mdn

သတင်းဆောင်းပါး - မောင်ဖေလှိုင်

 

“သတင်းစာ စာအုပ်ခန်းဆိုတာ စာအုပ်သတင်းဖော်ပြရုံ သက်သက်မျှသာ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကို အကျိုးအကြောင်း ပယ်ပယ်နယ်နယ် ဗန်းခင်းပြဖို့ နေရာ လည်းမရှိပါဘူး။ အချိန်လည်းမရှိပါဘူး။ နို့ပေမယ့် စာအုပ် တစ်အုပ်ဟာ စေတနာမမှန်ဘူး။ လမ်းမမှန်ဘူးဆိုရင်တော့ အဲဒီစာအုပ်မျိုးကိုတော့ ထောက်ပြခဲ့တဲ့ အကြိမ် ပေါင်းများစွာ ရှိခဲ့ပါတယ်။”

 

အထက်ပါစကားရပ်သည် ဆရာကြီးမောင် (ငွေဥဒေါင်း)၏ စာအုပ်စင်ကဏ္ဍနှင့်ပတ်သက်၍ ၎င်း၏ အမြင်ကို ဖွင့်ဟထားခဲ့ခြင်းဖြစ်ပါ၏။

 

၁၉၅၇ ခုနှစ် ဧပြီလ၌ ဆရာအောင်ဗလ(ကြေးမုံ ဦးသောင်း) တည်ထောင်ခဲ့သော ကြေးမုံသတင်းစာနှင့်အတူ စာအုပ်စင်ကဏ္ဍဖြစ်သော “စာကြေးမုံ”ကို “ကြီးမောင်”  အမည်ဖြင့် စတင်ရေးသားခဲ့သူမှာ ဆရာငွေဥဒေါင်းပင် ဖြစ်ပါသည်။

 

ဘဝအဖုံဖုံဖြတ်သန်းခဲ့ရသူ

 

ဆရာ့ကို ဗုဒ္ဓစာပေရသမြောက်စွာရေးသားနိုင်သူ စာရေးဆရာ ငွေဥဒေါင်းအဖြစ်သာမက စာအုပ်စင်ကဏ္ဍ ရေးသားသူ သတင်းစာဆရာ ကြီးမောင် အဖြစ်လည်း လူသိများလှပါ၏။ ဆရာသည်ရဟန်းဘောင်ဝင်ခဲ့ဖူးသကဲ့သို့ သစ်တောဝန်ထမ်း၊ ဆိပ်ကမ်းတာလီ စာရေးအဖြစ် လည်း ဘဝအဖုံဖုံဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါသည်။

 

ဟင်္သာတခရိုင် အဖျောက်မြို့ ဇာတိဖြစ်သူ ဆရာ ကြီးမောင်ကို အဘဦးဒေါန(ပန်းပဲဆရာ)၊ အမိ ဒေါ်သက်တင်တို့က ၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) က မွေးဖွားခဲ့ပါ၏။ မဟော်သဓာသတင်းစာ (၁၉၃၂)၊ ဗန္ဓုလဂျာနယ် (၁၉၃၅) တို့၌ အယ်ဒီတာအဖွဲ့ဝင် ( အဖြစ် လုပ်ကိုင်ခဲ့သော ဆရာသည် ၁၉၄၇ ခုနှစ် ဩဂုတ်လထုတ် ရှုမဝမဂ္ဂဇင်း၌ “မောက်သာမောက် အမည်ရှိ ဆောင်းပါးကို “ငွေဥဒေါင်း အမည်ဖြင့် စတင်ရေးသားခဲ့ သူဖြစ်ပါ၏။

 

စာအုပ်စင်ကဏ္ဍတွင် အထင်ကရ ပုဂ္ဂိုလ်ဖြစ်ခဲ့သူ  ဆရာကြီးမောင်သည် ကြေးမုံသတင်းစာ၌ 'ကြီးမောင်'၊ မဏ္ဍိုင်သတင်းစာ၌ “စာကြမ်းပိုး'၊ ဟံသာဝတီသတင်းစာ၌ “မောင်ဝိဇ္ဇာ အမည်များဖြင့် စာအုပ်စင်ကဏ္ဍကို ရေးသားခဲ့ရာ ကြေးမုံသတင်းစာ “စာကြေးမုံ ရေးသားသူ အဖြစ် ပို၍ လူသိများခဲ့ပါ၏။

 

သံမဏိရှည်ကြာ ရေးသားခဲ့သော “စာကြေးမုံ' နှင့် ပတ်သက်၍ ဆရာကြီးမောင်က ဤကဲ့သို့ ဖွင့်ဟစကား | ပြောခဲ့ဖူးပါသည် -

 

