မောင်မောင်(CTQM)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ရာသီအလိုက်စိုက်ပျိုးသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များအပြင် နှစ်ရှည်သီးပင်၊ စားပင်များကိုလည်း ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ အလားတူ စိုက်ပျိုးရေးကို အခြေပြုသည့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေး မြှင့်တင်ဆောင်ရွက်၍ နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိသည်။
စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင် အမျိုး အစားဖြစ်သော ရော်ဘာပင်မှရရှိသည့် သဘာဝရော်ဘာ ထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကဏ္ဍ တစ်ရပ်ပင်ဖြစ်ပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ တောင် ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရော်ဘာစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိသည်။
မြန်မာနိုင်ငံထွက် သဘာဝရော်ဘာ
မြန်မာ့သဘာဝရော်ဘာသည် နှစ်ရှည်ပင်အမျိုးအစား ဖြစ်သော ရော်ဘာပင်မှ ခြစ်ယူရရှိသော ရော်ဘာစေး များကို ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ဖြင့် ထုတ်လုပ် ရာမှ ရရှိလာသော သဘာဝရော်ဘာအမျိုးအစားဖြစ်သည်။ အခြားသော ရေနံဓာတုဒြပ်ပေါင်းများမှရရှိသည့် syn- thetic rubber (ခေါ်) polyisoprene(IR) ရော်ဘာ အမျိုး အစားသည်လည်း ကမ္ဘာ့ရော်ဘာ စျေးကွက်တွင် အထိုက် အလျောက် နေရာယူလျက်ရှိသည်။ သို့ရာတွင် ထုတ်လုပ် မှုလွယ်ကူ၍ အရည်အသွေးကောင်းမွန်မှုရှိသော သဘာဝ ရော်ဘာများ၏ အခန်းကဏ္ဍမှာလည်း တွင်ကျယ်လျက် ရှိပါသေးသည်။
မြန်မာ့ပို့ကုန် မဟာဗျူဟာတွင် ရော်ဘာကဏ္ဍသည် လည်း အဓိကပို့ကုန်တစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုမှ ရော်ဘာတန်ချိန် ၂ သိန်းဝန်းကျင် ခန့်သာ ထုတ်ယူနိုင်ခဲ့ပြီး တန်ချိန် ၈ သောင်းခန့်သာ ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထားချက်တန်ချိန် ၁၇၀၀၀၀ ထက် ကျော်လွန်၍ ပြည်ပသို့ တန်ချိန် ၂ သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပေသည်။
မြန်မာ့ရော်ဘာထွက်ကုန်များသည် ကုန်ကြမ်းအမျိုး အစားများသာဖြစ်ပြီး စုစုပေါင်း ရော်ဘာတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း မြန်မာ့ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့သဘာဝရော်ဘာ တင်ပို့မှုအတွက် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုများပြားလျက် ရှိပြီး အခြားသောဒေသတွင်း အာဆီယံနိုင်ငံအချို့နှင့် ဥရောပစျေးကွက်သို့ အနည်းအကျဉ်းမျှသာ တင်ပို့နိုင် သည်ကိုတွေ့ရှိရပါသည်။ သို့ရာတွင် ဂျပန်နိုင်ငံမှတိုက်ရိုက် ရင်းနှီးမြှုပ်နှံ၍ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ထုတ် လုပ်ကာ ဂျပန်နိုင်ငံသို့ ပြန်လည်တင်ပို့မှုများလည်း ရှိ သည်။
လက်ရှိမြန်မာ့ရော်ဘာအခြေအနေ
မြန်မာ့ရော်ဘာအရည်အသွေးနှင့်ပတ်သက်၍ ယခင် က TSR (ခေါ်) Technically Specified Rubber များ အဖြစ် ထုတ်လုပ်ခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာစံများနှင့်ကိုက်ညီသည့် MSR (ခေါ်) Myanmar Standard Rubber များဖြစ်သည့် MSR-5 ၊ MSR-10 ၊ MSR-20 တို့ကို ပြောင်းလဲသတ်မှတ်၍ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။ MSR ရော်ဘာစံချိန်စံညွှန်းများသည် နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီရေးဆွဲထားသော စံချိန်စံညွှန်းများဖြစ်ပါသည်။ ပြည်ပတင်ပို့မှုတွင် MSR -10၊ MSR-20 တို့ကိုတင်ပို့မှုများပြားပြီး Ribbed Smoked Sheet (ခေါ်) မှိုင်းခံရော်ဘာအမျိုးအစားများဖြစ်သည့် RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 များကိုလည်း တင်ပို့မှုများပြားသည်။
