၂၆ ဇူလိုင်
ပြတိုက်ဟူသည်
ပြတိုက်ကို အင်္ဂလိပ်ဘာသာဖြင့် Museum (မြူဇီယမ်)ဟု ခေါ်ပြီး အဆိုပါ ဝေါဟာရသည် အင်္ဂလိပ်ဘာသာ ပင်ရင်းမဟုတ်ဘဲ ရှေးဟောင်းဂရိဘာသာစကား Mouseion (မောင်စီယွန်း) မှ ဆင်းသက်လာကာ ဂရိဒဏ္ဍာရီလာ Muse(မျူးဇ်) ခေါ် စာပေ၊ ဂီတ၊ အနုပညာတို့ကို စောင့်ရှောက်ကုန်သော နတ်သမီးများ၏ ဘုံဗိမာန် ဟူသောအဓိပ္ပာယ်ကို ယူ၍ စာပေ၊ ဂီတ၊ အနုပညာဆိုင်ရာ ပစ္စည်းများကို စုဆောင်း၊ ထိန်းသိမ်း၊ သုတေသနပြု၊ ခင်းကျင်းပြသကာ အများပြည်သူကို အသိပညာဗဟုသုတ ဖြန့်ချိလျက်ရှိသော နေရာဌာန အဆောက်အအုံဖြစ်သည် ဟု ဖွင့်ဆိုကြပါ၏ ။
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council of Museum–ICOM)ကမူ "ပြတိုက်ဟူသည် အများပြည်သူကို ဝန်ဆောင်မှုပြုနိုင် ရန် ငွေကြေးအမြတ်အစွန်းကို အဓိကမထားဘဲ ပုံမှန် ဖွင့်လှစ်ရသော ပညာပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူသားနှင့် ပတ်ဝန်းကျင်သက်သေအထောက်အထား ဖြစ်သော ဒြပ်ရှိ ဒြပ်မဲ့ပစ္စည်းများကို စုဆောင်းခြင်း၊ ထိန်း သိမ်းခြင်း၊ သုတေသနပြုခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်း၍ ခင်းကျင်းပြသခြင်း နည်းလမ်းများဖြင့် ဧည့်သည်များနှင့် ထိတွေ့ဆက်ဆံကာ စစ်မှန်သော ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များကို နားလည်သဘောပေါက်စေရန်၊ သင်ယူရန်နှင့် စိတ်ပျော်ရွှင်မှုခံစားရစေရန် ဖြန့်ဝေပေးသော နေရာလည်း ဖြစ်သည်" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။
ပြတိုက်အစ
ကမ္ဘာပေါ်တွင် ပြတိုက်မျိုးဆက်သုံးမျိုး (Three Generation of Museums) ဟု မှတ်သားရရာ ပထမဆုံး မျိုးဆက်မှာ စုဆောင်းပစ္စည်းအဓိကပြတိုက် အမျိုးအစား (Collection–Centered Type) ဖြစ်ပြီး ဒုတိယ မျိုးဆက်မှာ ပညာပေးရေးအဓိကပြတိုက်အမျိုးအစား (Edu- cation–Centered Type) ဖြစ်ကာ တတိယ (သို့) နောက်ဆုံးမျိုးဆက်မှာ ပြည်သူကိုယ်တိုင်ပါဝင်ရေး အဓိကပြတိုက် အမျိုးအစား (Public-Participation-Centered Type) ဖြစ်သည်။
ကမ္ဘာ့အစောဆုံးပြတိုက်ဟု သတ်မှတ်ခံရသော ဘီစီ ၂၈၀ ခန့်က အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့တွင် PtolemI ဘုရင်တည်ထောင်ခဲ့သည့်ပြတိုက်သည် မူလက စုဆောင်းပစ္စည်းအဓိက ပထမပြတိုက်အမျိုးအစားအဖြစ် စတင်ခဲ့သော်လည်း အေဒီ ၅ ရာစုအရောက်တွင်မူ ပညာပေးရေးနှင့်သုတေသနလုပ်ငန်းများပါ ဆောင်ရွက်လာနိုင်သည်အထိ တိုးတက်လာခဲ့ရာ ဒုတိယမျိုးဆက် ပြတိုက်အဖြစ် ကူးပြောင်းခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြတိုက်ဟု ပထမဆုံး သတ်မှတ်နိုင်သောပြတိုက်မှာ ၁၈၇၁ ခုနှစ်တွင် တည်ထောင်သည့် "ဖယ်ရာပြတိုက်" ဖြစ်ပြီး ကိုလိုနီခေတ် ပဲခူးတိုင်းမင်းကြီး ဆာအာသာ ဖယ်ရာကို ဂုဏ်ပြုမှည့်ခေါ်ခြင်းဖြစ်သည် ။ ယင်းပြတိုက်၏ ဖွဲ့စည်းပုံသည် နောင်မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ် တည်ထောင်သည့် အမျိုးသားပြတိုက်အတွက် အခြေခံပင်ဖြစ်သည်။
ပြတိုက်အမျိုးအစားများ
ပြတိုက်များကို အုပ်ချုပ်မှုအရရော၊ ပညာရပ်နယ်ပယ်နှင့် ပြသပစ္စည်းအရပါ အမျိုးအစားများ ခွဲခြားသတ်မှတ် လေ့ရှိရာ အုပ်ချုပ်မှုအရ ခွဲခြားထားမှုမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) ဝန်ကြီးဌာန ပြတိုက်များ၊
( ခ ) တက္ကသိုလ် ပြတိုက်များ၊
( ဂ ) ကုမ္ပဏီ ပြတိုက်များ၊
