၂၅  ဇူလိုင်

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေဟာ အမှန်တကယ်ဆိုရင်ဇူလိုင် ၂၄ ရက်မှာ စတင်ကျင်းပနေရတော့မှာပါ။ ဒါပေမယ့် ရုတ်တရက် ကျရောက်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အားကစားပွဲကို အချိန်တစ်နှစ် ရွှေ့ဆိုင်းခဲ့ပါတယ်။ အားကစားပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကို ထိန်းချုပ်ဖို့အရေးပေါ်စီမံဆောင်ရွက်ချက်တွေ ကြေညာခဲ့ပါတယ်။

ကိုဗစ်-၁၉ အခြေအနေအပေါ်မူတည်

အိုလံပစ်အားကစားပွဲပြန်ကျင်းပဖြစ်ဦးမလား ဆိုတဲ့မေးခွန်းကို မေးလာတဲ့အခါ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မိုရီယိုရှီရိုက အဲဒီအဖြေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို လူသားတွေ ကျော်လွှား နိုင်ခြင်းရှိမရှိဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်နေတယ်လို့ မကြာသေးမီက အင်တာဗျူးအမေးအဖြေတစ်ခုမှာ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာတွေ ဘယ်လောက်အထိ တိုးတက်ဖြစ်ထွန်းမှုရှိနေပြီလဲဆိုတဲ့ အချက်ကလည်း အားကစားပွဲတွေ အမှန်တကယ် ပြန်လည်ကျင်းပနိုင်ခြင်းရှိ မရှိကို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာမှာ အဓိကကျတယ်လို့ မိုရီက ထပ်မံဖြေဆို ထားပါတယ်။

ဂျပန်တစ်နိုင်ငံတည်း ဆုံးဖြတ်လို့မရ

တကယ်လို့များလက်ရှိဖြစ်နေတဲ့ ရောဂါကူးစက်ဖြစ်ပွားမှုတွေနဲ့ အသက်ဆုံးရှုံးရမှုတွေကနေ တိုးတက်ပြောင်းလဲမှု မရှိသေးဘူးဆိုရင် လောလောဆယ် ဘယ်အားကစားပွဲမှ ကျင်းပနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ၎င်းက ပြောပါတယ်။ ဒါပေမယ့် အမှန်တကယ်အားဖြင့် ဒီဆုံးဖြတ်ချက်ဟာ ဂျပန်တစ်နိုင်ငံတည်းကချလို့ရတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး။ အိုလံပစ်အားကစားပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်ပိုင်ခွင့်ဟာ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဆီမှာရှိနေတာဖြစ်ပြီး ဂျပန်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို တောင်းဆိုဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ နောက်ထပ်တစ်နှစ် လောက်ဆက်သွားနေဦးမယ်လို့တော့ မထင်မိဘူးလို့ မစ္စတာ မိုရီက ပြောပါ တယ်။ ပြီးခဲ့တဲ့သောကြာနေ့က ၂၀၂၀ အိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေး စီစဉ်သူတွေက လာမယ့်နှစ်မှာပြုလုပ်မယ့် အိုလံပစ်အားကစားပွဲအတွက် ပွဲစဉ် | အချိန်ဇယားတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၁၇ ရက်ကြာ ကျင်းပမည်

အိုလံပစ်အားကစားပွဲကို ၂၀၂၁ခုနှစ် ဇူလိုင် ၂၃ ရက် ကစပြီး ၁၇ ရက်ကြာအောင် ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ အားကစားနည်း ၃၃ မျိုးကို ပြိုင်ပွဲဝင်တွေက ပွဲစဉ်ပေါင်း ၃၃၉ ပွဲအထိ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအတွက် နဂိုကစီစဉ်ထားတဲ့ အားကစားပွဲအချိန်ဇယားနဲ့ အနီးစပ်ဆုံး တူအောင် စီစဉ်ထားပြီး ပြိုင်ပွဲဝင်တွေအတွက် တူညီတဲ့သတ်မှတ်နေရာတွေနဲ့ အဆောက်အအုံတွေကိုလည်း အသေအချာဖြစ်အောင် စီမံလို့ရတယ်လို့ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် စီမံဆောင်ရွက်ချက် တွေနဲ့ပတ်သက်ပြီး တိုကျိုအစိုးရအဖွဲ့နဲ့ လာမယ့်စက်တင်ဘာလမှာ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ပြုလုပ်မယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီအစီအမံတွေထဲမှာ လူဝင်မှုထိန်းချုပ်တာတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကုသရေးစနစ်တွေ၊ ဟိုတယ်တွေနဲ့ သယ်ယူပို့ဆောင်မှုတွေအတွက် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဆွေးနွေး မှု အနှစ်ချုပ်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ သိရမယ်လို့ ပြောပါတယ်။

ပွဲကြည့်ပရိသတ် လျှော့ချမည်

ပြီးတော့ ပြိုင်ပွဲမှာပါဝင်ကြမယ့်သူတွေအရေအတွက်ကို လျှော့ချတာမျိုးလို ပွဲစဉ်တွေကို ရိုးရိုးရှင်းရှင်း ဖြစ်စေမယ့် နည်းလမ်းတွေကိုလည်း စဉ်းစားကြံဆနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီစီမံဆောင်ရွက်မှုတွေ နဲ့ပတ်သက်တဲ့ နောက်ထပ်ကုန်ကျစရိတ်တွေကိုလည်းပဲထုတ်ပြန်ကြေညာ သွားမှာဖြစ်ပါတယ်။

