ကမ္ဘာသူ ကမ္ဘာသားများ၏ ကျန်းမာရေးကို တာဝန်ယူ စောင့်ရှောက်ပေးနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အနာဂတ်ကံကြမ္မာနှင့် ရပ်တည်နိုင်မှုသည် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်အပေါ်တွင် တည်မှီနေသည်လော(သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်မည့် ဆေးစွမ်းကောင်းတစ်လက် မည်သို့ ပေါ်ထွက်လာမည်လောကို ဘုရားတ၊ မေတ္တာပို့၍ စောင့်မျှော်ရမည့်အချိန် ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အများဆုံးအလှူရှင် အမေရိကန်ပြည်ထောင်စုအမေရိကန်ပြည်ထောင်စုအနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ တရားဝင် နုတ်ထွက်ခွင့်ပြုနိုင်ရေး အတွက် လျှောက်ထားတင်ပြသော၊ တစ်နှစ်ကြိုတင် ရသည့် နို့တစ်စာကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် နေ့စွဲဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ပေးပို့ထားကြောင်း အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူ စတက်ဖင်ဒူဂျာရစ်က ပြောကြားခဲ့ပါသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ကလည်း ဇူလိုင်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် ၎င်း၏ဦးဆောင်မှုဖြင့် ယခုဖြစ်ပေါ်နေသည့် လူအမြောက်အမြားကို သေဆုံးစေသည့်အပြင် ကမ္ဘာ့ စီးပွားရေးကိုပါ ဒေါ်လာသန်းနှင့်ချီ၍ ဆုံးရှုံးပျက်စီးမှုကို ဖြစ်ပေါ်စေလျက်ရှိသော ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ ဆိုးကြီးအား ကာကွယ်တားဆီး သုတ်သင်ဟန့်တားနိုင် သည့်နည်းလမ်း အကောင်အထည်ဖော်နိုင်စွမ်းမရှိသည် ကို သိသာထင်ရှားစွာ တွေ့ရှိရကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ယင်းကဲ့သို့သော အဖွဲ့အစည်းမျိုးအား ငွေကြေးထောက်ပံ့မှု ပေးရန် ဆန္ဒမရှိတော့ပါကြောင်း၊ သို့သော် ဆင်းရဲသည့် နိုင်ငံများအတွက် ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် စီမံကိန်း လုပ်ငန်းစဉ် များ၌ ထောက်ပံ့ငွေများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးသို့ အခြားအဖွဲ့ဝင်နိုင်ငံများထက် သာလွန်စွာ ငွေကြေးထောက်ပံ့မှု အများဆုံးပေးနေသည့် နိုင်ငံဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံရှိသည့် အနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ ပြဋ္ဌာန်းချက်နှင့် အညီ နှစ်စဉ် ထောက်ပံ့ငွေ အများဆုံးထည့်ဝင်ပေးနေသော ကမ္ဘာ့ထိပ်ဆုံး ၁၀ နိုင်ငံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ အမေရိကန် - ဒေါ်လာ (၁၁၆) သန်း
(စုစုပေါင်း၏ ၂၄ %)
၂။ တရုတ် - ဒေါ်လာ (၅၇)သန်း (စုစုပေါင်း၏ ၁၂ %)
၃။ ဂျပန် - ဒေါ်လာ (၄၁)သန်း (စုစုပေါင်း၏ ၈ %)
၄။ ဂျာမနီ - ဒေါ်လာ (၂၉)သန်း (စုစုပေါင်း၏ ၆ %)
၅။ အင်္ဂလန် - ဒေါ်လာ (၂၂)သန်း(စုစုပေါင်း၏ ၄ %)
၆။ ပြင်သစ် - ဒေါ်လာ (၂၁)သန်း(စုစုပေါင်း၏ ၄ %)
၇။ အီတလီ - ဒေါ်လာ (၁၆)သန်း(စုစုပေါင်း၏ ၃ %)
၈။ ဘရာဇီး - ဒေါ်လာ (၁၄)သန်း(စုစုပေါင်း၏ ၃ %)
၉။ ကနေဒါ - ဒေါ်လာ (၁၃)သန်း (စုစုပေါင်း၏ ၂ %)
၁၀။ ရုရှား - ဒေါ်လာ (၁၂)သန်း (စုစုပေါင်း၏ ၂ %)