(ဃ) အစိုးရမဟုတ်သော အဖွဲ့အစည်းပြတိုက်များ၊
( င ) ပုဂ္ဂလိကပြတိုက်များ ဟူ၍ဖြစ်သည်။
ပညာရပ်နယ်ပယ်နှင့် ပြသပစ္စည်းအရ ခွဲခြားမှုမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အမျိုးသားပြတိုက်၊
( ခ ) အနုပညာပြတိုက်၊
( ဂ ) ရှေးဟောင်းသုတေသနပြတိုက်၊
(ဃ) သမိုင်းပြတိုက်၊
( င ) သိပ္ပံနှင့်နည်းပညာပြတိုက်၊
( စ ) သဘာဝသမိုင်းပြတိုက်၊
(ဆ) မနုဿဗေဒပြတိုက်၊
( ဇ ) တိုင်းရင်းသားလူမျိုးစုပြတိုက်၊
( ဈ ) လဟာပြင်ပြတိုက်၊
(ည) အထူးပြုပြတိုက် (ဥပမာ-ရွှေပြည်နန်းသနပ် ခါးပြတိုက် - မြန်မာ)၊ ကင်မ်ချီပြတိုက်- ကိုရီးယား) စသည်။
ထို့ပြင် အမျိုးသားပြတိုက်ဆိုလျှင် "အမျိုးသား" ဟုအမည်တပ်နိုင်သော နိုင်ငံတော်အဆင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ တိုင်းရင်းသားမျိုးနွယ်စု၊ ရှေးဟောင်းသုတေသနစသည့် ဘာသာရပ်ပေါင်းစုံ စုဆောင်းပြသ၍ရသဖြင့် အထွေထွေပြတိုက် အမျိုးအစား ဟုလည်း သတ်မှတ်နိုင်သည်။ ကမ္ဘာကျော်လုဗ်ပြတိုက် ကဲ့သို့ နေ့စဉ်အချိန်ပေး၍ တစ်လလောက်ကြည့်လျှင်ပင် မပြီးစီးလောက်အောင် စုဆောင်းပစ္စည်း စုံလင်များပြား လွန်းပါက အထွေထွေ ထက်ကျော်လွန်၍ စွယ်စုံပြတိုက် အမျိုးအစားဟု ခေါ်ကြောင်း မှတ်သားရသည်။
ပြတိုက်မူဝါဒ
အထက်ပါ ပြတိုက်အမျိုးအစား ခွဲခြားထားခြင်းသည်ပင် ပြတိုက်မူဝါဒချမှတ်ခြင်း၏ အခြေခံဖြစ်သည်။ မူဝါဒဆိုသည်မှာ လွယ်လွယ်ရှင်းရှင်း ပြောရလျှင် ဆောင်ရန် ရှောင်ရန်(do’s and don’ts )ပင် ဖြစ်သည်။ မိမိတို့ ပြတိုက်က "ဘာတွေကိုလုပ်ဆောင်ပါမည်၊ ဘာတွေကို တော့ မလုပ်ဘဲ ရှောင်ကြဉ်ပါမည်" ဟု အများပြည်သူကို ပွင့်လင်းမြင်သာစွာ အသိပေးချပြခြင်းလည်း ဖြစ်သည်။ ပြတိုက်တိုင်းတွင် ပြတိုက်မူဝါဒကို ပြတိုက်အကြီးအကဲဖြစ်သူ (နိုင်ငံတကာစံအရ ပြတိုက်ကြီးဖြစ်ပါက ညွှန်ကြား ရေးမှူးချုပ်အဆင့်၊ အလယ်အလတ်ပြတိုက်အဆင့် ဖြစ်ပါက ညွှန်ကြားရေးမှူးအဆင့် ၊ပြတိုက်အငယ်စားဖြစ်ပါက ပြတိုက်မှူးအဆင့်)က ရေးဆွဲ၍ ပြတိုက်အုပ်ချုပ်မှု ကော်မတီ (သို့မဟုတ်) မိမိအထက်ဌာနသို့တင်ပြအတည် ပြုချက်ယူရသည်။ ဤသို့မူဝါဒ ရေးဆွဲထားခြင်းဖြင့် မည်သည့်အထက်ဌာနအကြီးအကဲဖြစ်စေ၊ ပြတိုက်အကြီး အကဲဖြစ်စေ၊ လူပြောင်းသွားစေဦးတော့ မူပြောင်းစရာ မလိုတော့ပါချေ။
ထို့ကြောင့် ပြတိုက်အသစ်တစ်ခု စတင်ဖွင့်လှစ် တည်ထောင်ရန် ကြံရွယ်သည်ဖြစ်စေ၊ လက်ရှိဖွင့်လှစ် ထားပြီး ပြတိုက်ဖြစ်စေ အနာဂတ်လုပ်ဆောင်မည့် ပြတိုက်လုပ်ငန်းများအတွက် ပြတိုက်မူဝါဒချမှတ်ရေး သည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးကိစ္စဖြစ်ပေ သည်။ ပြတိုက်အမျိုးအစားအလိုက် မူဝါဒပါအချက် အလက်အချို့ ကွဲပြားနိုင်သော်လည်း အခြေခံအားဖြင့် ပြတိုက်များတွင် ချမှတ်ရန် လိုအပ်သော မူဝါဒများမှာ-
(၁) ပြတိုက်ပစ္စည်းစုဆောင်းရေးမူဝါဒ၊
(၂) ပြတိုက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးမူဝါဒ၊
(၃) မှတ်ပုံတင်မှတ်တမ်းပြုစုရေးသွင်းရေးမူဝါဒ၊
(၄) ပညာပေးရေး မူဝါဒ၊
(၅) ခင်းကျင်းပြသရေးမူဝါဒ၊
(၆) ဝန်ထမ်းရေးရာမူဝါဒ၊
(၇) ပြည်သူများပြတိုက်သို့ရောက်ရှိရေးမူဝါဒ၊
(၈) အများသိရှိနားလည်စေရန်ဖွင့်ဆိုရှင်းပြခြင်းမူဝါဒ၊
(၉) သုတေသနပြုလုပ်ရေးမူဝါဒ၊
(၁၀) လုံခြုံရေးမူဝါဒနှင့်
(၁၁) ဧည့်သည်ဝန်ဆောင်မှုဆိုင်ရာမူဝါဒ ဟူ၍ ဖြစ်ကြသည်။
