ဒေါ်ယဉ်ယဉ်(စစ်တက္ကသိုလ် အငြိမ်းစားဆရာမကြီး)
ပွင့်တော်မူပြီးသော ဘုရားရှင်တိုင်း တရားဦး ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့ကြပါသည်။ အဓိက ရည်ရွယ်ချက်မှာ “လူတစ်ယောက်တိုင်း နေ့စဉ်ဘဝမှာ ဒုက္ခနှင့် ဒုက္ခမှ လွတ်မြောက်ဖို့၊ အပါယ်ပိတ်ဖို့၊ သံသရာ ရပ်ဖို့နှင့် နိဗ္ဗာန်ဝင်ခွင့်ရစေဖို့” ဖြစ်သည်။
ဤတရားတော်ကြီးသည် သဗ္ဗညုတဉာဏ်တော်ဖြင့်သာ ထုတ်ဖော်သိရှိနိုင်သော လောကကြီး၏ သဘာဝ အစစ်အမှန်ကို လူနတ်ဗြဟ္မာတို့ သိရှိနားလည်အောင် ဟောကြားပေးသော သဘာဝတရားစစ်စစ်သာ ဖြစ်သည်။ မည်သည့်ဘာသာဝင်ဖြစ်စေ လူတစ်ယောက်တိုင်း သိသင့်သိထိုက်သော အမှန်တရားဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ အတွက် သီးသန့်ဟောကြားပေးသော တရားမဟုတ်ပါ။
ဗုဒ္ဓမြတ်စွာဘုရားသည် လက်ညှိုးတစ်ချောင်းထောင် ပြီး အနတ္တလောကကြီးကို ညွှန်ပြဖို့ အတ္တဝါဒထွန်းကား သော မဇ္ဈိမတိုင်းတွင် ပွင့်တော်မူခဲ့သည့်ဘုရား ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ယခင်ကရော ယခုပါ တစ်ခုတည်းသော အကြောင်းကိုသာ ဟောကြားသည်။ ၎င်းမှာ ဒုက္ခနှင့် ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်သည်။ ထို့ကြောင့် ဓမ္မစကြာ တရားတော်သည် ဒုက္ခစက်ကို ရပ်ဆိုင်းပြီး ဓမ္မစက်ကိုလည်စေသော တရားမြတ်ဖြစ်သည်။
ယနေ့ ဗုဒ္ဓဘာသာဝင်များမှာ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ပြီး ရွတ်ဖတ်ပူဇော်ခြင်းဖြင့် သာ ပြီးဆုံးသွားကြပါသည်။ အနှစ်သာရ အစစ်အမှန်ကို မသိကြပါ။ ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ဓမ္မစကြာတရားတော်၏ အနှစ်သာရများ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ပညတ်နှင့် ပရမတ် ဆက်စပ်၍ မသိနားမလည်နိုင်ခြင်း၊ ပဋိဝေဓဉာဏ်ဖြင့် အဓိပ္ပာယ်ဖော်ထုတ်နိုင်သော ပညာပျောက်ဆုံးနေခြင်းလည်း ဖြစ်သည်။
