တင်၀င်းလေး(ကြည့်မြင်တိုင်)
လွန်ခဲ့သော ခြောက်နှစ်ကျော်ကျော်လောက် ကတည်းက လှိုင်မြို့နယ်အတွင်းမှ ဤငါးစျေးကြီးအတွင်းသို့ရောက်ခဲ့ဖူးသည်။ ထိုစဉ်က ယခုလို “ရွှေပိတောက်ငါးစျေးကြီး” ဟု လူသိမများပေ။
ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ငါးစျေးကြီးတစ်စျေး တည်ဆောက်နေသည် ဆိုသည့်အကြောင်းကို ထိုစျေးကြီးသို့ မရောက်မီ လေးငါးခြောက်လလောက် ကတည်းက သတင်းတွေရနေသည်။
ကုန်စည်များ၀င်ရောက်
ငါးစျေးကြီးကိုလှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့်လှိုင်မြစ်အကြား သီရိမင်္ဂလာ ကုန်စိမ်းစျေးကြီးနှင့်ကပ်လျက်တွင် တည် ဆောက်ထားခြင်းဖြစ်သည်။ မြစ်ကြောင်းမှ ငါး၊ ပုစွန်စသော ကုန်စည်များအဆင်ပြေစွာ ၀င်ရောက်နိုင်ရန်အတွက်လည်း ဖြစ်သည်။
ပူးပေါင်းတည်ဆောက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်ထွန်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ နိုင်ငံတကာအဆင့်မီ စျေးကြီးဟုဆိုသည်နှင့်အညီ စျေးကြီးက ခံ့ညားကြီးမားလွန်းလှသည်။ အမိုးများက လွင့်နေအောင်မြင့်သည်။ ထို့အတွက် လေ၀င် လေထွက်ကောင်းနိုင်ပြီး စျေးရုံများအတွင်း မကောင်းသောအနံ့အသက်များ လျော့ပါး နိုင်ကာ ကျန်းမာရေးရှုထောင့်ကကြည့်မည် ဆိုပါက အလွန်ကောင်းသော တည်ဆောက် မှုတစ်ခုပင်ဟု ဆိုရမည်ဖြစ်သည်။
အဓိကစျေးရုံကြီး ရှစ်ရုံစလုံးကို Steel Struture များဖြင့် အခိုင်အမာတည်ဆောက် ထားခြင်းဖြစ်သည်ကို တွေ့ရသည်။ စျေးဆိုင် ခန်းများကို သူ့သတ်မှတ် အကျယ်အ၀န်းနှင့် သူစီစဉ်ပေးထားသည်။ ထို့အပြင် ဆိုင်ခန်းတိုင်း ၌ သူ့ရေငုတ်တိုင်များနှင့်သူ ထားပေးထား သည်ကို တွေ့ရသည့်အတွက် စျေးသန့်ရှင်းရေး ကိုပါ တည်ဆောက်စဉ်ကတည်းက ထည့်သွင်း စဉ်းစားခဲ့ခြင်းဖြစ်သည်။
စျေးကြီးကို ၂၀၁၀ ပြည့်နှစ် နို၀င်ဘာလက စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းကပြီးစီးခဲ့ကြောင်းသိရသည်။
တည်ဆောက်သည့်ကုမ္ပဏီမှ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် စျေးများဌာနက စျေးကြီးစည်ကားရေး၊ စောင့်ရှောက်ရေး အတွက် စျေးသာယာရေးအဖွဲ့ကိုပါ တစ်ပါ တည်းဖွဲ့စည်းပေးခဲ့သည်။ စျေးကြီးကို လှပ သော မြန်မာဆန်သော အမည်နာမပေးခဲ့ သည်။ “ရွှေပိတောက်ငါးစျေးကြီး”ဟု --။
အရစ်ကျစနစ်ဖြင့် ရောင်း