မူဝါဒများသည် ပြတိုက်၏ အခြေခံလုပ်ငန်းဆောင်တာတစ်ခုချင်းစီ အပေါ် ချမှတ်ရန်လိုအပ်ခြင်းမှာ ပြတိုက်အပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုနှင့် အရည်အသွေးပြည့်ဝမှု စံနှုန်းများကို ပြသနိုင်ရန်ပင်ဖြစ်သည်။
(၁) ပြတိုက်ပစ္စည်းစုဆောင်းရေးမူဝါဒချမှတ်ခြင်း
ပြတိုက်တစ်ခု၏ စုဆောင်းပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာ အဓိက ကိရိယာတန်ဆာပလာမှာ ပြတိုက်ပစ္စည်း စုဆောင်းရေး မူဝါဒပင်ဖြစ်သည်။ အဆိုပါ မူဝါဒတွင် ထည့်သွင်းရေးဆွဲရန် လိုအပ်သည့်အချက်အလက်များမှာ-
(က) အများယုံကြည်ကိုးစားမှုနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ရေး
အများပြည်သူ ယုံကြည်ကိုးစားမှုရသည်အထိ ပြတိုက်က ပြည်သူတို့ထံမှ စုဆောင်းထားသောပစ္စည်း များကို ရာသက်ပန်ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ကြေညာခြင်း။ အဓိပ္ပာယ်မှာ ပြည်သူထံမှ ယုံကြည်ကိုးစား၍ ပြတိုက်သို့ အပ်နှံသောပစ္စည်းများ မပျောက်အောင် မပျက်စီးအောင် ထိန်းသိမ်းပါမည်ဟု ကတိပြုခြင်းကို မဖြစ်မနေ ထည့်သွင်းရေးဆွဲရသည်။
(ခ) စုဆောင်းမည့်ပမာဏနှင့် အတိုင်းအတာ သတ်မှတ်ရေး
ပြတိုက်က စုဆောင်းမည့်ပစ္စည်းများသည် ပြတိုက်၏ မျှော်မှန်းချက်နှင့် လုပ်ပိုင်ခွင့်ဘောင်ထဲမှ ဖြစ်ရမည်ဖြစ်ပြီး မည်သည့် ပမာဏ အရေအတွက်နှင့် အတိုင်းအတာအထိ စုဆောင်းမည်ကို ကြိုတင်သတ်မှတ်ကြေညာခြင်း။ အဓိပ္ပာယ်မှာ သမိုင်းဝင်ပစ္စည်းစုဆောင်းမည်ဆိုပါက မည်သည့်ကာလမှ မည်သည့်ကာလအတွင်း ဖြစ်ရမည်၊ သမိုင်းဝင်နယ်မြေဒေသမှပစ္စည်းသာ ဖြစ်ရမည်ဟု ကြိုတင်သတ်မှတ်ခြင်း။ (ဥပမာပေးရလျှင် ပျူဒေသ တစ်ခုခုမှ ရှေးဟောင်းသုတေသနပြတိုက်ဆိုလျှင် ပျူခေတ်ပစ္စည်းကိုသာ စုဆောင်းမည်၊ သရေခေတ္တရာ ပြတိုက်ဆိုလျှင် သရေခေတ္တရာဒေသမှ ပျူခေတ်ပစ္စည်းကို သာ စုဆောင်းမည်ဟု မူဝါဒတွင်ဖော်ပြရန်)။ ဘာသာရပ် တစ်ခုခု (သို့) ပြသပစ္စည်းတစ်မျိုးမျိုးကို အဓိကထား၍ ဖွင့်လှစ်သည့် အထူးပြုပြတိုက်အမျိုးအစားဖြစ်ပါက အထူးပြုထားသောပစ္စည်းနှင့် ယင်းနှင့်ဆက်နွှယ် သည့် ပစ္စည်းများကိုသာ စုဆောင်းမည်ဟု ဖော်ပြရခြင်း။ (ဥပမာ - ရွှေပြည်နန်းသနပ်ခါးပြတိုက် (ပုဂံ) သည် သနပ်ခါးနှင့်ကျောက်ပျဉ် စသည့်ဆက်စပ်ပစ္စည်း များကိုသာ စုဆောင်းမည်ဟု မူဝါဒတွင် ဖော်ပြရန်)ဖြစ်သည်။
(ဂ) စုဆောင်းမည့်ပစ္စည်း၏ အရည်အသွေး သတ်မှတ်ရေး
မိမိပြတိုက်က စုဆောင်းမည့် ပစ္စည်းများသည် မည်သည့်အရည်အသွေးရှိမှ စုဆောင်းမည်ဟူသော ရည်ရွယ်ချက်ကို ဖော်ပြရခြင်း။ (ဥပမာ-အနုပညာ ပစ္စည်း ဖြစ်သော ပန်းပု၊ ပန်းချီလက်ရာများ စုဆောင်းပါက Outstanding ဖြစ်သော အထူးလက်ရာမြောက် ကောင်းမွန်သည့် အနုပညာလက်ရာကိုသာ စုဆောင်းမည်။ သမိုင်းဝင်ပစ္စည်းစုဆောင်းပါက တိကျသည့် သမိုင်း ခေတ်တစ်ခေတ်ကို ကိုယ်စားပြုနိုင်သောပစ္စည်းဖြစ်ရမည်။ အချို့သမိုင်းဝင်ပစ္စည်းများမှာ ကြီးကျယ်ထင်ရှားသော အဖြစ်အပျက်များ (သို့) လူပုဂ္ဂိုလ်များကို ကိုယ်စား ပြုသည့်ပစ္စည်း ဖြစ်ရမည်။ (ဥပမာအားဖြင့်- ဆဋ္ဌသင်္ဂါ ယနာ အထိမ်းအမှတ်ပြတိုက်တွင် ဆဋ္ဌသင်္ဂါယနာ တင်ခဲ့သောကာလက သုံးစွဲခဲ့သည့်ပစ္စည်းများ၊ လှူဒါန်းခဲ့ သည့်ပစ္စည်းများ၊ ပါဝင်ခဲ့သောပုဂ္ဂိုလ်များ၏ မှတ်တမ်း ဓာတ်ပုံများ၊ ရုပ်ရှင်ဖလင်နှင့် အသံဖိုင်များ စသည်တို့နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သော ပစ္စည်းများ၊ နေအိမ်ပရိဘောဂများ၊ ဖတ်ခဲ့သောစာအုပ်များ စသည်တို့ကိုသာ စုဆောင်းရခြင်း မျိုးကို ဆိုလိုသည်။)