ယနေ့ ဝိမုတ္တိယုဂခေတ် ငါးရာနှစ် တစ်ကျော့ပြန် ရောက်ခဲ့ပါပြီ။ ဓမ္မစကြာ၏ အနှစ်သာရ အဖိုးတန်ရတနာ ကြီး ပေါ်ထွန်းလာခဲ့ပါပြီ။ သပ္ပုရိသ ဆရာကောင်းတွေ့အောင် ရှာကြဖို့ မြတ်ဗုဒ္ဓက အကြိမ်ပေါင်း ၁၉၇၂ ကြိမ် မိန့်ကြား တော်မူခဲ့ပါသည်။ သပ္ပုရိသ ဆရာကောင်းတွေ့ လျှင် ကိစ္စအားလုံးပြီးပါသည်။ ဝိဇ္ဇာ(အယူမှန် အမြင်မှန်)နှင့် စရဏ (အကျင့်မှန်)ပါ ပြီးပြည့်စုံကြလိမ့်မည်ဟု ဟောကြားခဲ့ပါသည်။
ဤဆောင်းပါးတွင် ဓမ္မစကြာ၏ မူရင်းအနှစ်သာရကို အကျဉ်းအားဖြင့် ပြည့်စုံအောင် တင်ပြပါမည်။ ဆက်လက် လေ့လာနိုင်ရန် မှီငြမ်းစာအုပ်များ၊ စီဒီတရားခွေများနှင့်လည်း မိတ်ဆက်ပေးပါမည်။ သပ္ပုရိသ ဆရာကောင်း ကိုလည်း ညွှန်ပြပေးပါမည်။ သဒ္ဓါတရားနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်များ ဤဘဝမှာပင် နိဗ္ဗာန်ဝင်နိုင်ကြစေရန် ရည်ရွယ်ပါသည်။
ဗုဒ္ဓမြတ်ဘုရားသည် ဘုရားဖြစ်တော်မူမည့်နေ့ အရုဏ်ဦးအချိန်ရောက်မှ ခန္ဓာနှစ်စုံကို ခွဲခြားသိမြင်ပြီး သစ္စာလေးပါး ကို ပိုင်းခြားနိုင်ခဲ့ပါသည်။ ထိုအခါမှ ငါဘုရားဖြစ်ပြီဟု ကြေညာတော်မူခဲ့သည်။ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဝိမုတ္တိလမ်းကြောင်းသည် အပစယဂါ မိနော ဓမ္မလမ်းကြောင်းဖြစ်ပြီး လွယ်ကူသောလမ်း၊ နီးသောလမ်း ဖြစ်သည်။ သုခပဋိပ္ပဒါ ချမ်းသာသောလမ်း၊ ခိပ္ပဘိညာ လွယ်ကူလျင်မြန်သောလမ်း၊ ဒသနသံပဒါ သဘောတရား နားလည်သော လမ်း၊ ပညာဝိမုတ္တိပညာဖြင့် လွတ်မြောက်ပြီး နိဗ္ဗာန်ဝင်သောလမ်း ဖြစ်သည်။
သတိပဋ္ဌာန်လမ်းကြောင်းမှာ အာစရဂါမိနောလမ်း ကြောင်းဖြစ်သည်။ အိုနာသေ ခြားသောလမ်း၊ ဝေးသောလမ်း ဖြစ်သည်။ ရဟန္တာဖြစ်မှ နိဗ္ဗာန်ဝင်နိုင်ပါသည်။ ဓမ္မစကြာတရားတော်သည် ခန္ဓာနှစ်စုံကို နားလည်စေပြီး သစ္စာလေးပါးကို ပိုင်းခြားနိုင်စေရန် ဟောကြားပေးသော တရားတော်ဖြစ်သည်။
လူ့ဘောင်လောက၏ သဘာဝအစစ်အမှန်များကို အစုံစုံ နားလည်စေရန် မြတ်စွာဘုရားက ပရမတ္တတရား လေးပါးကို ဟောပါသည်။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် လေးပါး ဖြစ်သည်။ စိတ်နှင့် စေတသိက်ပေါင်းလျှင် နာမ်ဖြစ်ပါသည်။ လူတိုင်းသိကြသော စိတ်ဖြစ်သည်။ ရုပ်၊ နာမ်နှင့် နိဗ္ဗာန် ဖြစ်ပါသည်။ ကျန်သည့်တစ်လောကလုံး ဘာမှမရှိပါ။ အနတ္တဖြစ်ပါသည်။