ထို့အပြင် ရော်ဘာကြိတ်ဖတ်များကို အတုံးပြုလုပ် ထားသော Crumb Rubber များကိုလည်း တင်ပို့လျက်ရှိ ပါသည်။ မြန်မာနိုင်ငံတွင် TSR ရော်ဘာများကို ၁၉၆၉ ခုနှစ် ဝန်းကျင်မှစတင်ထုတ်လုပ်ခဲ့သော်လည်း ပုဂ္ဂလိက ပိုင် စက်ရုံများအဖြစ် ၁၉၉၀ ဝန်းကျင်ခန့်မှသာ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ TSR ရော်ဘာများ စတင်ထုတ် လုပ်စဉ်ကပင် ၎င်းတို့၏ အရည်အသွေးစံချိန်စံညွှန်းများအတွက် ၁၉၆၅ ထုတ် မလေးရှားရော်ဘာ စံချိန်စံညွှန်း များကို အခြေခံ၍ သတ်မှတ်ရေးဆွဲခဲ့သော်လည်း နောက် ပိုင်းနှစ်များတွင် ပြောင်းလဲတိုးတက်လာသော စံချိန် စံညွှန်းများ၊ နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များ နှင့် လိုက်လျောညီထွေ ဖြစ်စေရန် စံချိန်စံညွှန်းနှင့်အရည် အသွေး သတ်မှတ်ချက်ပြုပြင်ပြောင်းလဲမှုများ နည်းပါးခဲ့ ပါသည်။
မြန်မာ့ရော်ဘာများကို ကုန်ကြမ်းများအဖြစ် ပြည်ပ နိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းရရှိမှုမှာ အခြားသောနိုင်ငံထွက်ရော်ဘာများနှင့် နှိုင်းယှဉ်ပါက နည်းပါးမှုများ ရှိနေပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ မြန်မာ့ ရော်ဘာအရည်အသွေး စံချိန်စံညွှန်းများ အားနည်းခြင်း အပြင် စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်သော ရော်ဘာ များ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်း(Accreditated Lab)များ လိုအပ်ခြင်း၊ စံချိန်စံညွှန်းမီ ရော်ဘာများအတွက် Certification System လိုအပ်ခြင်း စသည့်အချက်များ ကြောင့် ဖြစ်ပါသည်။ ထိုသို့သောအချက်များကြောင့် နိုင်ငံ တကာမှဝယ်လက်များ၏ မြန်မာ့သဘာဝရော်ဘာထုတ် ကုန်များအပေါ် ယုံကြည်မှုမှာ နည်းပါးလာပြီး စျေးကွက် ဝေစုနှင့် စျေးနှုန်းရရှိမှု နည်းပါးလာခြင်းဖြစ်သည်။
အရည်အသွေးစမ်းသပ်ဓာတ်ခွဲခန်းတည်ထောင်
ထို့ကြောင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း(Myanmar Natural Rubber Quality Testing Lab-MNRQTL)ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်သူ များအသင်းနှင့် ဂျပန်နိုင်ငံရော်ဘာထုတ်လုပ်သူများအဖွဲ့ (Japan Rubber Manufacturer Association)တို့ ပူး ပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနရှိ ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(Comm-odity Testing and Quality Management Center-CTQM) လှည်းကူးတွင် တည်ထောင်ခဲ့ပါသည်။
အဆိုပါဓာတ်ခွဲခန်း တည်ထောင်ရန်အတွက် ဂျပန် နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန (Ministry of Economy, Trade and Industry –METI) ၏ ကူညီမှုဖြင့် (Trade Overseas Human Res- ource and Industry Development Association- HIDA) မှ နည်းပညာပိုင်းဆိုင်ရာများ ထောက်ပံ့ပေးခဲ့ပြီး သင်တန်းများ လာရောက်ပို့ချပေးခဲ့ပါသည်။ MNRQTL ဓာတ်ခွဲခန်းကို မြန်မာ့သဘာဝရော်ဘာများ၏ အရည် အသွေးနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ စစ်ဆေးချက်လက်မှတ်များ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဓာတ်ခွဲ ခန်းဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲရန်အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော MNRQTL စီမံခန့်ခွဲမှု လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။
