ဘာသာရပ်များရဲ့ ပါရဂူသင်တန်း (PhD) နဲ့ အထူးကု ဘာသာရပ်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူသင်တန်းများ (Dr.Med,Sc) ကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
မကွေးမြို့မှာ ဆေးတက္ကသိုလ်တစ်ခု ထပ်ဆောက်
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ လူနာနဲ့ ဆရာဝန် အချိုး အစား အလွန်ကွာဟနေတာမို့ ဆရာဝန်တွေ ပိုမိုမွေးထုတ် ဖို့လိုတာမို့ မြန်မာပြည်အလယ်ပိုင်း မကွေးမြို့မှာ ဆေးတက္ကသိုလ်တစ်ခု ထပ်ဆောက်ခဲ့ကြပြီး ၂၀၀၁ ခုနှစ် မေလမှာ ဆေးတက္ကသိုလ် (မကွေး)ကို ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်က စာသင်နှစ်တစ်နှစ်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ကျောင်းသား ကျောင်းသူအသစ် ၃၀၀၊ ဆေးတက္ကသိုလ် မန္တလေးမှာ ၁၅၀၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်မှာ ၁၀၀ နဲ့ တစ်နှစ်ကို ၅၅၀ လက်ခံခဲ့ရာက မကွေးဆေးတက္ကသိုလ် ဖွင့်လှစ်ပြီးနောက် တက္ကသိုလ် တစ်ခုလျှင် ၅၀၀ နဲ့ တစ်နှစ်ကို သင်တန်းသားအသစ် ၂၀၀၀ အထိ တိုးချဲ့လက်ခံ သင်ကြားစေခဲ့ပါတယ်။ နောက်ပိုင်းမှာ အရေအတွက်သာမက အရည်အချင်း ကိုပါ ထိန်းသိမ်းဖို့ အရေးကြီးတာမို့ Intake ကျောင်းသား သစ်လက်ခံတာကို နည်းနည်း ပြန်ထိန်းလိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှာ ဆေးတက္ကသိုလ် (တောင်ကြီး)ကို ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၃ ရက်နေ့မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီလို ဆေးပညာသင်ကြားရေးမှာ အဆင့်ဆင့် တိုးချဲ့လာသလို ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသမှု အပိုင်းတွေမှာလည်း အဘက်ဘက်မှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အဆင့်မီအောင် သက်ဆိုင်ရာ တာဝန်ရှိသူ တွေ၊ ပညာရှင်တွေက အပတ်တကုတ်ကြိုးပမ်းအားထုတ် ခဲ့ကြပါတယ်။ အဲဒီထဲက မြန်မာ့ဆေးလောကရဲ့ သမိုင်းဝင် တိုးတက်မှုဖြစ်စဉ်တချို့ကို ဖော်ပြရရင် ၁၉၇၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရင်ချင်းဆက်အမြွှာ (Siamese Twin / Conjoint Twin) မနန်းစိုး/ မနန်းစံကို ကလေးခွဲစိတ်ကုဆရာဝန်ကြီး ဦးဖေညွန့်နဲ့ ဆရာဝန်ကြီး ဦးထွဋ်ဆိုင်တို့က အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ကြပါတယ်။ ပထမဆုံး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို နိုင်ငံခြား ပါရဂူများမပါဘဲ မြန်မာခွဲစိတ်ဆရာဝန်များနဲ့ပဲ ဆောင်ရွက်ခဲ့တာကတော့ ၁၉၉၇ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပါမောက္ခဆရာကြီးဦးသန်းအေးဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်ဆေးရုံကြီးမှာ အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ပထမဆုံး အသည်းအစား ထိုးခွဲစိတ်မှုကို ၂၀၀၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (New Yangon General Hospital) မှာ ခွဲစိတ်ကုဆရာဝန်ကြီး ပါမောက္ခ ဦးနော်မန်လှ ဦးစီးပြီး အောင်မြင်စွာဆောင်ရွက် ခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ကျောက်ကပ်ရော အသည်းအစားထိုး ခွဲစိတ်မှုတွေကိုပါ ပုံမှန်လို လုပ်ဆောင် နေကြရာမှာ လူကြီးတွေသာမက ကလေးငယ်တွေကိုပါ ကလေးဆေးရုံတွေမှာ အောင်အောင်မြင်မြင် လုပ်ဆောင် နေကြပါပြီ။
(ဆက်လက်ဖော်ပြပါမည်)
ကြေးမုံ