စျေးများဌာန၊စျေးသာယာရေးအဖွဲ့တို့ကထိုစဉ်ကတည်းက စျေးကြီးစည်ကားရေး အတွက် ကြိုးပမ်းခဲ့ကြသည်။ စျေးဆိုင်ခန်း များကို တစ်လုံးတစ်ခဲတည်း ငွေအကျေ မ၀ယ်နိုင်ပါက အရစ်ကျစနစ်ဖြင့် ရောင်းပေး ခဲ့သည်။
ထိုစဉ်ကတည်းကစျေးသာယာရေးအဖွဲ့နာယက ဦးသန်းလွင်၊ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဘဏ္ဍာရေးမှူး ဦးကြင်စောတို့နှင့် ခင်မင် ရင်းနှီးခဲ့သည်။ မီဒီယာများကလည်း ဝိုင်းဝန်း ရေးသားပေးခဲ့ကြသည်။ ယခု စျေးသာယာ ရေးအဖွဲ့ဥက္ကဋ္ဌမှာ ဦးကြင်စောဟု မိတ်ဆွေ တစ်ယောက်က သတင်းပေးလာသည်။ စျေးကြီးမှာလည်း မယုံနိုင်လောက်အောင် စည်ကားနေပြီဟု ဆိုလာသည်။
သို့အတွက် ယနေ့ကာလအတွင်း ဖွံ့ဖြိုး တိုးတက်မှုတစ်ရပ်အဖြစ် ဖော်ပြရေးသား နိုင်ရန်အတွက် စျေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြင်စောနှင့်တွေ့ဆုံနိုင်ရန် ရွှေပိတောက် ငါးစျေးကြီးဆီသို့ ခရီးနှင်ခဲ့သည်။
စျေးအတွင်းမှ ရေစင်အမြင့်ကြီး အနားရှိ စျေးသာယာရေးရုံးခန်းအတွင်းသို့အရောက်တွင်ဥက္ကဋ္ဌ ဦးကြင်စောကိုသာမက လှိုင်မြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းကိုပါ အမှတ်မထင် တွေ့ဆုံလိုက်ရသည်။
တွေ့ဆုံ နှုတ်ဆက်ကြပြီးနောက် စျေး သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြင်စောက “စျေးကြီးပြီးလို့ ကျွန်တော်တို့စျေးသာယာရေးအဖွဲ့ကို ၂၀၁၄/၂၀၁၅ မှာစတင်ဖွဲ့စည်းခဲ့တာ ပါ။ အဲဒီတုန်းက ကျွန်တော်က ငွေကိုင်ဘဏ္ဍာ ရေးမှူးတာ၀န်နဲ့ပါ။ ဒီရွှေပိတောက်ငါးစျေး ကြီး စတင်ဖွင့်တဲ့ရက်ကို ပြန်ပြောရမယ် ဆိုရင်တော့ မှတ်မှတ်ရရရှိနေပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ပါပဲ”။
ရွှေပိတောက်ငါးစျေးသစ်ကြီး
"ကြည့်မြင်တိုင်မြို့နယ်မှာကလည်း ဗဟို စံပြငါးစျေးကြီးကရှိနေတော့ ကျွန်တော်တို့ ဒီရွှေပိတောက်ငါးစျေးသစ်ကြီး စည်ကားဖို့ အတွက်ကို ကျွန်တော်တို့အတော့်ကို ကြိုးစား ခဲ့ရပါတယ်။ အင်းစိန်ငါးစျေးကို အမာခံထား ပြီး စံပြငါးစျေးကစျေးသည်တွေ ဒိုင်တွေကို ဒီဘက်ရောက်လာနိုင်ဖို့အတွက် စည်းရုံးခဲ့ ကြရတယ်။ စျေး၀ယ်တွေ ဒီကိုလာအောင် ခေါ်ရတယ်။ ကျွန်တော်တို့ ဘယ်လောက် အထိ ဆောင်ရွက်ခဲ့သလဲဆို ၂၀၁၆/၂၀၁၇ မှာ ရန်ကုန်မြို့ကစျေးတွေစျေးတွေကို ဒီမှာ စျေးလာ၀ယ်နိုင်ဖို့ကို ကားတွေနဲ့သွားကြို ခဲ့ဖူးတယ်။ ဒါပေမယ့် ထင်သလာက်မအောင် မြင်ခဲ့ဘူး”