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထုတ်ဝေတဲ့အခါ “စာကြေးမုံ ပေါ်ပေါက်လာတာပါပဲ။ အစစအရာရာ ခေတ်မီ စွာနဲ့ အသစ်အဆန်းတီထွင်ချင်ကြတဲ့ ကြေးမုံအဖွဲ့က သူတို့သတင်းစာရဲ့ ရုပ်ရှင်ကြေးမုံ၊ အားကစား ကြေးမုံ စတဲ့ အခန်းများနဲ့အတူ စာအုပ်ကြေးမုံ စာကြေးမုံ အခန်းဖွင့်ပြီး ကျွန်တော့်ကို တာဝန်ပေးခဲ့တာပါပဲ

 

ရင်းနှီးခွင့်ရခဲ့

 

မိမိအထွေထွေနေ့စားဘဝဖြင့် ၁၉၇၃ ခုနှစ် နှစ်ဆန်း ကြေးမုံသတင်းစာ၌ စတင်ခြေချသောအခါ ကြေးမုံအယ်ဒီတာ ဖြစ်သော ဆရာကြီးမောင်နှင့်မဆုံဖြစ်ခဲ့ရပါချေ။ ဆရာက မန္တလေး ဟံသာဝတီ၌ ပြောင်းရွှေ့ ထမ်းဆောင်ခါစအချိန် ဖြစ်ပြီး အယ်ဒီတာဦးသန်းဖေက ၎င်းအစား ဝင်ရောက် နေချိန်ဖြစ်ပါ၏။ ဆရာသက်ပြည့်ပင်စင်ယူပြီးနောက်ပိုင်း ရန်ကုန်သို့လာရောက်သည့်အခါ ဆရာဦးသိန်းတန် (မအူပင်လွင်ဦး)နှင့်ဆက်စပ်၍ ဆရာအား သိရှိရင်းနှီးခွင့်ရ ခဲ့ပါသည်။

 

၁၉၇၃-၇၈ကာလ၌ မန္တလေးဟံသာဝတီသတင်းစာ အပြင် ရန်ကုန်၌ နိုင်ငံပိုင်လုပ်သား ပြည်သူ့နေ့စဉ် (မြန်မာ နှင့်အင်္ဂလိပ်)၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ ဂါဒီးယန်း အင်္ဂလိပ်သတင်းစာများ ထုတ်ဝေနေချိန်ဖြစ်ပါ၏။ ထိုစဉ် က စာကြေးမုံကဲ့သို့ လုပ်သားပြည်သူ့နေ့စဉ်၌ “နိုင်ပြည်သူ၊ မြန်မာ့အလင်းသတင်းစာ၌ “ဟာရိတ တို့က စာအုပ်စင် ကဏ္ဍ ရေးသားနေကြပါ၏။

 

ဆရာကြီးမောင်သည် ၁၉၄၈ ခုနှစ်တွင် “သမာဓိ သတင်းစာ၌ “မောင်ဝိဇ္ဇာ အမည်ဖြင့် စာအုပ်စင်ကဏ္ဍကို စတင်ရေးသားခဲ့ရာ ၂၈ နှစ်အကြာ မန္တလေးဟံသာဝတီ သတင်းစာ “စာအုပ်ကမ္ဘာ ကဏ္ဍ၌ မောင်ဝိဇ္ဇာအမည်ကို ထပ်မံအသုံးပြု ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်သည် ဆရာ ဦးဝင်းတင်ဖြစ်၍ ၁၉၆၉ ခုနှစ်၌ မန္တလေး၌ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သော ဟံသာဝတီသတင်းစာကို ၁၉၇၈ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် နိုင်ငံတော်အစိုးရက ပိတ်သိမ်းခဲ့ ပါသည်။

 

စာအုပ်ခန်းကဏ္ဍကို ဆရာကြီးမောင်က “သမာဓိ" သတင်းစာ၌ စတင်ရေးသားခဲ့ပြီး ဦးအုန်းခင်၏ ဗမာ့ခေတ် ကို ကူးပြောင်းခဲ့ပါ၏။ မောင်ဝိဇ္ဇာကို နှစ်ခြိုက်၍ ဗမာ့ခေတ် ကခေါ်ခဲ့ခြင်းဖြစ်ပါ၏။ ဗမာ့ခေတ်သတင်းစာ၌ “မောင်ဖတ် ဆိုသည့် ကလောင်အမည်ဖြင့် ဆရာကရေးသားခဲ့ပြီး “ဂျာနယ်ကျော်တင့်ဆွေ၏ စာအုပ် “သတင်းစာဆရာ ' အမည်ရှိ စာအုပ်နှင့်ပတ်သက်၍ သဘောထားကွဲကာ ဗမာ့ခေတ်၌ နှစ်ဝက်မျှသာ ဆရာရေးသားခဲ့ပေသည်။

 

သဘောထားကွဲကြ

 

ယင်းကဲ့သို့ သဘောထားကွဲခဲ့ရခြင်းနှင့်ပတ်သက်၍ ဆရာကြီးမောင်က “သတင်းစာလောကနဲ့ ပုံနှိပ်လုပ်ငန်း  အကြောင်းရေးတဲ့စာအုပ်မျိုး ကျွန်တော်တို့စာအုပ်လောက မှာ မရှိသလောက် ရှားပါးခဲ့ပါတယ်။ ဒီစာအုပ်ဟာ ကျွန်တော်တို့အတိုင်းအတာနဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အဲဒီစာအုပ်ကို လှလှပပရေးလိုက်တော့ ရေးရကောင်းလားလို့ သဘောထားကွဲကြပါတယ်။ ဗောင်းတော်ညိတ် စိတ်တော်မသိတဲ့အဖြစ်ပေါ့ ဟူ၍ ဖွင့်ဟခဲ့ပါ၏။