သမိုင်းဝင်ပစ္စည်းစုဆောင်းမှု၏ ထူးခြားချက်မှာ ယင်းပစ္စည်းတည်ရှိခဲ့သော (သို့) ပြုလုပ်ခဲ့သော (သို့) အသုံးပြုခဲ့သော အချိန်ကာလနှင့် နေရာကို အဓိက ရည်ညွှန်းဖော်ပြနိုင်ရမည်။ ဤနေရာတွင် သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံတစ်ခုကို ပြတိုက်အဖြစ်ဖွင့် လှစ်ပါက ယင်းအဆောက်အအုံတွင် မူလကအမှန်တကယ် အသုံးပြုခဲ့သော ပစ္စည်းများ(သို့) ယင်းအဆောက်အအုံတွင် အသုံးပြုခဲ့သည့်ပစ္စည်းနှင့် အမျိုးအစားတူ ပစ္စည်းများကို စုဆောင်းရမည်။ ထို့ပြင် ရှေးဟောင်းပစ္စည်းများဆိုပါက တိကျသော မည်သည့်ခေတ်ကာလတွင် ပြုလုပ်ခဲ့သည် (သို့) ထိုခေတ်က ထိုဒေသတွင် အသုံးပြုခဲ့သည်(သို့) နှစ်မျိုးစလုံးကို သတ်မှတ်နိုင်ရန် ထည့်သွင်းဖော်ပြရန် လိုအပ်သည်။ ထို့အတူ သဘာဝသမိုင်းပစ္စည်းနှင့် သဘာဝ သိပ္ပံဆိုင်ရာပစ္စည်းများဆိုလျှင် မည်သည့်မျိုးစိတ်တွင် ပါဝင်သည် (သို့) မျိုးစိတ်တစ်မျိုးစီ၏ ဆင့်ကဲဖြစ်စဉ်တွင် ပါဝင်သည်ကို စနစ်တကျ သိရှိသော ပစ္စည်းဖြစ်မှ စုဆောင်းရမည် စသည်ဖြင့် ပြတိုက်အမျိုးအစား ကွဲပြား သည်အလိုက် မိမိစုဆောင်းမည့်ပစ္စည်း၏ အရည်အသွေးကို ခွဲခြားသတ်မှတ်တတ်ရန်လိုအပ်သလို မူဝါဒတွင် လည်း ထည့်သွင်းဖော်ပြရမည်ဟု ဆိုလိုသည်။
(ဃ) မိမိပြတိုက်စုဆောင်းပစ္စည်းတွင် ပါဝင်ရမည့် စံချိန် စံညွှန်းသတ်မှတ်ရေး
နံပါတ် (ဂ) တွင် ပြောထားပြီးသည့် အရည်အသွေး သတ်မှတ်ချက်အပြင် မိမိပြတိုက်တွင် ခင်းကျင်းပြသ နိုင်မည့် အနေအထား (သို့) ပြုပြင်ထိန်းသိမ်းမှုပြုလုပ် နိုင်မည့်အနေအထားတို့ကိုပါ ထည့်သွင်းစဉ်းစားလျက် ပစ္စည်းအရွယ်အစား၊ ပစ္စည်းစစ်မှန်ကြောင်း သက်သေပြ နိုင်သော ခိုင်မာမှု၊ ပစ္စည်း၏ မူလဇာစ်မြစ်ဒေသ၊ တရားဝင် ခေါင်းစဉ်ဖြင့် စုဆောင်းရရှိခြင်းတည်းဟူသော တိကျ သည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲခြင်း၊ ဝယ်ယူစုဆောင်းမည်ဆိုပါက မည်သည့်ငွေကြေးပမာဏ အထိ ခွင့်ပြုမည်ဆိုသော ပြတိုက်ပိုင်ပစ္စည်း စုဆောင်းရေး ကော်မတီ၏ အတည်ပြုချက်ကိုလည်း စံတစ်ရပ်အဖြစ် ဖော်ပြခြင်း၊ (ဤနေရာတွင် စံချိန်စံညွှန်းသည် ပစ္စည်းတစ်မျိုးနှင့်တစ်မျိုး မတူကွဲပြားမှုအပေါ်မူတည်၍ လည်း ထည့်သွင်းစဉ်းစားရပါမည်။ ဥပမာ-မူရင်း စာရွက် စာတမ်းများ၊ မူရင်းတိပ်ခွေများ၊ ပြတိုက်ရှိဘာသာရပ် ဆိုင်ရာ တစ်ခုခုနှင့် ဆက်စပ်နေသော အခြား media ပစ္စည်းများဆိုလျှင် ပြတိုက်ပိုင် မော်ကွန်းတိုက်တွင် ထားရှိရန်ဖြစ်သော်လည်း အဆိုပါ မူရင်းမော်ကွန်းဝင် ပစ္စည်းကို ပုံနှိပ်၍ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ရရှိလာသည့် မီဒီယာပစ္စည်းဆိုပါက ပြတိုက်ပိုင် စာကြည့်တိုက်တွင် သာထားရှိရန် စုဆောင်းမည့် စံချိန်စံညွှန်းတွင် ထည့်သွင်း ဖော်ပြခြင်းတို့ ပါဝင်ရမည်ဖြစ်သည်။
(င) ပြတိုက်ပစ္စည်းစုဆောင်းမည့် နည်းလမ်းများ သတ်မှတ်ရေး
ပြတိုက်ပစ္စည်းကို မည်သည့်နည်းလမ်းအသုံးပြု၍ စုဆောင်းမည်ဖြစ်ကြောင်း မူဝါဒတွင် အချက်တစ်ချက် အနေဖြင့် ထည့်သွင်းဖော်ပြခြင်း၊ စုဆောင်းရေး နည်းလမ်းအမျိုးမျိုးအနက် နိုင်ငံတကာပညာရှင်များ အသိအမှတ်ပြုသော နည်းလမ်းများမှာ-
၁။ လက်ဆောင်ရရှိခြင်း
(တစ်နည်းအားဖြင့်လှူဒါန်းခြင်းကို လက်ခံခြင်း)