MNRQTL ဓာတ်ခွဲခန်းအနေဖြင့် မြန်မာ့သဘာဝ ရော်ဘာများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ရာ တွင် အပြည်ပြည်ဆိုင်ရာရော်ဘာအသင်း (International Rubber Association – IRA)၏ အသိအမှတ်ပြု ဓာတ်ခွဲ ခန်းဖြစ်ရန် လိုအပ်ချက်ရှိနေပါသေးသည်။ ဓာတ်ခွဲစမ်းသပ် ခြင်း(Testing) (ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းမှ လွဲ၍)နှင့် စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်း (Calibiration)လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲခန်းများ သည် ပုံမှန်အားဖြင့်ဆိုပါက နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO-17025 Accreditation)ကို နိုင်ငံတကာ အသိအမှတ်ပြု Accreditation Body များထံမှ ရယူ လေ့ရှိသော်လည်း ရော်ဘာကဏ္ဍတွင် မတူကွဲပြားသော အခြေအနေများရှိနေပါသည်။
နိုင်ငံတကာအသိအမှတ်ပြု သဘာဝရော်ဘာ ဓာတ်ခွဲ ခန်းတစ်ခုအနေဖြင့် IRA ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်း ဖြစ်ရန် အဓိကလိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် IRA ၏ အဖွဲ့ဝင်ဖြစ်ရေးကို ဦးစွာ ဆောင်ရွက်ခဲ့ရပြီး ၎င်းတို့ စေလွှတ်သည့် ကိုယ်စားလှယ်များက ဓာတ်ခွဲခန်းအခြေ အနေ စစ်ဆေးမှုများကို ခံယူခဲ့ရပါသည်။ အလားတူ IRA ၏ အဖွဲ့ဝင်နိုင်ငံများအပေါ် ဝင်ရောက်ဖြေဆိုစေသည့် Proficiency Testing Programme Series များကိုလည်း ဝင်ရောက်ဖြေဆိုခဲ့ပါသည်။
Proficiency Testing (PT Test) ဆိုသည်မှာ တိကျစွာ တိုင်းတာရေးနည်းပညာ (Metrology)အရ နမူနာတစ် တွင် ပါဝင်ပစ္စည်းများ တိကျစွာ ထည့်သွင်းပြီး ၎င်းတို့၏ ပမာဏကို ဓာတ်ခွဲခန်းများက ပြန်လည်စစ်ဆေး၍ ဖြေဆို ခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။ အဆိုပါ PT Test များကို ရော်ဘာကဏ္ဍတွင် Round Robin Test ဟုလည်း ခေါ်ဆို ကြသည်။
ရော်ဘာအရည်အသွေးစစ်ဆေးမှု
သဘာဝရော်ဘာ အရည်အသွေး စစ်ဆေးမှုတွင် အဓိကအားဖြင့် အမှိုက်အမှုန်များစစ်ဆေးမှု (Dirt Con- tent)၊ ပြာဓာတ်စစ်ဆေးမှု(Ash Content)၊ အငွေ့ပျံနိုင်သော ဒြပ်ပေါင်းပါဝင်မှု စစ်ဆေးခြင်း (Volatile Matter)၊ နိုက်ထရိုဂျင်ပါဝင်မှု (Nitrogen Content)၊ ဆွဲဆန့်မှုခံနိုင် ရည်စစ်ဆေးခြင်း(Initial Plasiticity)၊ ပြန်လည်ကျုံ့ဝင် နိုင်မှု ကိန်းညွှန်းစစ်ဆေးခြင်း (Plasiticity Retention Index) စသည်တို့ ပါဝင်ပါသည်။ သဘာဝရော်ဘာစမ်းသပ် စစ်ဆေးမှုအတွက် PT Test များကို IRA ၏ ကြီးမှူးမှုဖြင့် မလေးရှား ရော်ဘာဘုတ်အဖွဲ့(MRB) မှ တာဝန်ယူ စစ်ဆေးပေးကြောင်း သိရှိရပါသည်။
IRA ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန် PT Test များကို လေးကြိမ်ဆက်တိုက် အောင်မြင်ရန်လိုအပ်ပြီး အဆိုပါ PT Test များကို ခြောက်လလျှင်တစ်ကြိမ် ကျင်းပ လေ့ရှိကြောင်း သိရသည်။