“နောက်တစ်ခါ ဗဟိုစံပြငါးစျေး စျေး ပတ်၀န်းကျင်က ပျံကျစျေးသည်တွေ၊ ငါးခြစ် သည်တွေကိုပါ ဒီကိုရောက်လာနိုင်ဖို့ကိုလည်း ထပ်ကြိုးစားခဲ့ပါသေးတယ်။ စျေးများဌာန ရယ် သက်ဆိုင်ရာမြို့နယ်က တာ၀န်ရှိသူတွေ ကပါ ဝိုင်း၀န်းကြပါတယ်။ ဒါလည်းအရာ မရောက်ခဲ့ပြန်ဘူး။ ရောင်းသူ၀ယ်သူတို့ရဲ့ သဘာ၀လို့ပဲပြောရမလားမသိဘူးပေါ့နော်။ ဒီမှာကလည်း မစည်ကားသေးတော့ မလာ ချင်ကြဘူးပေါ့။ အဲဒါနဲ့စျေးကြီးစည်ကားမှု က ကြိုးစားသလောက် အောင်မြင်မှုတွေ မရခဲ့ဘူး”
လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်းက “ အစက ဒီငါးစျေးကြီးရှိမှန်း တောင်မသိခဲ့ဘူး။ ၂၀၁၆ ခုနှစ်ထဲမှာ မြို့တော် ၀န်ကြီးရယ်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနဲ့ စျေးများဌာနက တာ၀န်ရှိသူတွေ ရောက်လာ ခဲ့တယ်။ လာတာကတော့ သီရိမင်္ဂလာ ကုန်စိမ်းစျေးကြီးကိုပါ တစ်ဆက်တည်း ဒီငါးစျေးကြီးကိုပါ ရောက်လာခဲ့ကြတယ်။ အဲဒီ ကတည်းက ငါးစျေးကြီးရဲ့ အခြေအနေကို အတွင်းရေးမှူး ရှင်းပြထားခဲ့ဖူးတယ်”
စျေးကြီးကို ၀င်လေ့လာခဲ့
“နောက်သိပ်မကြာပါဘူး ၂၀၁၆ ခုနှစ်ထဲ မှာပါပဲ ဥက္ကဋ္ဌ ဦးကြင်စောကဖိတ်လို့ ဒီစျေး ကြီးကို၀င်လေ့လာခဲ့ရတယ်။ အဲဒီတုန်းက အခုလိုဆိုင်အပြည့်မဟုတ်ဘူး။ ဆိုင်ပေါင်း ၄၀ကျော်၊ ၅၀လောက်ပဲရှိဦးမယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတယ်။ နိုင်ငံတကာ အဆင့်မီစျေးကြီးအဖြစ် ငွေကြေးတွေအမြောက် အမြား အကုန်အကျခံတည်ဆောက်ပြီး ဒီလို ဆိုင်လေး လေးငါးဆယ်လောက်နဲ့ဆို အဆင် မပြေဘူးပေါ့။ လွတ်နေတဲ့ဆိုင်တွေက အများ ကြီးပဲ၊ ၃၅၀ ကျော်ကျော်လောက် ကျန်နေ သေးတယ်။ မြို့တော်၀န်ကြီးဆီစာတင်တယ် နောက်ဝန်ကြီးချုပ်ဆီအထိ စာတွေရေးပို့ခဲ့ တယ်။ နောက်ဆုံးတိုင်းဒေသကြီးလွှတ်တော် မှာ ၂၀၁၈ ဇန်နဝါရီမှာပေါ့၊ ကြယ်ပွင့်ပြမေးခွန်း နဲ့မေးခဲ့ တာပါ။
ရွှေပိတောက်ငါးစျေးကြီး အမြန်ဆုံး စည်ကားစွာ ရောင်း၀ယ်နိုင်ဖို့ စီမံဆောင်ရွက် ဖို့ အစီအစဉ် ရှိ မရှိ။ အစီအစဉ်ရှိပါက မည်သို့ စီမံဆောင်ရွက်ရန်ရှိပါသလဲ။ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်းပါ။ နောက်ဆုံးဒီငါးစျေးကြီးနှစ်ခုစလုံးကို ဒလမြို့နယ်ထဲ ပြောင်းမယ် ဆိုတဲ့သတင်းတွေကပါ ထွက်လာတယ်။"
နေ့ချင်းညချင်း ကြီးစည်ကား