၂။ သေတမ်းစာဖြင့်လွှဲပြောင်းပေးခဲ့သည်ကို လက်ခံခြင်း- မိမိတို့နိုင်ငံတွင် ခေတ်မစား သော်လည်း ဥရောပတိုက်မှ ထင်ရှားသော ပြတိုက်ကြီးများတွင် ကွယ်လွန်သူ ဆန္ဒအရ သေတမ်းစာဖြင့် ပိုင်ဆိုင်ခဲ့သမျှပစ္စည်းများကို ပြတိုက်သို့ လွှဲပြောင်းလှူဒါန်းခြင်းမျိုး ရှိပါသည်။ ဥပမာ- အင်္ဂလန်နိုင်ငံမှ ရှေးဟောင်း ပစ္စည်းစုဆောင်းသူ မစ္စတာအက်ရှ်မိုလီယန် ပိုင် ပစ္စည်းများကို သေတမ်းစာဖြင့် လွှဲပြောင်း ရာမှ Oxford University က တစ်စုတစ်စည်း တည်း ရရှိလျက် ပြတိုက်ထူထောင်ခြင်းမျိုး။)
၃။ ဝယ်ယူစုဆောင်းခြင်း
၄။ ကွင်းဆင်းစုဆောင်းခြင်း - ကွင်းဆင်း စုဆောင်းပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း/ ဌာန ဆိုင်ရာ၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှဖြစ်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ဥပဒေ ဘောင်ကိုကျော်လွန်၍ စုဆောင်းခြင်း ဖြစ်သွားပါမည်။
၅။ အခြားပြတိုက်များမှ လွှဲပြောင်းပေးအပ်ခြင်း
၆။ အစိုးရစီမံကိန်းတစ်ခုခု (သို့) ယဉ်ကျေးမှု အမွေ အနှစ် ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိ အဖွဲ့အစည်း တစ်ရပ်ရပ်မှ စုဆောင်းထားသည် ကို လက်ခံရရှိခြင်း
(စ) ပြတိုက်ပစ္စည်းပိုင်ဆိုင်မှုသတ်မှတ်ရေး
ပစ္စည်းကို လက်ဆောင်(သို့)လှူဒါန်းရာမှ လက်ခံ ရရှိသည်ဖြစ်စေ၊ ဝယ်ယူစုဆောင်းသည်ဖြစ်စေ မူလ ပိုင်ရှင်က ပြတိုက်သို့ "ပိုင်ဆိုင်မှုကိုစွန့်လွှတ်ကြောင်း" ဖော်ပြရန် လိုအပ်ခြင်း။ ဤနေရာတွင် အချို့သော နိုင်ငံခြားပြတိုက်ကြီးများ အတွေ့အကြုံအရ အဘိုး လက်ထက် လှူဒါန်းခဲ့သည်ကို (သို့)အဘိုးက သေတမ်း စာဖြင့် လွှဲပြောင်းပေးခဲ့သည်ကို(သို့) ရောင်းချပေးခဲ့သည် ကို အလှူရှင် သက်ရှိထင်ရှား မရှိတော့ချိန်ကျမှ မြေး လက်ထက်တွင် လာရောက်၍ မိမိသဘောမတူကြောင်း ပြောဆိုကာ ပြန်လည်တောင်းခံခြင်းမျိုးကို ဆိုလိုပါသည်။ ထို့ကြောင့် လှူသည်ဖြစ်စေ၊ ရောင်းချသည် ဖြစ်စေ လိုအပ်သော "ပိုင်ဆိုင်မှု စွန့်လွှတ်ကြောင်း "စာရွက် စာတမ်း အထောက်အထားများ၊ ရောင်းချခြင်းဖြစ်ပါက ငွေကြေးတောင်းခံလွှာနှင့် ငွေရပြေစာဖြတ်ပိုင်းများ စသည်တို့ လိုအပ်ခြင်း။ အကယ်၍ လှူဒါန်းခြင်းတွင် လှူဒါန်းသူ၏ အခွန်အခလျော့နည်းသက်သာရေးနှင့် ပတ်သက်ပါက မူဝါဒတွင် ရှင်းလင်းပြတ်သားစွာ ဖော်ပြ ပေးရခြင်းတို့ လိုအပ်သည်။
(ဆ) ကျင့်ဝတ်ဆိုင်ရာတာဝန်ခံရေး
ပြတိုက်နှင့် ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က ပြတိုက် ပစ္စည်းစုဆောင်းရာ၌ နိုင်ငံတော်က (သို့) ပြတိုက်က ပါဝင် လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် နိုင်ငံတွင်းဥပဒေများ(သို့) စာချုပ်များနှင့် ငြိစွန်းခြင်းမရှိအောင် တာဝန်ခံရန် လိုအပ်ခြင်း၊ ဤနေရာတွင် တိုင်းရင်းသားယဉ်ကျေးမူဆိုင်ရာပစ္စည်းများနှင့် ပတ်သက်သည့်မူဝါဒနှင့် အချို့ပစ္စည်းများကို ပြတိုက်မှ ယင်းပစ္စည်းများ၏ မူရင်းဒေသသို့ ပြန်လည်ရွှေ့ ပြောင်းထားရှိပေးခြင်းဆိုင်ရာ မူဝါဒတို့လည်း အပါအဝင် ဖြစ်သည်။ ပြတိုက်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုထားသည့် ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်များတွင် အုပ်ချုပ် ရေးအဖွဲ့ဝင်ကိုယ်တိုင်ဖြစ်စေ၊ ပြတိုက်ဝန်ထမ်းတစ်ဦးဦး ကဖြစ်စေ ပြတိုက်ပစ္စည်းစုဆောင်းလေ့ရှိသော အလေ့အထနှင့် ပတ်သက်၍လည်း ပြတိုက်၏အကျိုးနှင့် ထိပ်တိုက်တွေ့ရန် ရှေ့အလားအလာရှိပါက မည်သို့ပြုမူ ဆောင်ရွက်ရမည်ကို ဤမူဝါဒထဲတွင် ဖော်ပြရန် လိုအပ်သည်။