 

ဆရာသည် ဗမာ့ခေတ်မှ “ရောင်ခြည်ဂျာနယ် ကို ကူးခဲ့ပြန်ပါ၏။ ထိုဂျာနယ်သည် စာအုပ်စင်ကဏ္ဍအတွက် ကလောင်အမည် တပ်ခွင့်မပေးသော်လည်း စာမူခါ မြက်မြက်စက်စက်ချီးမြှင့်ခဲ့သော ဂျာနယ်ဖြစ်ပြီး သက်တမ်း မရှည်ခဲ့ပါချေ။

 

ရောင်ခြည်ဂျာနယ်မှတစ်ဆင့် “မြဝတီမဂ္ဂဇင်းသို့ ရောက်ခဲ့ပြန်ရာ ထိုစဉ်က အယ်ဒီတာချုပ်အဖြစ် သူရိယ ဦးသိမ်းမောင်က တာဝန်ယူနေပြီး စာအုပ်ခန်းကို ၎င်း ကိုယ်တိုင်လည်းရေးသားကာ ဆရာမာဃစသည့် တိုက်ထိုင် အယ်ဒီတာများပါ ပါဝင်ရေးသားခဲ့ကြကြောင်း သိရပါ၏။ ဆရာသည် စာကြေးမုံရေးနေရာမှ မဏ္ဍိုင် သတင်းစာသို့ ခြောက်လမျှ ရွှေ့ပြောင်းရေးခဲ့ပါသေးသည်။

 

ဆရာကြီးမောင်သည် ငွေဥဒေါင်းကလောင်အမည် ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) စတုတ္ထဆုကို “သီးခြားစာဝင်္ကဘာ စာအုပ်အတွက် ၁၉၆၅ ခုနှစ်က ရရှိခဲ့ပြီး “ဗုဒ္ဓစာပန်းချီ စာအုပ်ဖြင့် ၁၉၆၆ ခုနှစ်အတွက် အမျိုးသားစာပေဆု တတိယဆုဆွတ်ခူးခဲ့သော စာရေး ဆရာလည်း ဖြစ်ပေရာ “ဗုဒ္ဓစာပန်းချီ”သည် ဆရာ၏ ဂန္တဝင်လက်ရာအဖြစ် လူကြိုက်များနှစ်ခြိုက်ကာ အတွဲ ခြောက်အထိ ထုတ်ဝေခဲ့ရပါ၏။

 

ပွင့်ပွင့်လင်းလင်းဆွေးနွေး

 

စာအုပ်စင်ကဏ္ဍနှင့်ပတ်သက်၍ ဆရာကြီးမောင် က “စာအုပ်များရဲ့ အားနည်းမှု၊ ချွတ်ယွင်းမှု၊ မစွမ်းသန် မှုတွေကို အများသိကြသလို ကျွန်တော်တို့လည်း သိတာပါပဲ။ မြင်တာပါပဲ။ ကျွန်တော်တို့ စာအုပ်လုပ်ငန်း ဟာ ကမ္ဘာ့စာအုပ်လုပ်ငန်းများနဲ့ ယှဉ်လိုက်ရင် အခုမှ နမောတဿစရုံပဲ ရှိပါသေးတယ်။ စာအုပ်တွေချို့ယွင်း သလို စာရေးဆရာတွေရဲ့ အားနည်းချက်တွေလည်း များစွာရှိပါတယ်။ မွန်မွန်ရည်ရည် ပြောင်ပြောင်မြောက်မြောက် ဆိုတဲ့ စာအုပ်မျိုးက ရာခိုင်နှုန်းအင်မတန်နည်းပါ တယ်။ အဲဒီအမြင်တွေကို ထိုင်စောင့်ပြောချင်တဲ့စိတ် မရှိပါဘူး။" ဟူ၍ မန္တလေးဟံသာဝတီသတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ကျင်းပခဲ့သော စာတမ်းဖတ်ကြားပွဲ၌ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ဖူးပါသည်။

 

ဆရာကြီးမောင်(ငွေဥဒေါင်း)သည် တောင်ကြီးမြို့ တွင် ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က အသက် ၈၂ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပါ၏။ လူပင်သေသော်ငြား ဆရာ၏ စာပေလက်ရာ “ဗုဒ္ဓစာပန်းချီသည်ကား မွှေးပျံ့ သင်းကြိုင်ဆဲ ဖြစ်ပါသတည်း။ ။

 

စာကိုး- မောင်ခေတ်ထွန်း၏စာဆိုနှင့်စာ(ဒုတိယတွဲ)

 

mdn