၁ ဩဂုတ်
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ကောက်သင်းကောက်တဲ့ မစန္ဒာပါတဲ့”
“အလို တစ်မျိုးကြီးပဲ။ ရှင်းပြပါဦးဆရာ”
“စာရေးဆရာမ မစန္ဒာရေးတဲ့ “ကောက်သင်းကောက် တဲ့စာ” ဆိုတဲ့ စာအုပ်အကြောင်း ထပ်ဆင့်တင်ပြချင်လို့ပါ။” မူရင်းစာအုပ်နာမည်အစား “ကောက်သင်းကောက်တဲ့ မစန္ဒာ” လို့ ကျွန်တော်က ဂုဏ်ပြုရေးချင်ပါတယ်။
“ဪ...ဖတ်မယ်ဆရာ”
မာတိကာ
မစန္ဒာရေးသော ကောက်သင်းကောက်တဲ့စာ စာအုပ်မှာ စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ပထမအကြိမ် ရိုက်နှိပ်သော စာအုပ်ဖြစ်သည်။ မစန္ဒာ၏ စာအုပ်တွင် စာပေအစ ပထမ၊ နှလုံးသားထဲမှ ပုံရိပ်များ၊ စာပေနှင့် ဘဝအမြင်၊ စာတမ်း၊ ဝတ္ထုတိုတို့အကြောင်း ကောက်သင်းကောက်၍ တင်ပြထားသော စာများပါပဲ။ သက်ကြီးတန်း စာရေးဆရာမကြီးဖြစ်သော်လည်း ရေးအားမသန် စာဖတ်ရန်ကိုသာ ပိုမိုမွေ့လျော်သည်ဟု မစန္ဒာက ဆိုပါသည်။ ဟိုတစ်စ ဒီတစ်စ ဖြစ်နေသော စာများကို တပေါင်းတစည်းတည်းစုစည်း၍ စီစဉ်ပေး သည့် စိတ်ကူးချိုချိုစာအုပ်တိုက်၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာသော ဤစာအုပ်ဟု ဖော်ပြထားသည်။ ကျွန်တော်နှစ်သက်သမျှ စာစုအချို့ကို ရွေးချယ်ကောက် နုတ်တင်ပြပါရစေ။ ရှုပါ။
စာပေအစ ပထမ
မစန္ဒာသည် စာရေးဆရာကြီး မန်းတင်၏ သမီးဖြစ် သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး တက္ကသိုလ် မတက်မီ မူလတန်းဆရာမအဖြစ် သူကိုယ်တိုင် လုပ်အား ပေးပုံကို ရေးထားသော စာစုကလေး(စာ-၁၈)ကို ဖတ်ဖြစ် အောင် ဖတ်ကြည့်စေချင်ပါသည်။ ကျွန်မ ဆရာမဟု အမည်ပေးထားပါသည်။ ဇွဲရှိမှ အောင်မယ် (စာ-၅၀) တွင် “လူတွေ တီထွင်ထားတဲ့ပညာကို လူကလိုက်ပြီး တတ် အောင် ဘာလို့မသင်နိုင်ရမှာလဲ၊ ဖြစ်တဲ့လူတွေတောင် ဖြစ်သွားမှပဲ” ချိုချိုသည် ထိုကဲ့သို့ အားတင်း၍ ရေရွတ် တတ်လေသည်။ ဟုတ်ပါသည်။ လူတို့ တီထွင်ကြံဆ ထားသော ပညာကိုမှ နောက်ထပ်လူကလိုက်၍ တတ်အောင်မသင်နိုင်လျှင် ညံ့ရာကျပေတော့မည် (စာ-၅၅) ဟူ၍ နိဂုံးချုပ်ထားသည်မှာ သင်ခန်းစာယူစရာဖြစ်ပါ သည်။ အတွေးပေးသည်ဟုလည်း ဆိုနိုင်ပါသည်။
ဘဝဆိုတာ ဘယ်လိုပါလိမ့်
