၂၆ ဇူလိုင်

 

လောက၌ လူသားတိုင်းသည် ကျန်းမာရေးကောင်းစွာဖြင့် လောကအလယ် ရပ်တည်လှုပ်ရှားနေထိုင်လိုကြသည်မှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။ သဘာဝမှမွေးဖွားလာသော လူ၊ တိရစ္ဆာန်များသည် သဘာဝအတိုင်းပင် မိမိတို့နှင့်အတူတကွဖြစ်တည်လာခဲ့ကြသော သဘာဝပေါက်ပင်များအား မှီဝဲသုံးဆောင်၍သာလျှင် လောကအတွင်း နေထိုင်ကျင်လည် ကျက်စားနေကြကြောင်းကိုလည်း အကြမ်းသဘောသိထားမည်မှာ အမှန်ဖြစ်ပေလိမ့်မည်။

 

ဥပမာ- နွားများနှင့်အချို့သတ္တဝါများသည် မြက်များ စားသုံးခြင်း၊ လူသားများမှာမူ အသားငါးများကို ချက်ပြုတ် စားသောက်ခြင်း၊ အသီးအရွက်များအား အစိမ်းစားခြင်း၊ ချက်ပြုတ်စားခြင်း၊ ဆေးဝါးပြုလုပ် သုံးစွဲကြခြင်းကိုလည်း ပြုနေကြသည်။ လူတို့သည် သဘာဝပေါက်ပင်များကို ရှာဖွေစားသောက်ရာမှတစ်ဆင့်တက်၍ အပင်မျိုးများ ရယူပြီးလျှင် ပို၍အထွက်ကောင်းအောင် ဆောင်ရွက်ကြခြင်းဖြင့် စားသုံးခြင်း၊ ဆေးဝါးများအတွက် ဖန်တီးသုံးစွဲခြင်းများ ပြုလုပ်ဆောင်ရွက်လာခဲ့ကြပါသည်။ ထို့အတူ နေရေးကိစ္စ၊ စားရေးကိစ္စ၊ ဝတ်ရေးကိစ္စရပ်ဖြစ်သော လူ့စွမ်းအားများကို သဘာဝ ပေါက်ပင်များမှ ရယူသုံးစွဲ လာခဲ့ကြရပါသည်။

 

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်

 

သဘာဝအလျောက်ဖြစ်ပေါ်လာခဲ့ကြသော နွယ်မြက်သစ်ပင်များသည် ဆေးဖက်ဝင်၏ အဆိုရှိသော်လည်း အသိပညာဖြင့် ပေါင်းစပ်ရယူကြသည့်အခါတွင် ထိုပေါင်းစပ်စွမ်းအားများကို ရရှိခံစားကြမည်ဖြစ်ပါသည်။ ဥပမာ- အသီးအရွက်ဖြင့် ဟင်းတစ်ခွက်ချက်ကြည့်ပါ။ ကြက်သွန်နီ၊ ငရုတ်ခြောက်၊ နနွင်းမှုန့်၊ ဆီ၊ ခရမ်းသီး စသည်တို့ကို ပေါင်းစပ်၍ အချိုးကျချက်ပြုတ်သည့်အခါ ဟင်းကောင်းတစ်ခွက် ပေါ်ထွက်လာခဲ့ပါမည်။ ဤသည်မှာ ပေါင်းစပ်မှုကြောင့် ဖြစ်တည်လာခဲ့ကြရသော စွမ်းအားပင် ဖြစ်ပေသည်။ ပေါင်းစပ်ဖြစ်တည်မှုကြောင့် ရရှိသောသုခမှာ သဘာဝသစ်ပင်များကို စနစ်ကျစွာ ပေါင်းစပ်ရယူနိုင် ခဲ့ခြင်းကြောင့် ကိုယ်ခန္ဓာကို ရှင်သန်ကြီးထွားစေခြင်း၊ ခွန်အားများစွာ ဖြစ်ထွန်းစေခြင်း၊ သုခချမ်းသာ အမျိုးမျိုး ကို ပေးစွမ်းနိုင်ပေမည်။

 

တစ်ဖန်ပေါင်းစပ်ဖြစ်တည်မှုကြောင့် ရရှိသော ဒုက္ခများလည်းရှိပါသည်။ ပေါင်းစပ်သုံးစွဲရာတွင်လည်း ပေါင်းစပ်အပ်သည်ကိုသာ ပေါင်းစပ်အပ်ပါသည်။ မပေါင်းစပ်၍ သုံးစွဲခဲ့သည်ရှိသော် ရရှိထားပြီးဖြစ်သော လူ့လောကအား ကျောခိုင်းထွက်ခွာသွားရတတ်ပါသည်။ ဥပမာအားဖြင့် သပြေသီးနှင့် ထန်းလျက်ခဲကို ရော၍ စားသုံးသော် သေတတ်သည်ဟု ကြားဖူးကြမည်။ ထို့နည်းတူစွာ တွဲဖက်သုံးစွဲ၍မရသော သစ်ပင်များလည်း အများအပြားရှိနေမည်ကို လေ့လာသုံးသပ် သိထားအပ် ပေသည်။