(ဇ) အမျိုးအစားခွဲခြားစုဆောင်းသော ရည်ရွယ်ချက်ကို ဖော်ပြရေး
ပြတိုက်ပစ္စည်းစုဆောင်းရာတွင်-
၁။ ခင်းကျင်းပြသရန်နှင့် အများနားလည်သဘော ပေါက်အောင် ရှင်းလင်းပြသရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းသော ခင်းကျင်းရေးစုဆောင်း ပစ္စည်း
၂။ နှိုင်းယှဉ်လေ့လာရန်နှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုရန် ရည်ရွယ်ချက်ဖြင့် စုဆောင်း သော လေ့လာရေး စုဆောင်းပစ္စည်း
၃။ ပထမနှစ်မျိုးအနက် မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို ဆုံးဖြတ်၍မရသေးသဖြင့် ခေတ္တဆိုင်းငံ့ထားရသော ဆိုင်းငံ့စုဆောင်း ပစ္စည်းနှင့်
၄။ အနာဂတ်အတွက် မျှော်မှန်း၍ ယနေ့ကပင် စတင်စုဆောင်းသော ခေတ်ပြိုင်စုဆောင်း ပစ္စည်း - ဟူ၍ လေးမျိုးခွဲခြားသတ်မှတ် စုဆောင်းကြောင်း ဖော်ပြရန်လိုအပ်ခြင်း။
ဤနေရာ၌ ဒုတိယအမျိုးအစားဖြစ်သော လေ့လာ ရေးစုဆောင်းပစ္စည်းများမှာ ပြတိုက်မှ၊ (သို့) ရှေးဟောင်း သုတေသနဘက်မှ တူးဖော်ရရှိသော အိုးခြမ်းကွဲဖြစ်နိုင် သလို အရိုးအိုးထဲမှတွေ့ရှိသော သက်ရှိသတ္တဝါ မျိုးစိတ်နမူနာ ရုပ်ကြွင်းအစိတ်အပိုင်းကဲ့သို့ ပစ္စည်းကို ဆိုလိုခြင်း ဖြစ်သည်။ တတိယအမျိုးအစားဖြစ်သော ဆိုင်းငံ့ စုဆောင်းပစ္စည်းမှာ နှစ်မျိုးရှိနိုင်ပြီး တစ်မျိုးမှာ ပြတိုက်၏ ပညာပေးရေးအစီအစဉ်တွင် ပါဝင်သည့် ထိတွေ့ ကိုင်တွယ်ခွင့်ပြုသောပစ္စည်း အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ မူရင်းပစ္စည်းကို ပုံစံတူပြုလုပ်ထားသော ပစ္စည်းမျိုးဖြစ်သည်။ နောက်တစ်မျိုးမှာ ပြတိုက်ပိုင် ပစ္စည်းစာရင်းမှ ပယ်ဖျက်ခြင်းပြုလုပ်ရန် တင်ပြထား ဆဲဖြစ်သော်လည်း ဆုံးဖြတ်ချက်မကျသေးသဖြင့် ပယ်ဖျက်၍မရခင် ဆိုင်းငံ့ပစ္စည်းစာရင်းထဲ သွင်းထားရ ခြင်းဖြစ်သည်။
နောက်ဆုံး အမျိုးအစားဖြစ်သည့် ခေတ်ပြိုင်စုဆောင်း ပစ္စည်းမှာ ယနေ့အချိန်တွင် မရှားပါးသေး၊ ဈေးလည်း မကြီးသေးသော်လည်း နောင်နှစ် ၂၀ ခန့်ကြာလာသော အခါ ယင်းပစ္စည်းသည် ခင်းကျင်းရေးစုဆောင်းပစ္စည်းစာရင်းသို့ (သို့မဟုတ်) လေ့လာရေး စုဆောင်းပစ္စည်း စာရင်းသို့ ပြောင်းချင်ပြောင်းသွားနိုင်မည်ဖြစ်သကဲ့သို့ ပြတိုက်ပိုင်အဖြစ်မှ ပယ်ဖျက်ခံရသောစာရင်းသို့လည်း ရောက်ရှိသွားနိုင်သည်။ ဆိုင်းငံ့စုဆောင်းပစ္စည်းစာရင်းမှာ တစ်ခါတလေ ပြတိုက်ပစ္စည်းအလှူရှင်အချို့ကြောင့်လည်း ပိုမိုများပြားလာနိုင်သည်။ ယင်းတို့ ပစ္စည်းများ လာရောက်လှူဒါန်းသောအခါ ပြတိုက်က ပြသရန်လိုချင်သော ပစ္စည်းအပြင် မလိုချင်သောပစ္စည်းများလည်း အတူပါလာနိုင်သဖြင့် ပြတိုက်ဝန်ထမ်းများက ပြတိုက် ကလိုချင်သောပစ္စည်းကို ခွဲထုတ်၍လှူရန် စည်းရုံးသင့်သည်။ ထိုသို့စည်းရုံး၍မရဘဲ အားလုံးယူမှလှူမည်၊ ခွဲထုတ်လှူရမည်ဆိုပါက ဘာမျှမလှူတော့ဟု ခေါင်းမာ နေသဖြင့် အားလုံးကို လက်ခံယူရမည်ဆိုပါက ပြတိုက်က လိုချင်သောပစ္စည်းသာ ခင်းကျင်းရေး စုဆောင်းပစ္စည်း စာရင်းထဲ ရောက်မည်ဖြစ်ပြီး ကျန်မလိုချင်သောပစ္စည်း အားလုံး ဆိုင်းငံ့စုဆောင်းပစ္စည်းစာရင်းထဲ ရောက်သွား ခြင်းအားဖြင့် ပြတိုက်တွင် ရေရှည်ထိန်းသိမ်းစောင့် ရှောက်ရန် နေရာအခက်အခဲ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုကာ မိမိတို့မူဝါဒတွင် ထည့်သွင်းရေးဆွဲရမည် ဖြစ်ပေသည်။