အထက်ဖော်ပြပါ ၁၀ နိုင်ငံ၏ ရာခိုင်နှုန်းမှာ (စုစုပေါင်း၏ ၆၈ %) ရှိပြီး ကျန်အဖွဲ့ဝင်နိုင်ငံများအနက် ၄၄ နိုင်ငံအနေဖြင့် ဒေါ်လာ တစ်သန်းအောက်ထည့်ဝင်ပြီး ကျန်နိုင်ငံများအနေဖြင့် ဒေါ်လာ တစ်သိန်းအောက်သာ ထည့်ဝင်ကြရပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် နှစ်စဉ် သတ်မှတ် ပြဋ္ဌာန်းချက်နှင့်အညီ ဒေါ်လာ ၁၁၆ သန်း ထည့်ဝင်သည့် အပြင် မိမိစိတ်ဆန္ဒအလျောက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀၀ အပိုဆောင်းထပ်မံပေးသည့်အတွက် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ကျော်ကို အကြမ်းဖျင်းထည့်ဝင်လျက်ရှိပါသည်။ ထို့ကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ နှစ်စဉ် ဒေါ်လာ သန်း ၄၀၀ နှင့် ဒေါ်လာ သန်း ၅၀၀ ကြား ထည့်ဝင်လျက်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အလွန်မှားယွင်းစွာစီမံခန့်ခွဲခဲ့ပြီး ရောဂါပျံ့နှံ့မှုကို ဖုံးကွယ်ခဲ့ကြောင်း စွပ်စွဲပြစ်တင်ကာ ထောက်ပံ့ငွေ ပေးသွင်း မှုကို ရပ်တန့်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းထောက်ပံ့ငွေထည့်ဝင်ခြင်းကို ဧပြီလမှစ၍ ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က ကြေညာခဲ့ ပါသည်။ ထို့နောက် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်သွားရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသို့ မေလ ၁၈ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး ချုပ် တက်ဒရော့စ်အက်ဒါနွန် ဂီဘရီယက်စ်ဆုစ်အား သမ္မတ ဒေါ်နယ်ထရမ့် စိတ်ပြေရာပြေကြောင်းအဖြစ် ၎င်း၏ တောင်းဆိုချက်များအတိုင်း ပြုပြင်ပြောင်းလဲမှုများ အနည်းနှင့်အများ ပြုလုပ်သွားရန် ဖိအားပေးခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် တရုတ်နိုင်ငံအပေါ် လိုအပ်သည်ထက်ပို၍ ဦးစားပေးနေခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်စ်သတင်း အတိအကျမပေးနိုင်ခြင်း၊ ထို့အပြင် အမေရိကန်ပြည်သူများထံမှရရှိသည့် အခွန်စည်းကြပ် ကောက်ခံငွေများဖြင့် ယခုကဲ့သို့ နှစ်စဉ် ဒေါ်လာ သန်း ၄၀၀ နှင့် ဒေါ်လာ သန်း ၅၀၀ ကြားကို ထည့်ဝင်နေနိုင်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းအားဖြင့် ဒေါ်လာ သန်း ၄၀ သာထည့်ဝင်နေကြောင်း စသည် တို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ယခုကဲ့သို့ နှုတ်ထွက်စာကို ပေးပို့လိုက်ခြင်းဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ နုတ်ထွက်လိုသော မည်သည့်နိုင်ငံမဆို တစ်နှစ်ကြို၍ နို့တစ်စာ ပေးပို့ရမည် ဖြစ်ပြီး ထည့်ဝင်ရမည့် ငွေကြေးပမာဏအား အကြေ ပေးသွင်းပြီးမှသာ ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုကိုယ်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အသင်းကြီးသို့ စတင်ဝင်ရောက်စဉ်ကတည်းက ဆုံးဖြတ် ချက်ချမှတ် အတည်ပြုထားခဲ့ခြင်း ဖြစ်ပါသည်။ ယခုအချိန် တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုယ်တိုင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ဆက်သွယ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိ၊ မရှိ စိစစ်မှုများ ပြုလုပ်နေပြီဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် ဇူလိုင်လ ၂၃ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း လေးသန်းကျော်(၄၁၀၂၀၀၂ ဦး)ရှိပြီး သေဆုံးသူပေါင်း တစ်သိန်းကျော် (၁၄၆၁၉၈ ဦး)ရှိနေပြီဖြစ်ပါသည်။

ယခုကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် သမ္မတ ဒေါ်နယ် ထရမ့်၏ အစိုးရအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုအပေါ် ကောင်းစွာကိုင်တွယ် မထိန်းချုပ်နိုင်ခြင်းကို အာရုံပြောင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ် ကြောင်းနှင့် ယခုလို အချိန်ကာလမျိုး၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ နုတ်ထွက်ခြင်းကြောင့် ကမ္ဘာတွင် အသက် ဆုံးရှုံးမှုများ များပြားလာနိုင်ကြောင်း ဝေဖန်သူများက ပြောဆိုကြပါသည်။ ဥရောပကော်မရှင်ကလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကပ်ရောဂါအား ထိန်းချုပ်မှုများဆောင်ရွက်လုပ်ကိုင် နိုင်ရေးအတွက် ဥရောပယူနီယံမှ အားပေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ငွေကြေးထည့်ဝင် မှု ထပ်မံဖြည့်တင်းပေးခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကို ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ပါသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး

ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ကောင်စီမှ မြစ်ဖျားခံခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကို ၁၉၄၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ယင်းတည်ထောင်သည့်နေ့ကို အစွဲပြုပြီး ကမ္ဘာ့ကျန်းမာရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နှစ်စဉ် အခမ်း အနားများ ကျင်းပခဲ့ပါသည်။ ယနေ့အချိန်အခါတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံ ရှိပါသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့တွင် အခြေစိုက်ရုံးချုပ် တည်ရှိပါသည်။ ညွှန်ကြားရေး မှူးချုပ်မှာ တက်ဒရော့စ်အက်ဒါနွန် ဂီဘရီယက်စ်ဆုစ် ဖြစ်ပါသည်။ အီသီယိုးပီးယားနိုင်ငံသား ဖြစ်ပါသည်။ ကမ္ဘာ့ ကျန်းမာရေး ညီလာခံကြီးမှ ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့ တွင် ရွေးချယ်တင်မြှောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင် လျက်ရှိပါသည်။

ကမ္ဘာပေါ်ရှိလူသားတိုင်းအတွက် ကျန်းမာရေးစီမံဆောင်ရွက်မှုလုပ်ငန်းစဉ်နှင့်အညီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အဓိကလုပ်ငန်းမှာ ကာကွယ်ရေးဖြစ်ပါ သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကူးစက်တတ်သော အဓိကရောဂါကြီး ခြောက်မျိုး ဖြစ်သည့် ဆုံဆို့နာ၊ ဝက်သက်၊ ပိုလီယို၊ မေးခိုင်၊ တီဘီ နှင့် ကြက်ညှာ ချောင်းဆိုး ရောဂါများ ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းကို လိုအပ်သော ကလေးတိုင်းအား ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကြောင့် ကမ္ဘာ့ နိုင်ငံအားလုံးအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ မိမိတို့နိုင်ငံ အလိုက်အချိုးကျထည့်ဝင်ငွေများကြောင့် အကျိုးအမြတ် ပြန်လည်ရရှိနေကြရပါသည်။

ယခုအချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) တိုက်ဖျက် ကာကွယ်ရေးအတွက် လိုအပ်သော ကာကွယ်ဆေးအားအမြန်ဆုံးထုတ်လုပ်နိုင်ရန် အထူးကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် ယင်းကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် လည်းကောင်း၊ ရရှိလာပါက ကမ္ဘာ့လူသားအားလုံးသို့ လိုအပ်သလိုဖြန့်ဖြူးမှုကို ထိရောက်မြန်ဆန်စွာ ပြုလုပ် နိုင်ရေးအတွက်လည်းကောင်း၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်သည့်အပြင် မူလတာဝန် ဖြစ်သည့် အဓိကရောဂါကြီး ခြောက်မျိုး ကာကွယ်ရေးကို လည်း လစ်ဟင်းမှုမရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ရန်လည်း လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် ရန်ပုံငွေတောင့်တင်းခိုင်မာရန် အထူးလိုအပ်မည် ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအနေဖြင့် ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၂၁ ခုနှစ် နှစ်ဆန်း ပိုင်းထက် မစောနိုင်ကြောင်း သက်ဆိုင်ရာ ပညာရှင်များ နှင့် နိုင်ငံ့ခေါင်းဆောင် အချို့တို့က ခန့်မှန်းပြောကြားလျက် ရှိကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် နှစ်စဉ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့ကျန်းမာရေးညီလာခံ” (၇၃) ကြိမ်မြောက် အစည်းအဝေးကြီးကို ၂၀၂၀ ပြည့်နှစ် မေလ(၁၈-၁၉)ရက်နေ့များတွင် ပထမဆုံးအကြိမ် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေး ညီလာခံအစည်းအဝေးကြီးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒ များကို အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် အတည်ပြုပြဋ္ဌာန်းပေးရပါသည်။ ယခုနှစ် ဆုံးဖြတ်ချက် များ ချမှတ်ခဲ့ရာတွင် ဥရောပယူနီယံနှင့် ဩစတြေးလျ နိုင်ငံတို့၏ ဦးဆောင်တောင်းဆိုချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့ရမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး တုံ့ပြန်ဆောင်ရွက်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများ ပြုလုပ်သွားရန်ကို အဖွဲ့ဝင်နိုင်ငံအားလုံး က သဘောတူလက်ခံခဲ့သဖြင့် ဆုံးဖြတ်ချက်အဖြစ် ချမှတ် ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါ နွန်ကလည်း ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံခြင်းနှင့် တိုးတက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခြင်း စသည်တို့ ရရှိရေး အတွက် ကတိကဝတ် အခိုင်အမာပေးခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ

(၄၆) ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဒုတိယအကြိမ်အဖြစ် ရီပတ်ဘလီကန်ပါတီဘက်မှ ကိုယ်စားပြုယှဉ်ပြိုင်သွား မည်ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဘက်မှ ယခင် ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ကိုယ်စားပြုယှဉ်ပြိုင်သွား မည်ဖြစ်သည်။ အနိုင်ရရှိသူသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတ ကျမ်းသစ္စာကျိန်ဆို၍ ရာထူးလက်ခံ ရမည်ဖြစ်သည်။

ဂျိုးဘိုင်ဒင်က ၎င်းအနိုင်ရရှိပါက အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားထားသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေစဉ်အတွင်း ကုန်ထုတ်လုပ်ငန်းများ နှင့် အခြားကဏ္ဍများတွင် အလုပ်အကိုင်ပေါင်း ငါးသန်းကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်က အမေရိကန်သာ ပထမဖြစ်သည်ဆိုသည့်ကြွေးကြော်သံဖြင့် မဲဆွယ် စည်းရုံးခဲ့ပြီး ၎င်း သမ္မတဖြစ်လာသည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ အကျိုး စီးပွားအား ထိခိုက်နစ်နာစေသည့် (သို့မဟုတ်) ၎င်း၏ ဆန္ဒသဘောထားနှင့် မကိုက်ညီသည့် ယခင် သမ္မတများ လက်ထက်က ချုပ်ဆိုအတည်ပြုပြီးဖြစ်သော နိုင်ငံတကာ သဘောတူစာချုပ်များအား ဖျက်သိမ်း/နုတ်ထွက်ခဲ့ပါ သည်။ ဥပမာအားဖြင့် အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ သည်-

(က) ၂၀၁၈ ခုနှစ်တွင် အီရန်နိုင်ငံနှင့် ချုပ်ဆို ထားသော နျူကလီးယားသဘောတူညီမှုအား ဖျက်သိမ်းလိုက်ခြင်း၊

(ခ) ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ နုတ်ထွက်လိုက်ခြင်း၊

(ဂ) ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂပညာရေး-သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ကြီးမှ နုတ်ထွက် လိုက်ခြင်း၊

(ဃ) ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရာသီဥတုထိန်းသိမ်း ရေး ပါရီသဘောတူညီချက်မှ နုတ်ထွက် လိုက်ခြင်း။

ထို့ကြောင့်အထက်ဖော်ပြပါ သာဓကများအရ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှ ထွက်ပေါ်လာ မည့်ရလဒ်အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အမေရိကန်ပြည်ထောင်စု အမှန်တကယ် အပြီးအပိုင် နုတ်ထွက်ဖြစ်မည်/ မဖြစ် ဆိုသည်မှာ မူတည်နေပါသည်။ ကမ္ဘာ့လူသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပေါ် တည်မှီနေသလို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ရပ်တည်မှုသည်လည်း အမေရိကန် ပြည်ထောင်စု၏ နှစ်စဉ်ထည့်ဝင်ငွေများအပေါ်တွင် မှီခို အားထားနေရလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

မောင်ဟန်တင်(လျှပ်/ဆက်)