 

အထောက်အကူပြုဆေးဝါးများ ဖော်ထုတ်ခြင်း

 

သဘာဝအလျောက်ပေါက်သော အပင်များ၏ မူလ စွမ်းရည်များအား စနစ်တကျလေ့လာစူးစမ်း၍ လူ၊ တိရစ္ဆာန်များအား ကူညီကယ်တင်စောင့်ရှောက်ရန် ဆေးဝါးများလည်း ဖော်ထုတ်ရယူနိုင်စွမ်းရှိပါသည်။ ဥပမာ- နွားများ ဝမ်းချုပ်လျှင် သျှိသျှားရွက်လက်နှစ်ဆုပ် ခူး၍ ထောင်းပြီးလျှင် ဆားတစ်ကျပ်သားနှင့် အရည်ဖျော်၍ တိုက်ကျွေးပါလျှင် မကြာခင်ဝမ်းသွား၍ သက်သာ ပျောက်ကင်းခြင်း ဖြစ်ပါမည်။ ထို့နည်းတူစွာ ဒေသပေါင်းစုံသို့ သွားရောက်၍ ရွှေ့ပြောင်းလုပ်သားများ၊ အလုပ်လုပ်ကြရသော ပုဂ္ဂိုလ်များအနေဖြင့် အနည်းငယ်ဖျားနာခြင်းဖြစ်ခဲ့သော် ထိုဒေသ၌ အများဆုံးပေါက်ရောက်သော ဝါးပင်မှ အရွက်ကို လက်နှစ်ဆုပ်စာခူး၍ ရေတစ်ပုလင်းခန့်နှင့် ကျိုချက်၍ လက်ဖက်ရည်ကြမ်းပန်းကန်လုံး နှစ်လုံးစာမျှ ရှိလျှင် ထိုဆေးရည်ကို ပူပူနွေးနွေးသောက်ပေးပါကလည်း အဖျားရောဂါပျောက်ကင်းသက်သာပါမည်ဟု စာများက ဆိုပါသည်။ ထို့ကြောင့် သဘာဝပေါက်သောအပင်များကို လေ့လာစူးစမ်း၍ ဆေးအဖြစ် ထုတ်လုပ်ရရှိစေမည်ဖြစ်ပါသည်။

 

ရာသီဥတုကြောင့် ရောဂါဝေဒနာစွဲကပ်

 

သတ္တဝါများသည် သဘာဝ၏စောင့်ရှောက်မှုဖြင့် ဖြစ်တည်လာကြသော သတ္တဝါများ ဖြစ်ကြသည့်အလျောက် လေရှူရှိုက်၍ အသက်ရှင်သန်ခဲ့ကြရသော သတ္တဝါများဖြစ် ကြသည့် လှုပ်ရှားဖြစ်စဉ်တွင် လေဝင်လျှင်အေးခြင်းဖြင့် ထိုမှ ပူနွေးခြင်းသို့ ပြောင်းလဲဖြစ်စဉ်အတိုင်းပင်လျှင် ခန္ဓာကိုယ်အတွင်း၌ အေးခြင်း၊ ပူနွေးခြင်း၊ စွတ်စိုခြင်းသည် သမမျှတစွာ အမှန်ဖြစ်တည်၍ နေရပါမည်။ အပူလွန်ကဲ ခြင်း၊ အအေးလွန်ကဲခြင်း၊ စွတ်စိုမှုများခြင်း၊ နည်းခြင်း၊ ပထဝီ၊ တေဇော၊ အာပေါနှင့် ဝါယော ဓာတ်ကြီးများ ဖောက်ပြန်မှုကြောင့် ခန္ဓာကိုယ်တွင် မလိုလားအပ်သော ရောဂါများ စွဲကပ်စေပါသည်။

 

အပူလွန်ကဲခြင်းနှင့် အအေးလွန်ကဲခြင်း

 