အားကစားရုံတွေမှာ စိတ်အားထက်သန်စွာနဲ့ပရိသတ်တွေ အပြည့်အနှက် လာရောက်အားပေးနေကြတာမျိုးကို ကျွန်ုပ်တို့ တွေမမြင်ချင်ပဲ ဘယ်ရှိပါ့မလဲ၊ ဒါပေမယ့် ပွဲကြည့်ပရိသတ် အရေအတွက်ကို လျှော့ချတာက ကိုဗစ်-၁၉ ကူးစက်နိုင်တဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ဖို့ ကော်မတီက စဉ်းစားနေတဲ့ နည်းလမ်းတစ်ခုပဲလို့ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘတ်ချက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရဲ့ ထင်မြင်ချက်

အင်န်အိတ်ချ်ကေ သတင်းဌာနက ယခုနှစ်ဇွန်လနဲ့ ဇူလိုင်လတွေအတွင်း လာမယ့်နှစ်ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်အတွက် အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမျိုးသားနဲ့ဒေသဆိုင်ရာ အိုလံပစ်ကော်မတီတွေ၊ နိုင်ငံတကာ အားကစားအဖွဲ့ အစည်းတွေဆီမှာ စစ်တမ်းကောက်ယူခဲ့ရာမှာ အဖွဲ့အစည်းပေါင်း ၂၂ ခုတို့က တုံ့ပြန်ဖြေကြားခဲ့ကြပါတယ်။ အဖွဲ့အစည်းပေါင်း ၁၆ ခုက အိုလံပစ်အားကစားပွဲကို ကျင်းပဖို့သင့် မသင့်ကို ဖွင့်ပွဲမတိုင်မီ ခြောက်လထက်မနည်း အချိန်ကတည်းက ကြိုတင်ဆုံးဖြတ်ချက်ချသင့်တယ်လို့ အကြံပြုထားကြတာကို တွေ့ရပါတယ်။

စိတ်ဝင်စားသူများပြား

အဖွဲ့အစည်းငါးခုကတော့ အားကစားပွဲကို လာမယ့်နှစ်နွေရာသီမှာ ကျင်းပနိုင်ခြင်း မရှိသေးဘူးဆိုရင် နောက်ထပ်အချိန်ထပ်ရွှေ့ဖို့ တောင်းဆိုမှာ ဖြစ်တယ်လို့ ဆိုထားပြီး အဖွဲ့အစည်း ၁၃ ခုက အရေးကြီးကိစ္စ တစ်ခုဖြစ်လာခဲ့ရင် အားကစားပွဲကို ဖျက်သိမ်းဖို့သင့်တယ်လို့ ဖြေထားပါတယ်။ ယခု ရက်သတ္တပတ် အတွင်းမှာလည်း ဂျပန်နိုင်ငံက ပြည်သူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပြီး စစ်တမ်းကောက်ခဲ့ရာမှာ ဒေသခံပြည်သူ ၁၃၀ဝ ခန့် က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အိုလံပစ်အားကစားပွဲတွေကို စိတ်ဝင်စားခြင်း ရှိ မရှိ ဆိုတဲ့မေးခွန်းကို ဒေသခံပြည်သူ ၇၁ ရာခိုင်နှုန်းက အလွန်စိတ်ဝင်စားကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ အိုလံပစ်အားကစားပွဲကို နောက်တစ် နှစ်မရွှေ့ဆိုင်းသေးခင် ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းက စစ်တမ်းကောက်ယူခဲ့တဲ့ ပမာဏကနေ ကိုးရာခိုင်နှုန်းလောက် လျော့ကျသွားတာဖြစ်တယ်လို့ သိရ ပါတယ်။

တင်းကျပ်တဲ့အစီအမံတွေ ချမှတ်ဖို့လို

လတ်တလော အချိန်ဇယားနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ၃၅ ရာခိုင်နှုန်းက အားကစားပွဲကို အချိန်ထပ်ရွှေ့သင့်တယ်လို့ အကြံပြုထားပြီး ၃၁ ရာခိုင်နှုန်းက အားကစားပွဲကို အပြီးဖျက်သိမ်းလိုက်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ၂၆ ရာခိုင်နှုန်းကတော့ လက်ရှိရေးဆွဲထားတဲ့ အစီအစဉ် ဇယားအတိုင်းပဲ ကျင်းပသင့်ပါတယ်လို့ ဆိုထားပါတယ်။

ပရိသတ်အင်အား လျှော့ချမှုနဲ့ပတ်သက်ပြီး ထောက်ခံတဲ့သူအရေအတွက် ကတော့ ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ အကယ်၍ ကပ်ရောဂါအတွင်းမှာ အိုလံပစ်အားကစားပွဲတော်ကို ဖြစ်အောင်လုပ်ဖို့ကြိုးစားမယ်ဆိုရင် လူဝင်မှုထိန်းချုပ်ရေး အစီအမံတွေ အတော်လေးကို တင်းတင်းကျပ်ကျပ်ဖြစ်ဖို့နဲ့ သေချာဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အင်န်အိတ်ချ်ကေ

ကလျာမိုးမြင့်