ပိုးစုန်းကြူးနှင့် ဘဝမာန် (စာ-၈၀)တွင် “ ဘဝဆိုတာ ဘယ်လိုပါလိမ့်၊ ဘယ်ကနေစပြီး ဘယ်မှာဆုံးတာပါလိမ့်။ ဘာကိုများ ဘဝလို့ခေါ်တာပါလိမ့်”ဆိုတာ ရေးထားသည်။ ဘဝဆိုသည်မှာ မိခင်၏ဝမ်းမှ သုသာန်ထိ ကြားကာလ အပိုင်းအခြားဖြစ်သည်ဟု ဆိုလေသည်။ တစ်ယောက် တည်းလာ၍ တစ်ယောက်တည်းပြန်သွားရသော ဘဝ ဆိုသည့်အရာတွင် ဘာများမက်မောစရာရှိပါသနည်း။ တပ်မက်စရာရှိပါသနည်း။ ချိုချိုတစ်ယောက် ငယ်ငယ် ရွယ်ရွယ်နှင့် အတော်တရားကျနေပါသည်။
သို့သော် တပ်မက်စရာမရှိသောဘဝကို စွန့်လွှတ်ရဲ သလားဟုဆိုပါက နားဝလေသံပင် မကြားရဲပါ။ ကေသာ ကိုပယ်ပြီး စစ်ကိုင်းချောင်သို့လည်း မခိုနိုင်သေးပါ။ ဘဝကိုတွယ်တာသော ဘဝတဏှာသည် ကြီးမားလှချေ သည် စသည်ဖြင့် ဘဝအဓိပ္ပာယ်ကို ဖွင့်ထားသည်။ မစန္ဒာလို ကျွန်တော်တို့ တွေးမိပြီလား . . . ။
နှစ်အိမ့်တစ်အိမ် အတိတ်အိမ်
နှစ်အိမ့်တစ်အိမ် အတိတ်အိမ် (စာ-၁၂၅) တွင် ကိုယ့်ခြံ ထဲကရေဆိုးကို သူများခြံထဲ စီးဝင်စေခြင်း၊ ကိုယ်အိမ့်ထဲ ကအမှိုက် သူ့အိမ်ရှေ့ပစ်ခြင်း၊ ကိုယ်မွေးထားသောခွေးကို သူ့အိမ်ရှေ့ မစင်စွန့်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး စကား တင်ခြင်း၊ ကျောခြင်း၊ ကော်ခြင်း၊ ကတ်ခြင်း၊ လှည့်ခြင်း၊ စီးပိုးခြင်း စသည်များကို ကိုယ်တွေ့ကြုံလာရပါသည်။ ထိုအခါမျိုးတွင် ဦးလေးတို့အိမ်နှင့်ကပ်လျက် နှစ်ပေါင်း များစွာနေခဲ့ဖူးသည်ကို မကြာခဏ ပြန်ပြီး သတိရမိပါသည်။
အိမ်ထောင်ဦးစီးယောက်ျားများက ယောက်ျားပီပီသသ အေးအေးဆေးဆေးရှိလှသလို မိန်းမချင်းကလည်း မကောက်မကွေ့ ဖြောင့်ဖြောင့်မတ်မတ် ခင်မင်ခဲ့ကြသည်။ ကလေးချင်းရော…၊ ကျွန်မတို့ ကလေးချင်းလည်း ချစ်ခင်ရင်းနှီးကြပါသည်။ ကလေးတို့သဘာဝမို့ ဆော့ရင်း၊ ကစားရင်း ရန်ဖြစ်တတ်ကြသော်လည်း ကလေးကိစ္စတွင် လူကြီးများပါလာလေ့မရှိသည်ကို ကျွန်မ ပြန်ပြီးသတိရ နေမိပါသည်ဟု ရေးထားသည်ကို သဘာဝကျကျ မြင်ရ၊ ဖတ်ရသည်။ လင်းလက်လိုက်တာဗျာ…..။
မောင်ပြုံးချို၏ ဘဝနေဝင်ချိန်
စာရေးဆရာကြီးမန်းတင်၏ ဇာတ်လိုက်ဖြစ်သော မောင်ပြုံးချို၏ ဘဝနေဝင်ချိန်ကို ကြေကွဲဖွယ်ရာ ရေးထား သည်။ နိုင်ငံတော်ကောင်စီဝင် အငြိမ်းစားတစ်ဦးအနေဖြင့် မည်သည့်ခံစားမှုကိုမျှ မမက်မောဘဲ ရိုးသားစွာ ဘဝကို တည်ဆောက်ခဲ့ပုံမှာ ပေါ်လွင်သည်။ မစန္ဒာ၏ မိဘနှစ်ပါး မှာ တစ်ဦးက လက်မသန်၊ နောက်တစ်ဦးက ခြေမသန် စိတ်သွားတိုင်းကိုယ်မပါ အိုခြင်း ဆင်းရဲနှင့်အတူ နာခြင်း ဆင်းရဲကိုပါ တစ်ချိန်တည်း ရင်ဆိုင်ကြရရှာပါသည်။ (စာ-၁၄၉) တရားသဘောကို