ကိုးလလွယ် ဆယ်လဖွားသော သဘာဝခန္ဓာကြီးကို ပုဂ္ဂိုလ်သတ္တဝါ ခေါ်လို့ရပါသည်။ ဓာတ်ကြီးလေးပါး၊ ရုပ် စောင့်ဓာတ်၊ နာမ်စောင့်ဓာတ်တို့ ပါဝင်သည်။ ဖြစ်၊ တည်၊ ပျက်ပါ။ တစ်စက္ကန့်ကို ရုပ် ကုဋေ ငါးထောင် ဖြစ်ပျက်၊ နာမ် ကုဋေတစ်သိန်း ဖြစ်ပျက်ပါသည်။ သဘာဝခန္ဓာ၏ ဒုက္ခများကို ဘုရား၊ ရဟန္တာများပင် သည်းခံပြီး ပြုစုထား ကြပါသည်။ ဤသဘာဝခန္ဓာကို သစ္စာဖွဲ့ပြီး တရားမဟောကြားပါ။
နောက်ခန္ဓာတစ်ခုက မျက်စိပေါ်မှာပေါ်လာသည့် တစ်ဖက်လူ၏ ပုံရိပ်ခန္ဓာဖြစ်ပါသည်။ တစ်ဖက်လူ၏ခန္ဓာ ဟာ မှန်ထဲမှာပေါ်သလို မျက်စိထဲမှာလည်း ပေါ်ပါသည်။ တစ်ဖက်လူ၏ သဘာဝခန္ဓာက ရှိတော့ရှိပါသည်။ ဒါပေ မယ့် ကျွန်မတို့မြင်ခွင့်ရသည့် မျက်စိထဲက သူ့ရဲ့ ပုံတူ အရိပ်ခန္ဓာဟာ အရိပ်ခန္ဓာ ဥပါဒါန်ခန္ဓာ ဖြစ်သည်။ အသက် မရှိပါ။ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပါ။ သူ၊ ငါဟု မခေါ်နိုင်ပါ။ ဖြစ်ပြီး ပျက်သွားသည့်အရိပ် သုညသာ ဖြစ်ပါသည်။ ဥပါဒါန်ခန္ဓာ၊ အရိပ်ခန္ဓာ၊ သုညခန္ဓာကို သစ္စာဖွဲ့ပြီး ဟောကြားခဲ့သဖြင့် ဓမ္မစကြာတရားတော် ပေါ်ပေါက်လာခဲ့ပါသည်။
အသက်မပါသော ဥပါဒါန်ခန္ဓာ၊ အရိပ်ခန္ဓာ၊ သုညခန္ဓာ ကို သူ၊ ငါဟု အယူမှား အထင်မှားပြီး မှတ်ယူလျှင် သက္ကာ ယ ဒိဋ္ဌိဖြစ်ပါသည်။ အနိစ္စဒုက္ခ အနတ္တသာ ဖြစ်ပါသည်။
သက္ကာယကို နားလည်စေချင်သော စေတနာသည် ဘုရားရှင်တိုင်း၏ အကြီးမားဆုံး ကရုဏာဖြစ်သည်။ သက္ကာယကို သိရှိနားလည်လျှင် အပါယ်ပိတ်သည်။
သဘာဝခန္ဓာတွင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ပြတင်းတံခါး ခြောက်ပေါက် ပါလာခဲ့သည်။ မျက်စိတွင်ပေါ်သော အာရုံ၊ အရိပ်၊ ဥပါဒါန်ခန္ဓာတို့ကို ရှင်းပြခဲ့ပြီးပါပြီ။ ထိုနည်းတူ ကျန်သော နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စသည်တို့မှာလည်း ဖြစ်ပြီးပျက်သွားသော အရိပ်အာရုံ ဥပါဒါန်ခန္ဓာများသာ ဖြစ်သည်။