(ဈ) ပြတိုက်ပစ္စည်းမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရေး
အချို့ပညာရှင်များက ပြတိုက်ပစ္စည်းစုဆောင်းရေး မူဝါဒအောက်တွင် မှတ်ပုံတင်စာရင်းမှပယ်ဖျက်ရေး မူဝါဒ ပါဝင်နေသည်ကို လက်မခံလိုကြချေ။ သို့ရာတွင် အချို့ ကလည်း ပြတိုက်များသည် တစ်သက်လုံး ပယ်ဖျက်စရာ ပစ္စည်းတစ်ခုမျှမရှိဟု မဖြစ်နိုင်သောဟန်ဆောင်မှု ပြုလုပ်နေကြမည့်အစား မလိုချင်သော ပစ္စည်းများကို ရဲရဲဝံ့ဝံ့ စာရင်းမှပယ်ဖျက်သင့်သည်ဟု ဆိုကြပြန်သည်။ မည်သို့ဆိုစေ ပြတိုက်ပစ္စည်းမှတ်ပုံတင်စာရင်းမှ ပယ်ဖျက် ခြင်းကို လွယ်လွယ်ကူကူ ဆောင်ရွက်ခွင့်မပြုသင့်ဘဲ သတိပြုစရာ လုံခြုံရေးနောက်ခံအကြောင်းတရားများကို သေချာစွာဖော်ပြလျက် မရှောင်မလွှဲသာမှ အဆင့်ဆင့် စိစစ်မှုများ၊ အကြိမ်ကြိမ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ခွင့်ပြုသင့်သည်ဟု ဖော်ပြရန် လိုအပ်သည်။ တစ်နည်း အားဖြင့် စာရင်းမှ ပယ်ဖျက်မည့်ပစ္စည်း၏ စံချိန်စံညွှန်း သတ်မှတ်ထားသင့်ပေရာ ယင်း Criteria တွင် အဆိုပါ ပစ္စည်းသည် ပြတိုက်၏ လုပ်ပိုင်ခွင့်နယ်ပယ်မှ မဟုတ် ခြင်း၊ အဆိုပါပစ္စည်းကို တရားမဝင်နည်းလမ်းဖြင့် (သို့မဟုတ်) ကျင့်ဝတ်ကျင့်ထုံးကိုကျော်လွန်၍ စုဆောင်း ရရှိလာသည်ဟု ယူဆရခြင်း(သို့မဟုတ်) ပစ္စည်းအတု ဖြစ်ကြောင်း တွေ့ရှိရခြင်း၊ ပြတိုက်ပစ္စည်းကို မူရင်းဒေသသို့ ပြန်လည်ရွှေ့ပြောင်းပေးပို့ရန် လိုအပ်ခြင်း၊ ပစ္စည်းကို မိတ္တူပွားပြုလုပ်ရာတွင် လိုအပ်သည့်လက်ရာ အဆင့်အတန်းမမီခြင်း စသည့်အချက်အလက်များ ပါဝင် ရန် လိုအပ်သည်။
အကယ်၍ ပြတိုက်ပစ္စည်းတစ်ခုကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန် လိုအပ်ပါက ပထမဆုံးစတင် တင်ပြရမည့်သူမှာ ပြတိုက်မှူးဖြစ်သည်။ ပြတိုက်မှူးမှ ညွှန်ကြားရေးမှူး (သို့) ပြတိုက်အကြီးအကဲ၊ ထိုမှ ပြတိုက်အုပ်ချုပ်ရေးအဖွဲ့သို့ ဆင့်ကဲတင်ပြခွင့်ပြုချက် ယူရမည်ဖြစ်သည်။ စာရင်းမှပယ်ဖျက်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ပြတိုက်မှူးက သေသေချာချာ မှတ်တမ်းတင် ပြုစုထားရမည်ဖြစ်ကာ စာရင်းမှပယ်ဖျက် လိုက်သောပစ္စည်း၏ မှတ်တမ်းအပြည့်အစုံကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်သည်။ စာရင်းမှ ပယ်ဖျက်ရန် လျှောက်ထားသော်လည်း ပြတိုက်တစ်ခု၏ ပစ္စည်းကို နိုင်ငံအတွင်းဖြစ်စေ၊ ပြည်နယ်၊ တိုင်းဒေသ ကြီးအတွင်းဖြစ်စေ၊ ခရိုင်အတွင်းဖြစ်စေ၊ မြို့နယ်အတွင်း ဖြစ်စေ၊ မြို့စည်ပင်နယ်နိမိတ်အတွင်းဖြစ်စေ ပြည်သူ ပိုင်ဆိုင်သော ပစ္စည်းအဖြစ် သိမ်းဆည်းစေလိုသော ရည်ရွယ်ချက်ဖြင့် စာရင်းမှပယ်ဖျက်ရန် လျှောက်ထားခြင်းကို ငြင်းပယ်ခြင်းပြုနိုင်သည်။
အကယ်၍ စာရင်းမှ ပယ်ဖျက်ခွင့်ရပြီး ပစ္စည်းကို လည်း အပြီးဖျက်ဆီးရမည်ဆိုပါက ပြတိုက်မှူးသည် ပစ္စည်းဖျက်ဆီးခြင်းကို ညွှန်ကြားရေးမှူးရှေ့မှောက်တွင် ဆောင်ရွက်ရမည်ဖြစ်ကာ သေသေချာချာ မှတ်တမ်းလည်း တင်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မဟုတ်ဘဲ နိုင်ငံတကာအနေဖြင့် အဆိုပါ စာရင်းမှ ပယ်ဖျက်ခွင့် ရရှိသောပစ္စည်းကို ရောင်းချပါက ရောင်းရငွေကို ပြတိုက် လက်ရှိ လည်ပတ်နေသော ရန်ပုံငွေစာရင်းတွင် ထည့်သွင်း၍မရဘဲ ပစ္စည်းအသစ် ဝယ်ယူရန်အတွက်သာ အသုံးပြုရမည်ဖြစ်သည်။
(ည) ပြတိုက်ပစ္စည်းငှားရမ်းရေး