MNRQTL ဓာတ်ခွဲခန်းအနေဖြင့် PT Test များကို 118th Series Proficiency Testing Programme မှစတင် ဝင်ရောက်ဖြေဆိုခဲ့ရာ 119th Series၊ 120th Series၊ 121sh Series၊ 122nd Series များအထိ ဖြေဆိုပြီးဖြစ်ပါသည်။ MNRQTL သည် 119th Series မှစတင်၍ PT Test များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ယခု နောက်ဆုံးအကြိမ် ဖြေဆိုခဲ့သော 122nd Series တွင်လည်း အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည့်အတွက် IRA ၏ အသိအမှတ်ပြု လက် မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါသည်။ ဆက်လက်၍ IRA အသိအမှတ်ပြု ဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ခံရပါက မြန်မာ့သဘာဝရော်ဘာ ထုတ်လုပ်မှု များကို စမ်းသပ်စစ်ဆေး၍ MNRQTL လုပ်ငန်း စီမံခန့်ခွဲ မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် အရည်အသွေး စံချိန်စံညွှန်း များအလိုက် (MSR-5၊ MSR-10၊ MSR-20) စသည်ဖြင့် Certification လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ပို့ကုန်သွင်းကုန်ဥပဒေအခန်း(၃) ပုဒ်မ(၄) အပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပို့ကုန်သွင်းကုန် ၏ ပစ္စည်းအမျိုးအမည် နှင့် အဆင့်အတန်းများ သတ်မှတ်ရာတွင် ပြည်ပတင်ပို့ သည့် မြန်မာ့သဘာဝရော်ဘာ၏ စံအရည်အသွေး သတ်မှတ်ချက်(Myanmar Standard Rubber MSR 5၊ MSR 10၊ MSR 20) အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၆၂/၂၀၁၇)ဖြင့် ပြည်ပတင်ပို့သည့် မြန်မာ့ သဘာဝရော်ဘာ စံအရည်အသွေးသတ်မှတ်ချက် (MSR-5၊ MSR-10၊ MSR-20)များ သတ်မှတ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
စံချိန်စံညွှန်းညီသော ရော်ဘာပို့ကုန်များ
ထိုသို့ မြန်မာ့သဘာဝရော်ဘာ အရည်အသွေးများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် အညီ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးပေးနိုင်ပါက နိုင်ငံတကာသို့ တင်ပို့နေသော မြန်မာ့သဘာဝ ရော်ဘာများကို တစ်ဖက် ဝယ်လက်နိုင်ငံများမှ အရည်အသွေးဆိုင်ရာ ယုံကြည် စိတ်ချရမှုရရှိပြီး ရောင်းသူဝယ်သူအကြား ခိုင်မာသော ဆက်ဆံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါ သည်။ အလားတူပင် နိုင်ငံတကာစျေးကွက်တွင် မြန်မာ့ သဘာဝရော်ဘာများ၏ စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှု များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အရည်အသွေး ဈေးကွက်သို့တင်ပို့နိုင်မှုမြင့်တက်လာမည်ဖြစ်ပေသည်။
ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ် လုပ်သူများအသင်းတို့ ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိသည့် CTQM ရှိ MNRQTL ဓာတ်ခွဲခန်းသည် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစမ်းသပ်မှု များ ပြုလုပ်၍ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် အဓိကကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသော မြန်မာ့ သဘာဝရော်ဘာ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများ အပေါ် အကျိုးပြုနိုင်တော့မည်ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတကာစျေးကွက်အတွင်း ဈေးကွက် ရှားပါးမှု စျေးနှိမ်ခံရမှု အရိပ်ဆိုးများမှ လွတ်မြောက်ပြီး ကောင်းမွန်သော အရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့်ကောင်းမွန်သောစျေးနှုန်းများ ရရှိနိုင်မည့် နေ့သစ်အရုဏ်ဦးကို စတင်နိုင်တော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။ ။
မြန်မာ့အလင်း


