ထွန်းသစ်စ
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု လျင်မြန်စွာဖြစ်ပွားလျက်ရှိပြီး ဒုတိယလှိုင်းဂယက်အတွက် စိုးရိမ်နေတဲ့အချိန် မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်ဆိုတဲ့ သတင်းကို ဇူလိုင် ၂၆ ရက်က အံ့ဩဖွယ်ကြားလိုက်ရပါတယ်။ ကမ္ဘာမြေပြင်တစ်လွှား သူသူငါငါ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇ သန်းကျော်လာမှုနဲ့အတူ မြောက်ကိုရီးယားနိုင်ငံဟာ နောက်ဆုံးကူးစက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အဆီးအတားမရှိ ကူးစက်ချင်တိုင်းကူးစက်
ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာကြီးတစ်ခုလုံးကို အဆီးအတားမရှိဘဲ ကူးစက်ချင်တိုင်းကူးစက်ပြီး ကျန်းမာ ရေးစနစ်တွေကို ဝန်ပိမှုတွေဖြစ်စေသလို စီးပွားရေးတွေ ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ အများနိုင်ငံတွေနဲ့ ရောနှောနေလေ့မရှိဘဲ တစ်ဦးတည်း ထီးတည်းကြီးခွဲထွက် ရပ်တည်နေတတ်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်သူ တစ်ယောက်တလေမှတောင်မရှိဘူးဆိုပြီး ဂုဏ်ယူပြောကြားခဲ့သော်လည်း အခုတော့ ဗိုင်းရပ်စ် တားဆီးဖို့ ပြင်ဆင်နေရပြီဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့ အနည်းဆုံးလူပေါင်း ၆၈၀၀၀၀ လောက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို မလွန်ဆန်နိုင်ဘဲ သေပွဲဝင်ခဲ့သလို အဲဒီထဲမှာ အဆိုးဆုံးဖြစ်ခဲ့တဲ့ နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကပြိုင်ဘက် အမေရိကန်ပြည်ထောင်စုပဲ ဖြစ်ပါတယ်။
တကယ့်ကို ကြောက်စရာကောင်းပြီး ရက်စက် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ နိုင်ငံထဲကို ဝင်ရောက်လာပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
ထိန်းချုပ်ကာကွယ်
မြောက်ကိုရီးယားအာဏာပိုင်တွေဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ဖို့ ကေဆောင်းမြို့ကို အသွားအလာကန့်သတ်ပိတ်ဆို့မှုလုပ်ဆောင်လိုက်ပါပြီ။ ကေဆောင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနီးမှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါ တယ်။ နိုင်ငံပိုင်မီဒီယာကတော့ တောင်ကိုရီးယားနိုင်ငံ ဘက်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထွက်ပြေးသွားတဲ့ ပြည်ပြေးတစ်ဦး မြောက်ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပါတယ်။ သူဟာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရနိုင်တယ်ဆိုပြီး သံသယရှိနေတယ်လို့ ဖော်ပြထားပါတယ်။
သို့သော်လည်း ကျွမ်းကျင်သူတွေကတော့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အိမ်နီးချင်း တရုတ်နိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်နှင့်နေနိုင်တယ်လို့ ယူဆထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ လွန်ခဲ့တဲ့ နှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့နေဆဲ
အခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဟာ ရပ်တန့်သွားတယ်လို့မရှိဘဲ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်သတင်းမျိုးတောင် ကြားရပါတယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ကြောက်လို့ မကူးစက်အောင် ကာကွယ်ထိန်းချုပ်မှုတွေ လုပ်ထားတဲ့နိုင်ငံတွေမှာတောင် ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့ တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံကတော့ ဩစတြေးလျပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး ဇူလိုင် ၂၆ ရက်ဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ တကယ့်ကိုတင်းကျပ်တဲ့ အသွား အလာကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတာတောင် သေဆုံးသူဟာ အဲဒီနေ့မှာ ၁၀ ဦးအထိ ထပ်မံဖြစ်ပွားခဲ့ ပြီးတော့ ကူးစက်မှုတွေလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒါတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲဖြစ်ပေါ်လာခဲ့ပါ တယ်။ ဒီအရေအတွက်ဟာ ကျွန်တော်တို့အနေနဲ့ အလွန်ကို မြင့်မားတဲ့ပမာဏဖြစ်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ်အန်ဒရူးစ်က ပြောလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၇ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇ သန်း ကျော်ရှိလာချိန်မှာ အဲဒီထဲက လေးပုံတစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဇူလိုင် ၃၁ ရက်က ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုဟာ ၇၈၀၀၀ ကျော်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နွေဦးရာသီမှာ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကျဆင်းခဲ့ပြီးနောက်မှာ ရုတ်တရက်ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက္ကဆက်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ တက္ကဆက်ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ဟာရီကိန်းဒဏ်ကိုလည်း ခံစားခဲ့ရတဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ လေးရက်ဆက်တိုက် အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ ၁၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ ၁၅၅၀၀၀ ကျော်အထိ လျင်မြန်စွာ တိုးလာခဲ့ပါတယ်။ လက်တင် အမေရိကနဲ့ မြေထဲပင်လယ်ဒေသမှာလည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ဟာ လေးပုံပုံ တစ်ပုံလောက်ဖြစ်ပွားခဲ့ပါတယ်။ အစိုးရတွေအနေနဲ့ ပုံမှန်အခြေအနေတိုင်း ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်ဖို့ မစွမ်းဆောင်နိုင်သေးပါဘူး။
ဖျက်သိမ်းလိုက်
ဘရာဇီးနိုင်ငံမှာလည်း တဖြည်းဖြည်း ကြောက်စရာ ကောင်းလာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်း နဲ့ ရင်ဆိုင်နေရတဲ့အတွက်ကြောင့် ရီယိုဒီဂျနေးရိုး ကိုပါကာဘာနာကမ်းခြေမှာကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲတွေအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် အခု ဆိုရင် သေဆုံးသူအရေအတွက်ဟာ ၉၀၀၀၀ ကျော်လာ ပြီဖြစ်ပါတယ်။ အဲဒါကြောင့် ပျော်ပွဲရွှင်ပွဲတွေမကျင်းပတာပါဟု အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဥရောပဒေသတွင်း နွေရာသီအပန်းဖြေအားလပ်ရက် တွေ အများအပြားဖွင့်လှစ်ပေးလိုက်သလို တစ်ချိန်တည်း မှာပဲ ဥရောပမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုပေါင်း သုံးသန်း နီးပါး ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ပျော်ပွဲရွှင်ပွဲတွေကြောင့် ပိုပြီးဖြစ်နိုင်
ဗြိတိန်မှာတော့ ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တာ တော့ရှိပါတယ်။ အဲဒါကတော့ စပိန်ကလာတဲ့ ခရီးသည် တွေကို သီတင်းပတ်နှစ်ပတ်ကြာ ကိုယ့်ဟာကိုယ် သီးသန့် ခွဲခြားနေထိုင်မှုပြုလုပ်ရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ခြင်း ပဲဖြစ်ပါတယ်။
မြေထဲပင်လယ်နိုင်ငံတစ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် မှု ရုတ်တရက်မြင့်တက်လာပြီးနောက် အခုလို လုပ်ဆောင် လိုက်တာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အရာရှိ တွေကတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ ညပိုင်း ပျော်ပွဲရွှင်ပွဲတွေကြောင့် ပိုပြီးဖြစ်နိုင်တယ်လို့ ထောက်ပြ ပြောဆိုထားကြပါတယ်။
အစိုးရပေါင်းများစွာက စပိန်ကလာတဲ့ အားလပ်ရက် အပန်းဖြေခရီးထွက်သူတွေကို သီးသန့်ခွဲခြားစောင့်ကြည့်မှု တွေ ပြုလုပ်ဖို့လိုတယ်ဆိုတာ သိကြပါတယ်လို့ ဗြိတိန် အတိုက်အခံ လွှတ်တော်အမတ် ဒိုင်အက်ဘော့က ပြောပါ တယ်။ ဒါပေမယ့်လည်း ဒါကိုဘယ်သူမှ ဒုက္ခခံပြီး ဗြိတိန် လွှတ်တော်အမတ် ဂရန့်ရှက်ပ်ကိုမပြောကြဘူးလို့ သူက ဟာသနှောကာ ပြက်လုံးထုတ်ပြီး ပြောလိုက်ပါတယ်။
ခရီးသွားကဏ္ဍကိုထိခိုက်
ကိုဗစ်-၁၉ဟာ စပိန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုလည်း ထိခိုက်ခဲ့ပါတယ်။ အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီး နယ်စပ်တွေပိတ်လိုက်တာကြောင့် ဘားဆိုင် တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ စုစုပေါင်း ၁၃ ရာခိုင်နှုန်းလောက် ထာ၀ရပိတ်သွားခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုတွေကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။
အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်-၁၉ ဖြစ်ပြီဟေ့ဆိုတော့ သန်းချီတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအလုပ်သမားတွေ မြို့တွေမှာ မနေရဲကြတော့သလို ပြန်ဖို့လည်း အလွန် ကြောက်ရွံ့နေခဲ့ကြပါတယ်။ အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးတည်ရှိရာ အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက် ခံထားရသူပေါင်း ၁ ဒသမ ၆ သန်းကျော်လာပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ ဘရာဇီးပြီးရင်တော့ အဆိုးဆုံးလို့ ပြောလို့ ရပါတယ်။
အခုချိန်ထိတော့ တိုးတက်တဲ့အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး။ ကိုဗစ်-၁၉ ဟာ တစ်ထောင့်တစ်ညပုံပြင်ထက်တောင်ဆိုးနေပြီလားလို့ ထင်မှတ်မှားရပါ တယ်။ ကာကွယ်ဆေးမတွေ့မချင်း ပြီးဆုံးမယ့် လက္ခဏာ မတွေ့ရသေးပါဘူး။ ။
ကိုးကား - အေအက်ဖ်ပီ