ထဲထဲဝင်ဝင် လေ့လာရင်း ဖေဖေသည် စာရေးရန်လည်း ကြိုးစားနေခဲ့သေးသည်။ သူ၏ ညာဘက်လက်ချောင်းလေးများသည် တင်းတောင့်နာကျင်ကာ ကလောင်ကိုပင် မကိုင်နိုင်တော့သည့် အတွက် မပီမသ၊ ယိုင်ယိုင်နဲ့နဲ့ စာလုံးလေးများကိုပါ မရေးနိုင်တော့ ပါ။ (စာ-၁၅၁) ဖေဖေသည် သူ၏ နောက်ဆုံးထွက်သက်အထိ သတိမလစ်ခဲ့ပါ။ အသက်ပြင်းပြင်းရှူကာ ဆက်တိုက်ရှုမှတ်နေရင်းမှ လျှာခေါက်သွားသလို ဖြစ်သွားသည်။ ထို့နောက် အသက်ရှူသံပျောက်သွားလေသည်။ မျက်နှာအနေထားက နှစ်ခြိုက်စွာ အိပ်ပျော်သွားသူလို အေးချမ်းနေပါသည်။ ကျွန်မ၏ဖခင်သည် ဝေဒနာအပေါင်းမှ လွန်မြောက်သွားခဲ့ပြီဖြစ်ပါသည်။ နာရီကို ကြည့်လိုက်တော့ ၉ နာရီနှင့် ၂၅ မိနစ်။ ၁၉၉၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ စနေ့နေ့။ နံနက် ၉ နာရီနှင့် ၂၅ မိနစ်….။ (စာ-၁၅၈)
ကြီးလာလို့ သိပါပြီ
“ငယ်သူမို့ မသိပါ”ဟု ဝတ္ထုရေးခဲ့သော မစန္ဒာက “ကြီးလာလို့သိပါပြီ” (စာ-၁၆၈) တွင် စာရေးဆရာကြီး သိန်းဖေမြင့်၊ စာရေးဆရာကြီး မောင်ထင်၊ စာရေးဆရာကြီး တင့်တယ်၊ စာရေးဆရာကြီးသော်တာဆွေ၊ စာရေးဆရာကြီး အောင်ဗလတို့၏ အမှာစာများအကြောင်း ဖော်ညွှန်းရေးထားပါသည်။ အရွယ်ကိုလိုက်၍ နှစ်ခြိုက်ခဲ့သော သင်ခန်းစာအဖြစ် မှတ်ယူနိုင်ပါမည်။
စာရေးဆရာမ မစန္ဒာ၏ အရိပ်များ
မစန္ဒာ၏ အအောင်မြင်ဆုံးကာလများတွင် တိုင်းပြည်တိုးတက်မှု နှောင့်နှေးနေတာတွေကို မကျေနပ်ကြောင်း၊ အားမရကြောင်း၊ ဒါကြောင့် ထောက်ပြပြီး မသိမသာ သရော်တာလေးတွေ ရေးခဲ့ကြောင်း၊ ထိုသို့ ရေးသည်ကို နိုင်ငံတော်ကောင်စီဝင်ဖြစ်သူ ဖေဖေက တစ်ခါမှ မတားခဲ့ ဖူးကြောင်း၊ တစ်ခါတလေဆိုရင် ‘သမီးဒီနေရာလေးမှာ ဒီလိုရေးလိုက်ရင် ပိုကောင်းသွားမှာ’လို့တောင် ပြောခဲ့ပါ သေးကြောင်း၊ ဖေဖေ၏ ကုလားထိုင်ကို ကိုင်လှုပ်နေသလို မျိုး သိပါလျက်နှင့် ဖေဖေသည် လုံးဝ အပြုံးမပျက်ခဲ့ ကြောင်း၊ ဘာကြောင့်လဲဆိုလျှင် ဖေဖေ့နှလုံးသားက စာရေးဆရာမန်းတင် ဖြစ်နေခြင်းကြောင့် ကျွန်မကလည်း မန်းတင်ရဲ့သမီးဖြစ်ရတာကိုပဲ ပိုပြီး ဂုဏ်ယူကျေနပ်နေ သောကြောင့်ဖြစ်ကြောင်း (စာ-၁၈၆)တွင် ကျွန်တော် ဖတ်ရှုရပါသည်။ ဤစာစုအတွက် မစန္ဒာ၏ လေးနက်သော ခိုင်မြဲသည့် ခံယူချက်ကို ဂုဏ်ယူဖွယ်မှတ်တမ်းအဖြစ် ကျွန်တော်မော်ကွန်းတင်ပါသည်။
လူငယ်များနှင့် ဘဝတန်ဖိုး