လူတစ်ယောက်တိုင်းသည် မွေးစမှ ဘဝပြောင်းချိန်အထိ အာရုံပြတင်းခြောက်ပေါက်မှ အာရုံများ၊ အရိပ်များ၊ သုညများ၊ ဥပါဒါန်ခန္ဓာများဖြင့်သာ ဆက်ဆံပြီး နေခွင့်ရသော ပညတ်ဘုံ လူ့ဘုံကြီးသည် အနတ္တလောကကြီး ဖြစ်သည်။ ကွယ်လွန်ခါနီးအချိန်တွင် မျက်စိများ၊ နားများ ချုပ်ပျက်သွားသော်လည်း စိတ်က နောက်ဆုံးအထိ ကျန်နေခဲ့ပါသည်။
ထိုနောက်ဆုံးအချိန်တွင် စိတ်မှာ ကံ၊ ကံမနိမိတ်၊ ဂတိနိမိတ်များက အာရုံဥပါဒါန်ခန္ဓာများအဖြစ် ပေါ်လာသည်။ မိမိလုပ်ခဲ့ဖူးသော ကောင်းကံ၊ မကောင်းကံနှင့် စွဲလမ်းနေသော ဥစ္စာပစ္စည်းများ၊ သားသမီးများ အရိပ်သဖွယ် ပေါ်လာသည်။ စိတ်မှာပေါ်လာသမျှ ဥပါဒါန်ခန္ဓာများ၊ အရိပ်များ၊ သုညများကို မြဲသောပညာအသိဖြင့် လွှတ်ချတတ်ရမည်။ အရှိဟုယူဆပြီး ဖက်တွယ်လိုက်မိပါက ဂတိနိမိတ်က ပြိတ္တာဘုံသို့ ပို့ပေးလိုက်ပါလိမ့်မည်။
မြတ်စွာဘုရားက မာလုကျပုတ္တ ရဟန်းကြီးကို "မျက်စိက မြင်ပြီးသည်နှင့် ချက်ချင်းပင် မြင်ခြင်းကိစ္စ ပြီးသွားပါပြီ၊ ဖြစ်ပျက်ပါ၊ ဘာမှ မရှိတော့တာမို့ ရပ်လိုက်ပါ၊ ဆက်မလိုက်ပါနှင့်"ဟု ဟောတော်မူပါသည်။ "ကျန် တဲ့ ကြားတာ၊ အနံ့ရတာတွေလည်းဖြစ်ပြီး ပျက်သွားပါပြီ၊ မရှိတော့ပါ၊ အရိပ်တွေ၊ သုညတွေပါ"ဟု ဟောကြားခဲ့ပါသည်။ ရဟန်းကြီး ရဟန္တာဖြစ်သွားခဲ့ပါသည်။
လူသားတွေကတော့ ထိုသို့ မကျင့်ကြံနိုင်ကြပါ။ မျက်စိကမြင်၊ နားကကြားလိုက်သည်နှင့် အရိပ်များ သုညများကို အစစ်လို့ ယူဆပြီး နှစ်သက်မှု၊ မနှစ်သက်မှု၊ ကိလေသာ၊ လောဘ၊ ဒေါသ၊ သုခ၊ ဒုက္ခများ တစ်မျိုးမဟုတ် တစ်မျိုး ပေါ်လာတတ်ပါသည်။ နှစ်သက်လို့ ယူလိုက်၊ တွယ်ငြိလိုက်လျှင် သက္ကာယဒိဋ္ဌိပါ။ မနှစ်သက်လို့ ပယ် လိုက်လျှင် ဥစ္စေဒဒိဋ္ဌိပါ။ အစွန်းနှစ်ဖက်တွင် တစ်ဖက်ဖက်သို့ ကပ်သွားတတ်ပါသည်။ ဘုရားရှင်ဟောကြားသော မဇ္ဈိမပဋိပဒါ အတိုင်း အလယ်မှာ အေးချမ်းတည်ငြိမ်စွာ မနေတတ်ကြပါ။ အယူမှား၊ အမှတ်မှားကြခြင်းသည် အဝိဇ္ဇာ မသိမှုကြောင့် ဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့် မြင်၊ ကြား စသည်တို့ ကြောင့် ပေါ်လာသမျှ ကိလေသာ လောဘ၊ ဒေါသ၊ အလို ဆန္ဒ၊ သုခ၊ ဒုက္ခ စသည်တို့သည် သမုဒယများ ဖြစ်ပေ သည်။ မျက်စိကလည်း မြင်ခြင်းကိစ္စကို ဆောင်ရွက်ခြင်းသည် သူ့ကိစ္စသာ ဖြစ်သည်။ နားကလည်း ကြားခြင်းကိစ္စကို ဆောင်ရွက်ခြင်းသည် သူ့ကိစ္စသာဖြစ်သည်။ စိတ်ကလည်း မြင်ပြီး၊ ကြားပြီး၍ မရှိတော့တာကို သိခွင့်ရနေတာ ဖြစ်သော်လည်း ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သုခ၊ ဒုက္ခတွေကို တုံ့ပြန်နေခြင်းသည် သူ့သဘာဝဖြစ်သည်။ ထိုဖြစ်စဉ် အားလုံးကို အာရုံဥပါဒါန်ခန္ဓာများ၊ အရိပ်များ၊ သုညများဟု ပရမတ္တပညာဖြင့် ဆက်စပ်နားလည် လက်ခံပြီး အေးချမ်းစွာ နေလိုက်ရမည်ဖြစ်သည်။ ထို့အတွက် လေ့ကျင့် ပေးရန် လိုပါသည်။
ကိလေသာများ၊ လောဘများ၊ ဒေါသများသည် သုညများ၊ ဖြစ်ပြီးပျက်ပြီး အရိပ်များဟု ကောင်းစွာ နားလည်ခဲ့လျှင် ပယ်ခြင်းကိစ္စ၊ ဖယ်ရှားခြင်းကိစ္စ၊ ဆောင်ရွက်စရာ ကိစ္စမရှိတော့ဘူးဆိုသည်ကို နားလည်ကြရပါမည်။ ဒုက္ခကင်းစွာ နေခွင့်ရပါမည်။
လူ့လောက ပညတ်ဘုံတွင် သမုဒယများဖြစ်သော အလိုများ၊ ဆန္ဒများ၊ လောဘများသည် ကိလေသာ ဖြစ် လာသောအခါ ဒုက္ခများ၊ သုခများကလည်း ဆက်လက်ရှင်သန်လာတတ်ကြသည်။ သို့သော် ထိုအရာများသည် အဖြစ်တရားသာဖြစ်၍ အရှိတရားမဟုတ်ဘဲ သုညသာ ဖြစ်သည်ကို အသိပညာဖြင့် နားလည်ကြပြီးဖြစ်သည်။ သုခ၊ ဒုက္ခစသော အတုများကို ပုထုဇဉ်တို့က အစစ်ဟု မှတ်ယူခံစားနေကြခြင်းကို ပုထုဇဉ်နော ဥမ္မာတကော (ပုထုဇဉ်အရူးတွေ)ဟု ဘုရားက ဟောခဲ့ပါသည်။
သမုဒယများသည် သဘာဝခန္ဓာကြီးကို ပူလောင် စေပြီး ဒုက္ခများ ဖြစ်ပေါ်စေပါသည်။ ပူလောင်သော၊ အေးမြသော ဝေဒနာတို့သည် အာရုံဥပါဒါန်ခန္ဓာဖြစ်ပြီး သုညသာ ဖြစ်သည်။ အဖြစ်တရားသာဖြစ်ပြီး အရှိတရား မဟုတ်ပါ။
သဘာဝခန္ဓာကြီး ပူခြင်း၊ အေးခြင်း ဝေဒနာများကို ငါဟုမြင်လျှင် အန္ဓပုထုဇဉ်၊ အပါယ်ခွင်လွတ်ရာ လမ်း မမြင်။
ဝေဒနာကို ဝေဒနာလို့ထင် ကလျာဏပုဂ္ဂိုလ်ပင်၊ အပါယ်ခွင်ဝေးကာမျှလောက်ပင်။
ဝေဒနာကို သဘာဝလို့ထင် အရိယာပုဂ္ဂိုလ်ပင်၊ လုံးဝလွတ်လျှင် နိဗ္ဗာန်မြင်။