အပူလွန်ကဲခြင်းနှင့် အအေးလွန်ကဲခြင်းဆိုရာ၌ မိုးလေမမှန်ခြင်း၊ မိုးလေမမှန်မှုကြောင့် သီးနှံများမဖြစ် ထွန်းခြင်း၊ သီးနှံများမဖြစ်ထွန်းမှုကြောင့် အစာရေစာ ခေါင်းပါးခြင်းများကြောင့် ပြင်ပကူးစက်ရောဂါများ ဝင်ရောက်နိုင်ခြင်း စသဖြင့်အခြားဖြစ်ရပ်များ ဖြစ်တတ်ပါသည်။ ဤသည်မှာ ခန္ဓာအတွင်း ရာသီဥတုဖောက်ပြန် ခြင်းကြောင့် ဖြစ်တတ်သော ရောဂါအကြမ်းအား ဖော်ပြ ခြင်းသာ ဖြစ်ပါသည်။ ရှေးအခါက ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ ဝမ်းရောဂါ၊ ကပ်ကြီးသုံးပါးဖြစ်ပေါ်ခဲ့ဖူးပါသည်။ ထိုစဉ်က ရှေးလူကြီးများ၊ သမားတော်များသည် မြန်မာ့တိုင်းရင်းဆေးဖြင့်သာ ကာကွယ်ခဲ့ကြသည်။ ထိုကပ်ကြီး သုံးပါးရောဂါကို သမားတော်ကြီးများက တိုင်းရင်းဆေးများဖြစ်သော အပွင့်အသီးစသည်တို့ကို အသုံးပြု၍ ကာကွယ်ကုသလာကြပါသည်။

 

ကိုဗစ်- ၁၉ ကို ကြိုတင်ကာကွယ်ရေး

 

ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါသည် အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်အထက် ရှိမည်ဖြစ်သည်။ သာမန်ရိုးရိုး အဖျားသည် ၉၉ ဒီဂရီ ဖာရင်ဟိုက်အောက်သာ ရှိတတ်ပါသည်။ ရိုးရိုးအဖျားကို ဖော်ပြပါ တိုင်းရင်းဆေးများ သောက်သုံးခြင်းအားဖြင့် ရိုးရိုးအဖျားရောဂါ ကာကွယ်မည်ကို တိုင်းရင်းမြန်မာဆေးကျမ်းများဖြင့် ပြုစုထား သည်ကို လေ့လာကြရမည်ဖြစ်ပါသည်။

 

နှလုံး၊ အဆုတ်သန့်စင်စေရန်

 

ခုခံအားကောင်း၍ အာဟာရဖြစ်စေရန် စားသုံးပါ။ လတ်ဆတ်သောအသီးအနှံနှင့် အသားများကို ရွေးချယ်စား သုံးပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။ နေ့စဉ်စားသုံး နေကျ မီးဖိုချောင်တွင်ရှိ‌သော ပစ္စည်းများကို အာဟာရ ဖြစ်အောင် စားသုံးပါ။

 

အထူးသဖြင့် နှလုံး၊ အဆုတ်ကို သန့်ရှင်းစေရန် မီးဖိုချောင်သုံး မန်ကျည်းမှည့်နှင့် ထန်းလျက်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အဆုတ်၊ နှလုံးအတွင်းရှိ အညစ်အကြေးများကို သန့်စင်စေပါမည်။ ပိုးအမျိုးမျိုးနိုင်စေရန် တမာရွက်ပြုတ်သည့် အရည်၊ တမာခေါက်သွေးပြီးသည့် အရည်လည်း သောက်သုံးပါ။ ပြုတ်၍ရေချိုးသန့်စင်ပေးပါ။

 

ဤရာသီ၌ အဖျားများကျရောက်ပါက တိုင်းရင်းဆေး ခန်းသုံး၊ တိုင်းရင်းဆေးရုံသုံးသည့် ဆေးများဖြစ်သော အမှတ် (၂၅) ပတဲမြင်းမိုရ်ကုန်းနှင့် တိုင်းရင်းဆေးခန်းသုံး အမှတ် (၁၇) သွေးဆေးနီဆေးကို သုံးဆောင်သင့်ပါသည်။ မှန်မှန်သောက်သုံးပေးပါက အဖျားအမျိုးမျိုးမကပ်စေရန် ကာကွယ်ထားရာ ရောက်ပါသည်။ ထိုဆေးတို့သည် တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် အလွယ်တကူရနိုင် သောဆေးများ ဖြစ်ပါသည်။

 

တိုင်းရင်းဆေးအမှတ် (၁၇) သည် ခွေးဆောင်ကုထုံး ကျမ်း၊ နယမာလာကျမ်းမှ သမားစဉ်ဆေးဖြစ်သည်။ မြန်မာ တိုင်းရင်းဆေးနည်းနိဿရည်း ၂၀၀၀ ပြည့်နှစ် စာအုပ်တို့တွင် သွေးဆေးနီကြီးဟု ဖော်ပြထားသည်။ ဥဏှပထဝီ ဝါ‌ယောအာကာသ၊ သီတ၊ တေဇောငြိမ်းစေ၏ဟူ၍ ဖော်ပြထားသည်။