“ကျန်းမာခြင်းနှင့် အရွယ်ရဲ့တန်ဖိုး၊ လူဖြစ်ရတာ ကံကောင်းတယ်၊ ကြိုးစားမှ ရလဒ်ကောင်းရမယ်၊ လူနှင့် တိရစ္ဆာန်ကွာခြားချက်၊ လူ့တန်ဖိုး၊ လူတစ်ယောက်ရဲ့ သမိုင်းဆိုတာ၊ အခွင့်အရေးဆိုတာ ကိုယ့်အနားမှာ၊ အခက် အခဲဆိုတာတွန်းအား၊ အရေးကြီးဆုံးဆိုတာ၊ သင်ခန်းစာ ယူတတ်ပါ၊ အကောင်းဆုံးကြိုးစားပါ၊ ချော်လဲရင် ချက်ချင်းပြန်ထပါ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပါ” စသည့် ခေါင်းစဉ်များဖြင့် (စာ-၂၂၂)တွင် လူငယ်များ၏ တန်ဖိုးကို ရေးထားသည်။ လူငယ်နှင့် Facebook တွင် (၁) မိမိ၏ password ကို မည်သူ့ကိုမျှမပေးပါနှင့်။ (၂) တတ်နိုင်လျှင် security ခံထားပါ။ (၃) add လုပ်လာသူ များကိုလည်း စိစစ်၍ ဆင်ဆင်ခြင်ခြင်လက်ခံပါဟု (စာ-၂၃၀)၌ သတိပေးထားပါသည်။ လူငယ်တွေကို ချစ်သည့်စေတနာဟု ပြောနိုင်ပါသည်။
စာတမ်း
ယဉ်ကျေးမှုနယ်ချဲ့ခြင်းအန္တရာယ် စာတမ်းတွင် “မြန်မာပြည်နှင့်မြန်မာအမျိုးသမီးများ၊ မြန်မာအမျိုးသမီး တို့၏ဂုဏ်ရည်၊ ယနေ့ခေတ် မြန်မာအမျိုးသမီးများ၊ မည်ကဲ့သို့ ကာကွယ်တားဆီးကြမည်နည်း” တို့ကို (စာ-၂၆၆)တွင် ဖော်ပြထားသည်။ ဘဝကုန်ကြမ်းမှဝတ္ထုကုန်ချောသို့တွင် ဝတ္ထုဆိုသည်မှာ ခေါင်းစဉ်အောက်၌ စာရေး ဆရာကြီး သိန်းဖေမြင့်၊ တက္ကသိုလ်ဘုန်းနိုင်၊ ပီမိုးနင်း၊ မင်းလူ၊ မောင်ထင်၊ မောင်သာရ၊ ဇော်ဂျီ၊ မောင်သိန်းဆိုင်၊ မြသန်းတင့်တို့၏ အဆိုအမိန့်များ၊ စာရေးဆရာ မင်းကျော်၊ သော်တာဆွေ၊ အောင်သင်း၊ သန်လျင် မောင်မောင်ဦး တို့၏ ကိုယ်တွေ့ဝတ္ထုများ၊ အမြင်များကို (စာ-၂၈၈)တွင် ရေးသားဖော်ပြထားပါသည်။ စာဖတ်သူများ သတိ ထားရမည့်စာစုများဖြစ်သည်ဟု ကျွန်တော်ထင်သည်။
ဖတ်စရာများ
မစန္ဒာ၏ ကောက်သင်းကောက်တဲ့စာများတွင် ဖတ်စရာများ ကျန်ပါသေးသည်။ နှစ်သက်ဖွယ်များသာ ဖြစ်၍ ကျန်ရှိသည်များကို ဆက်လက်ရှာဖွေဖတ်ရှုစေလိုပါသည်။
နိဂုံး
လူအိုသော်လည်း စာမအိုအောင်၊ လူနွမ်းသော်လည်း စာမနွမ်းအောင်၊ လူသေသွားလျှင်ပင် စာမသေအောင် တတ်နိုင်သမျှ ဆက်လက်၍ ကြိုးစားသွားမည်ဖြစ်ကြောင်း စာပေအတွေ့အကြုံများပြားသော၊ အသက်(၇၀)ကျော် နေပြီဖြစ်သော စာရေးဆရာမ မစန္ဒာက စာပေသစ္စာပြုထား သည်ကို အသက်(၇၀)ကျော်ပြီဖြစ်သော ကျွန်တော်နှင့်တကွ ကြေးမုံစာချစ်ပရိသတ်က လေးနက်စွာ မေတ္တာဖြင့် လက်ကမ်းကြိုဆိုနေမည် ဖြစ်ပါကြောင်း……။
ဦးဟန်ညွန့် (ဥပဒေ)


