၂၂ ဇူလိုင်
ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁၃ ဦးရှိကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းစည်းကမ်းတွေ ပိုမိုလိုက်နာလာပေမယ့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရုတ်ချည်းများလာကြောင်း သိရပါတယ်။
တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ ပထမဆုံးနေရာတွေထဲမှာ ဟောင်ကောင်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အံ့အားသင့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ရာ ဇွန်လကုန်ပိုင်းတွင် ဟောင်ကောင်မှာ ဒေသတွင်းဗိုင်းရပ်စ်ပိုးကူးစက်မှု ကင်းစင်ခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တကျော့ပြန်များလာကြောင်း သိရပါတယ်။ ဟောင်ကောင်ကျန်းမာရေးဝန်ကြီး ဆိုဖီယာချမ်းက အခုအခြေအနေဟာ စိုးရိမ်ရကြောင်းနဲ့ မလိုအပ်ရင် အပြင်မထွက်ရန် ပြောကြားပါတယ်။
ဗိုင်းရပ်စ်ပိုး တကျော့ပြန် ကူးစက်မှုတွေ စတင်ခဲ့ ဇူလိုင်လဆန်းမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်း ပြန်လည်ပြဋ္ဌာန်းသလို တချို့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားခြင်းနဲ့ ဆိုင်တွင်းစားသောက်ချိန်ကိုလည်း လျှော့ချခြင်းတွေ လုပ်ဆောင်နေပါတယ်။
မနက်ဖြန် (ကြာသပတေးနေ့) ကစပြီး အများသုံးယာဉ်တွေနဲ့ အများသုံး အဆောက်အအုံများတွင် မျက်နှာဖုံးဝတ်ဆင်ရန် အမိန့်ထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ ၁၄ ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူပေါင်း ၈၀၀ ကျော် ရှိကြောင်းသိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ တွေ့ရှိတဲ့ လူနာပေါင်း ၁၁၃ ဦးထဲမှ ၈ ဦးသာ ပြည်ပမှ ဗိုင်းရပ်စ်ပိုးပါလာသူ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂,၁၃၂ ဦးရှိပြီး သေဆုံးသူ ၁၄ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