ပြတိုက်၏ ပစ္စည်းငှားရမ်းရေးနှင့် ပတ်သက်၍ ရေရှည်ငှားရမ်းရေးနှင့် ယာယီပြပွဲအတွက် မိမိက သူတစ်ပါးထံမှ ငှားရမ်းခြင်း(သို့) သူတစ်ပါးက မိမိထံမှ ငှားရမ်းခြင်းဆိုင်ရာ ရေတိုငှားရမ်းခြင်းတို့ ကွာခြားမူရှိ သည်။ အမှန်စင်စစ် ရေရှည်ငှားရမ်းသူများကို နောင်ကာလ ကြာရှည်လာသောအခါ ငှားပေးသူမှ လှူဒါန်းပေးသူဖြစ်လာအောင် ဆွဲဆောင်စည်းရုံးရသည်။ ရေတိုငှားရမ်းခြင်း၌ မိမိက သူတစ်ပါးသို့ ငှားရမ်းပေးသော မိမိပစ္စည်းပြတိုက်ပြင်ပသို့ ထွက်ခွာသွားသည့် ငှားရမ်း ခြင်းအတွက်ဖြစ်ပါက ငှားရမ်းရန် အတည်ပြုမှု လိုအပ်ချက်အရေးကြီးကြောင်းနှင့် အချို့သတ်မှတ် ပစ္စည်းများမှာ ပြင်ပသို့ လုံးဝထုတ်မငှားသောမူ ချမှတ် ထားရမည်ဖြစ်ကြောင်း ပါရှိရမည့်အပြင် ထုတ်ငှားရာ၌ လည်း ပုဂ္ဂလိကတစ်ဦးချင်းသို့ ငှားရမ်းပေးခြင်းမပြုဘဲ ပြတိုက်ကဲ့သို့ အဖွဲ့အစည်းကိုသာ ငှားရမ်းပေးမည်ဖြစ် ကြောင်းလည်း မူဝါဒတွင်ဖော်ပြရန် လိုအပ်သည်။ ငှားရမ်းရာ၌ ငှားရမ်းသောအဖွဲ့အစည်းသည် ပစ္စည်းကိုပြတိုက် တွင် ထားရှိသော အပူချိန်နှင့် စိုထိုင်းဆတူညီမူအခြေ အနေ၊ လုံခြုံရေးနှင့် ပစ္စည်းကာကွယ်ထိန်းသိမ်းရေး အခြေအနေ၊ အာမခံကြေး စသည့်အချက်အလက်များ ပါဝင်သော စာချုပ်ချုပ်ဆိုရမည့်အပြင် ပစ္စည်းကို ငှားရမ်း ရန် ထုပ်ပိုးခြင်းနှင့် ငှားရမ်းသောနေရာအရောက်တွင် အထုပ်ဖြေခြင်း အခြေအနေတိုင်း၌ ပစ္စည်းအခြေအနေ အစီရင်ခံစာများ ရေးသားပေးရမည် ဟု ပါရှိရမည်ဖြစ်သည်။ ဤမူဝါဒသည် အခြားပြတိုက်၊ အဖွဲ့အစည်းသာမက ငှားရမ်းပစ္စည်း ထုပ်ပိုးသယ်ယူမှု၊ ပြန်ပို့မှု ဆောင်ရွက်ပေးသော ကြားခံဝန်ဆောင်မှု ကုမ္ပဏီအပေါ်ကိုပါ သက်ရောက်မှုရှိစေရမည် ဖြစ်သည်။
(ဋ) ပြတိုက်ပစ္စည်းတန်ဖိုးဖြတ်ရေး
ပြတိုက်မှူးများအား ပြတိုက်ပစ္စည်းများကို ငွေကြေးတန်ဖိုးဖြတ်ပေးရန် တောင်းဆိုခြင်းမှ ကာကွယ် သော မူဝါဒဖြစ်သည်။ အထူးသဖြင့် နောင်လှူဒါန်းမှု ဖြစ်လာနိုင်ဖွယ်ရှိသော ပစ္စည်းများအတွက် အခွန်လျော့ နည်းသက်သာစေရန် ရည်ရွယ်လျှင် ပြတိုက်မှူးက ငွေကြေးတန်ဖိုးမဖြတ်ပေးသင့်ကြောင်း ထည့်သွင်းရေး သားထားသည့် မူဝါဒဖြစ်သည်။ တစ်ခါတရံတွင်မူ ပြင်ပ ပေါက်ဈေး အလွန်မြင့်မားနေသော ပစ္စည်းအတွက် မှန်ကန်သောဈေးကွက်တန်ဖိုး သတ်မှတ်ပေးရန် လိုအပ် သည့်အခါမှ တန်ဖိုးဖြတ်ပေးရကြောင်း ဖော်ပြရန် လိုအပ် သည်။
ခြုံငုံပြောရလျှင် ပြတိုက်ကြီးများအတွက် ပြတိုက် ပစ္စည်းစုဆောင်းမှုမူဝါဒ သီးသန့်ရေးဆွဲထားလေ့ရှိသော် လည်း ပြတိုက်ဝန်ထမ်းဦးရေ နည်းပါးလှသော ပြတိုက် ငယ်များအတွက်ကား စုဆောင်းရေးမူဝါဒ၊ မှတ်ပုံတင် စာရင်းသွင်းရေးမူဝါဒ၊ ပစ္စည်းပြုပြင်ထိန်းသိမ်းရေး မူဝါဒ၊ လုံခြုံရေးမူဝါဒတို့ကို စုဆောင်းရေး မူဝါဒအတွင်းတွင် ပစ္စည်းအာမခံစနစ်ပါတစ်ပါတည်း ပါဝင်စေလျက် စုပေါင်း ရေးဆွဲထားလေ့ရှိသည်။
ပြတိုက်ပစ္စည်းစုဆောင်းရေးမူဝါဒသည် ပြတိုက် ဝန်ထမ်းမျှသာသိရန် မဟုတ်ဘဲ ပြတိုက်ပစ္စည်း လာရောက်ရောင်းချသူများ၊ ပြတိုက်ပစ္စည်း အလှူရှင်များ၊ ပစ္စည်းငှားရမ်းသူများ စသည့်ဆက်စပ်နေသူအားလုံး သိရှိနားလည်ရန် လိုအပ်သည့်အတွက် Public document ခေါ် ပြည်သူသိရှိအောင် ထုတ်ပြန်ထားသော ထုတ်ပြန် ချက်ဖြစ်ရမည်ဖြစ်ကြောင်း တင်ပြရင်း ပြတိုက်များတွင် ချမှတ်ရမည့် မူဝါဒ ပထမပိုင်းကို နိဂုံးချုပ်လိုက်ပါသည်။ (နောင် ဆက်လက်၍ ပြတိုက်ဆိုင်ရာ အခြားမူဝါဒများကို ရေးသားတင်ပြရန် ရှိသေးကြောင်းကိုလည်း အသိပေး လိုက်ရပါသည်)။ ။
နုမြဇံ(ပြတိုက်)