သမုဒယများ၊ ဥပါဒါန်ခန္ဓာများ၊ မရှိတာများ၊ အရိပ်များ၊ သုညများ ဆိုသည်ကို နားလည်ကြပြီဆိုလျှင် ဒုက္ခ ဆိုတာလည်း ပေါ်လာစရာမရှိတော့ဘဲ သုညသာဖြစ်သည်။ ဒုက္ခသစ္စာများ၊ သမုဒယသစ္စာများ ဘာမှမရှိတော့၊ သမု ဒယောနတ္တိဖြစ်သည်။ လောကကြီးမှာ သမုဒယများ၊ ဒုက္ခများ မရှိတော့တဲ့အခါ အမြဲရှိနေသော အေးချမ်းငြိမ်း အေးသည့် အခြေအနေသာ ရှိပါတော့သည်။ နိရောဓော အတ္ထိဖြစ်ပါသည်။ ငြိမ်းအေးနေသော နိရောဓောအတ္ထိသည် နိဗ္ဗာန်ပင်ဖြစ်သည်။ ယင်းသို့ နားလည်သွားခြင်းသည် မဂ္ဂသစ္စာဖြစ်သည်။
သစ္စာလေးပါးကို ပိုင်းခြားနားလည်ခြင်းကိစ္စ ပြီးပါပြီ။ ဒုက္ခကုန်ဆုံးရာကိုလည်း နားလည်ကြပါလိမ့်မည်။ အစဉ် အမြဲ သုညကို နားလည်သွားလျှင် သစ္စဉာဏ်ပါ။ ကိုယ်ပိုင် ဆန်းစစ်၍သိလျှင် ကိစ္စဉာဏ်ပါ။ ဆန်းစစ်၍ သုညဖြစ် အောင် အားထုတ်စရာကိစ္စ ပြီးဆုံးပြီဟုသိလျှင် ကတဉာဏ်ပါ။ ကတဉာဏ်သို့ရောက်လျှင် နောက်ဆုံးဇာတိပါ။ တစ်ဦးတစ်ယောက်တိုင်း လွတ်မြောက်နိုင်ကြပါစေ။
(ကျေးဇူးကြီးမားသော သပ္ပုရိသ ဆရာကြီး ဦးမောင်မောင်အား ဂါရဝပြုပါ၏။ ဆရာကြီး ဦးမောင်မောင်၏ တပည့်သာဝကများ ရန်ကုန်တွင် များစွာရှိပါသည်။ လွယ်ကူစွာ စုံစမ်းဆက်သွယ်နိုင်ပါသည်။ စီဒီတရား ခွေများလည်း တစ်ပါတည်း ရရှိနိုင်ပါသည်။ စာရေးသူသည်လည်း စီဒီတရားခွေများကို ဓမ္မဒါနအဖြစ် လှူဒါန်းပေးနေပါသည်။)
ကိုးကား
(၁) ဥပါဒါန် ခန္ဓာကို ထိုးထွင်းသိမြင်ပြီး ကိုယ်ပိုင်ဉာဏ်ဖြစ်လျှင် သံသရာမှလွတ်ပြီ Captain ဦးတင်စိုး(Master Mariner) (ဗိုလ်မှူးအငြိမ်းစား)
(၂) ဓမ္မစကြာတရားတော် ပဋိဝေဓဉာဏ်အမြင်နှင့် စင်ကြယ်သောမနော၊ ဦးမောင်မောင် (ပျဉ်းမနား)
(၃) စင်ကြယ်သောမနောဖြင့် သံသရာမှ လွတ်မြောက်ခြင်း၊ ဗိုလ်မှူးသန်းထွန်း (ငြိမ်း)
(၄) ဒုတိယလမ်းကြောင်းဖြင့် ဤဘဝမှာပင် နိဗ္ဗာန်ဝင်၊ မင်းကျော်ဝင်း
(၅) ဓမ္မစကြာဒေသနာတော်ကို မြတ်ဗုဒ္ဓအလိုကျ ပဋိဝေဓဉာဏ်ဖြင့် ချဉ်းကပ်လေ့လာခြင်း
ဦးရဲမြင့်အောင်(ဖိလစ်ပိုင်သံအမတ်ကြီးဟောင်း)