 

တိုင်းရင်းဆေးအမှတ် (၂၅) သည် ဓာတုဝိနိစ္စယ ရူပကဏ္ဍကျမ်းမှ သမားတော်ကြီးများ အစဉ်အဆက် သုံးစွဲသောဆေးဖြစ်သည်။ ဥဏှဝါယော၊ အာကာသ၊ သီတ၊ တေဇောငြိမ်းစေ၏။ အဇ္ဈတ္တပထဝီပျက်စေ၏ ဟူ၍ဖော်ပြ ပါရှိသည်။ ယင်းတိုင်းရင်းဆေး အမှတ် (၂၅) ကို ကျွန်ုပ်၏ အဘိုးအဘေးများက အောင်ဗလဟုခေါ်ဝေါ်၍ အမည်ပေး ခဲ့ကြသည်။ ရှေ့က ဇာတ်ဆရာအောင်ဗလသည် ကျား/မ နှစ်မျိုး ကပြတတ်သည်ကို ဥပမာပေး၍ တင်စားခဲ့ကြပါသည်။ တိုင်းရင်းဆေး (၂၅) ပတဲမြင်းမိုရ်ကုန်းဆေးသည် အပူနာ၊ အအေးနာ နှစ်မျိုးသုံးပါသည်။

 

ယင်းသို့ ဖော်ပြပါအတွေ့အကြုံများအရ အဖျားအမျိုးမျိုးကို ကာကွယ်နိုင်သည့်ဆေးကို သုံးစွဲပေးခြင်းဖြင့် အဖျားရောဂါ ပျောက်စေနိုင်ကြောင်း ညွှန်းဆိုရပါသည်။ သောက်သုံးရန်ဆောင်ထားပါက အဖျားရောဂါမကပ်စေဘဲ မဖြစ်ရန် ကာကွယ်ပါသည်။ ကိုဗစ်- ၁၉ ရောဂါများကို လည်း ကြိုတင်ကာကွယ်ရာရောက်မည် ဖြစ်ပါသည်။

 

မြန်မာ့ဆေးကျမ်းအစောင်စောင်က ဖော်ပြထားသော ရိုးရာတိုင်းရင်းဆေးဖြစ်ကြောင်းနှင့် Traditional Medicine သဘာဝဆေးပင်များမှထုတ်လုပ်သော Herbal Medicine တို့ပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ဟစ်ပိုကရေးခေတ် ဘီစီ- ၄၆၀ က စတင်ခဲ့သော အနောက်တိုင်းဆေးပညာသည် သိပ္ပံခေတ်တိုးတက်မှုနှင့် တိုးတက်လျက်ရှိသော်လည်း ဓာတုနည်းအရဖော်စပ်ရသော ဒြပ်ပေါင်းများဖြစ်၍ ဘေးထွက်ဆိုးကျိုးများရှိကြောင်း သိရှိပြီးဖြစ်ကြမည်။ ကမ္ဘာတွင် လူတို့၏ နေထိုင်မှုစနစ်ပြောင်းလဲလာသည်နှင့်အမျှ ရောဂါဆန်းများလည်း တိုးပွားလျက်ရှိသည်။ မြန်မာ့ဆေးကျမ်းများတွင် ကုထုံးကုနည်း၊ ကာကွယ်နည်းများပါရှိပြီး ဖြစ်ပါသည်။

 

မြန်မာ့တိုင်းရင်းဆေးပညာတွင် သလိပ်သည်းခြေ လေမှစ၍ ဓာတ်ကြီးများဖောက်ပြန်မှုကြောင့် ဖြစ်ပေါ် လာ‌သော ရောဂါဝေဒနာတို့အား တိုင်းရင်းဆေးပညာဖြင့် အစားထိုးကာ နိဒါန်းကိုလေ့လာပြီး အကျိုး နိဂုံးကို ရှာဖွေ ကုသသော ဆေးများသာဖြစ်သောကြောင့် တိုင်းရင်းဆေး များ၏အစွမ်းကို သိရှိနားလည်စေပြီး ကျန်းမာသောဘဝ ရပ်တည်မှုဖြင့် ရှင်သန်ပါစေကြောင်း ဆန္ဒပြုအပ် ပါသည်။ ။

 

ဒေါက်တာ မောင်ဖြေ

Ph. D (Alternative Medicine), India