ဥက္ကဋ္ဌ ဦးကြင်စောက “ကျွန်တော်တို့ ဒီရွှေပိတောက်ငါးစျေးကြီးကကျယ်၀န်းတယ်။ ငါးကားကြီးတွေ အများကြီး ရပ်နားနိုင်တယ်။ စျေးအတွင်း ၀င်လမ်း၊ ထွက်လမ်းတွေက လည်းကျယ်တယ်။ ဆိုင်တွေကလည်း သူ့ အကန့်နဲ့သူ စနစ်တကျရှိတယ်။ လုံခြုံရေး ၀န်ထမ်းလည်း အပြည့်ချပေးထားတယ်။ ရဲတပ်ဖွဲ့၀င်တွေလည်းရှိတယ်။ ဒါပေမယ့် ရွှေပိတောက်စျေးဆိုတော့ ပိတောက်ပန်းနဲ့ပဲ နှိုင်းယှဉ်ပြီး ဥပမာပေးရမလိုဖြစ်နေပြီ၊ အချိန် မတန်သေးလို့ မပွင့်သေးတာပဲလားတော့ မသိဘူးပေါ့နော်။ ကျွန်တော်တို့တွေ သက်ဆိုင်ရာတာ၀န်ရှိသူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မစည်ကားနိုင်ခဲ့ဘူး။ ၂၀၁၈/၂၀၁၉ ခုနှစ်လောက်အထိလို့ပဲပြောရ မှာပေါ့။ ဟော--အကြောင်းတရားကလည်း တိုက်ဆိုင်လာတာ ပိတောက်ပွင့်ဖို့ မိုးက ရွာလာသလိုပေါ့။ အခုတော့ မြင်တဲ့အတိုင်း ပါပဲ။ မထင်မှတ်လောက်အောင် နေ့ချင်းညချင်း ကြီးစည်ကားလာလိုက်တာ စျေးရုံတွေထဲမှာဆို တိုးလို့မပေါက်အောင်ပါပဲ "ဟု ဆိုသည်။
အနံ့အသက်များကြောင့် ငြိုငြင်
ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးကြီးမှာ နှစ်ရှည်ခိုင်မာစွာအရောင်းအ၀ယ်ကောင်းလာသည်နှင့်အမျှ စျေးအတွင်း၌သာမက စျေး ပတ်၀န်းကျင် ရပ်ကွက်လမ်းများအတွင်းသို့ ပင် ရောင်းရေး၀ယ်မှုများက ရှိနေသည်။ ကြာလာသည်နှင့်အမျှ ရပ်ကွက်နေပြည်သူ အများစုက အနံ့အသက်များကြောင့် ငြိုငြင် လာကြသည်။ သက်ဆိုင်ရာဌာနများသို့ တိုင်စာများက အမြဲလိုလိုရောက်ရှိ နေသည် ဟု သိရသည်။
ပြောင်းရွှေ့ပေးရန် စီစဉ်
ထို့အပြင် နံနက်စောစောပိုင်းယာဉ်ကြောကျပ်တည်းမှုက ပတ်၀န်းကျင်ခရီးသွားများ အတွက် အစဉ်အမြဲအနှောင့်အယှက်ဖြစ်နေ သည်ဟု ကြားသိလာရသည်။ သို့အတွက် အထက်ကဆိုသကဲ့သို့ ရပ်ကွက်လမ်းများရှိ ငါးဒိုင်များ၊ ငါးခြစ်သည်များကို ရွှေပိတောက် ငါးစျေးကြီးသို့ ပြောင်းရွှေ့ပေးရန် စီစဉ်မှုများ ရှိခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့ပေ။
လက်ရှိအကြောင်းတရားက ကိုဗစ်-၁၉ ပင်ဖြစ်သည်။ လူအများစုဝေးခြင်းကို ရှောင်ကြဉ်ရတော့မည့်အပြင် ညမထွက်ရ အမိန့်က ငါးစျေးကြီး အရောင်းအ၀ယ်ကို ကန့်လိုက်ခြင်းပင်ဖြစ်သည်။ ည၁၀ နာရီမှ နံနက် ၄ နာရီဆိုသည်က ငါးစျေးကြီး၏ သက်၀င်လှုပ်ရှားမှုကာလဖြစ်သည် ။ စျေးကြီး ၏ တစ်နေ့တာပြန်ဖွင့်ချိန်နံနက်အဖို့ တိုးတိုး ဝှေ့ဝှေ့ အလုအယက် ၀ယ်ယူကြရသဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများက စဉ်းစား ကြရပြီဖြစ်သည်။ မြို့တော်၀န်ကြီးကိုယ်တိုင် ဦးဆောင်၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်မှ တာ၀န်ရှိသူများ၊ စျေး ဌာနမှ တာ၀န်ရှိသူများ၊စျေးသာယာရေးအဖွဲ့၀င်များ စုံညီခေါင်းချင်းဆိုင်ကြသည်။
ကိုဗစ်-၁၉ ကိုရှောင်ရှားစေ
တွေ့ဆုံညှိနှိုင်းခြင်း၏ ရလဒ်အရ ရေလမ်းမှ၀င်လာသည့် ငါးအစရှိသော ကုန်စည်များအား ကြည့်မြင်တိုင်စံပြ ငါးစျေး ကြီးသို့ ၀င်ရောက်စေပြီး ကုန်းလမ်းမှလာ သော ငါးကုန်စည်များကို လှိုင်မြို့နယ် ရွှေပိတောက်ငါးစျေးကြီးသို့ စီးဆင်းစေခြင်း ပင်ဖြစ်သည်။ ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာဆိုသကဲ့သို့ လူအများစုရုန်းတိုးဝှေ့နေ ခြင်းကိုပါ ရှောင်စေခဲ့ခြင်းဖြစ်သည်။ အလွန် ကြောက်စရာကောင်းသော ကိုဗစ်-၁၉ ကို တတ်စွမ်းသမျှ ရှောင်ရှားစေခဲ့ခြင်းပင် ဖြစ်သည်။
သို့အတွက် ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်းက “အခုဒီ မေ ၂၅ ရက်ကစပြီး စျေးကြီးက စည်လာပါပြီ။ ကျွန်တော်တို့ ဥက္ကဋ္ဌတို့ ဒီစျေးက တာ၀န်ရှိသူတွေ ကြိုးပမ်း ရကျိုးနပ်ခဲ့ပါပြီ။ ဒါက ကောင်းတဲ့ဘက်က ပေါ့နော်။ လောကနိယာမတရားအရ ပြောရရင် အကောင်းနဲ့အဆိုးဆိုတာက အမြဲဒွန်တွဲနေ တတ်ပါတယ်။ ဆိုင်ခန်းတွေအပြည့်ဖြစ်လာ တော့ အခွန်တွေ၊ ၀င်ငွေတွေပိုရလာတာပေါ့။ အခြေခံလူတန်းစားတွေ အလုပ်အကိုင် ပိုအဆင်ပြေလာကြတယ်၊ ၀မ်းသာစရာပဲ။ ဒါပေမယ့် ဘုရင့်နောင်လမ်းမကြီး တစ်လျှောက်မှာတော့ ယာဉ်ကြောကျပ်တည်း မှု တွေဖြစ်လာတယ်၊ လမ်းပိတ်ဆို့မှုတွေရှိ လာတယ်။ အသံတွေထွက်လာတယ်။ အဲဒါကို တော့ ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ အကူအညီတွေ အများကြီးလိုလာတယ်၊ ဝိုင်း၀န်းထိန်းသိမ်း ကြရမှာပေါ့ ”ဟု ဆိုလာသည်။
ဦးကြင်စောက “စျေးကြီးအခုလို စည်ကား လာတော့ ရောင်းသူ၀ယ်သူအားလုံး ၀မ်းသာ စရာပေါ့ဗျာ။ ကျွန်တော်တို့ စျေးကြီးသန့်ရှင်း ရေး၊ လုံခြုံရေးကို အရင်ကထက် ပိုပြီးဂရု စိုက်ဆောင်ရွက်နေပါတယ်။ စျေးကြီးရေရှည် အခုလို စည်ကားနေနိုင်အောင်လည်း ကျွန်တော်တို့ စျေးသာယာရေးအဖွဲ့၀င်များ အားလုံးက စွမ်းအားရှိသမျှ ထိန်းသိမ်း စောင့်ရှောက်သွားကြမှာပါ ” ဟု အဆုံးသတ် ပြောကြားသည်။ ။
မြန်မာ့အလင်း ယနေ့ရန်ကုန်


