ဆူးငှက်
ဒီရက်ပိုင်း မန္တလေးနဲ့ အမရပူရအကြား ဧရာဝတီမြစ်ကမ်းဘေးက ရေဆိုးထုတ်စက်ရုံအနီးက မြို့ပတ်လမ်း တာရိုးကျိုးပေါက်မှုအပေါ် မြို့လူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေ များခဲ့ကြတယ်။ တချို့ကလည်း ကြားဖူးနားဝနဲ့ အကယ်၍ တာရိုးကျိုးမှုကို မတားဆီးနိုင်ရင် ဈေးချိုနာရီစင်အထိ ရေတွေလွှမ်းပြီး မြို့အနောက်ခြမ်း ရေနစ်မှာ လေလားလို့ တွေးပူကြတာလည်း ကြားရတယ်။ တကယ်တော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့ မန္တလေးမြို့အဖို့ မြစ်ရေကြီးချိန်ရောက်ရင် ဒီလိုစိုးရိမ်ခဲ့ကြတာ ရှေးကတည်းကပါ။ ရတနာပုံနေပြည်တော်ခေတ်မှ သည် ဒီကနေ့အထိ မြို့တာဝန်ရှိသူတွေအနေနဲ့ ရေကြီးရေမြုပ်ဒဏ်က ကင်းဝေးအောင် တတ်အားသရွေ့
ဆောင်ရွက်ခဲ့ကြပါတယ်။
မြေမြို့ရိုးကြီး
မန္တလေးရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းက သက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ စတင်တည်ထားပြီး သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (၂၃-၅-၁၈၅၉) မှာ မော်ကွန်းတင်ပြီးမြောက်တယ်။ ရတနာပုံနေပြည်တော်ရဲ့ ရွှေကြိုးသတ်နယ်မြေက တောင်မြောက် အလျားမိုင် ၃ဝ ခန့်၊ အရှေ့အနောက် အနံ ရှစ်မိုင်ခန့်ရှိတယ်။ ထီးနန်းစိုက်ရာ ရွှေမြို့တော်က တောင်မြောက် အလျားခြောက်မိုင်ခွဲနဲ့ အရှေ့အနောက်လေးမိုင်ကျော် ဧရိယာ ၂၅ စတုရန်းမိုင် ရှိတယ်။
ရှင်ဘုရင်စံတော်မူတဲ့ ရွှေနန်းတော်တည်ရှိရာကို တစ်ဖက်တာ ၆၀၀ (၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်) စီရှိတဲ့ မြို့ရိုးလေးဘက်နဲ့ ကာရံထားပြီး တံခါး ၁၂ ရပ်ရှိတယ်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက် ပေါင်း ၅၄ ရပ်ကွက်နဲ့ ဖွဲ့စည်းထားတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့အပြင် ဘေးပတ်လည် မှာလည်း ပုဂံခေတ်ကတည်းက ဆယ်ဖို့ထားတဲ့ကန်တွေ၊ သဘာဝအင်းတွေ၊ ကန်တွေ ချောင်းတွေရှိတာမို့ ရွှေမြို့တော် ရဲ့ လူနေရပ်ကွက်ပတ်လည်မှာလည်း မြေမြို့ရိုးကြီးတာဖို့ခဲ့တာ ရွှေမြို့တော်တည်စ ၁၂၂ဝ ပြည့်နှစ်က တည်းကပါပဲ။ အချိန်အခါအလျောက် လိုအပ်ရင် မြေမြို့ရိုးကြီးကို တိုးချဲ့ပြင်ဆင်ခဲ့ပြီး သုံးကြိမ်မြောက်ပြင်ဆင်ပြီး သက္ကရာဇ် ၁၂၃၇ ခုနှစ် နှောင်းတန်ခူးလ (၁၈၇၆ခု ဧပြီလ) မှာ တံခါး တော် ၅၇ ရပ်နဲ့တကွ နောက်ဆုံး တည်ဆောက်အပြီးသတ်ခဲ့ပါတယ်။
အီတလီ အင်ဂျင်နီယာတစ်ဦးက ညွှန်ကြားကြပ်မတ်
အပြင်မြေမြို့ရိုးကို မြို့ကြီးလို့ခေါ်ဝေါ်ပြီး အောက်ခြေ ထု ၁ဝတာ(ပေ ၁၁၀ ကျော်)၊ ထိပ်ပြင်အကျယ် ၆ တာ (၆၇ ပေနီးပါး)၊ အမြင့် သံ ၁၀တောင်(၁၆ပေ နီးပါး) ရှိပါတယ်။ အပြင်မြေမြို့ရိုးကြီး တည်ဆောက်တော့ ရွှေမြို့တော်မှာရှိ တဲ့ အီတလီ အင်ဂျင်နီယာတစ်ဦးက ညွှန်ကြားကြပ်မတ်ပြီး မြို့ဝန်ဦးပေစိက ကြီးကြပ်ကွပ်ကဲရတယ်။ လုပ်သားပေါင်း ၆၀၀၀၀ နဲ့ ရှစ်လကြာတည်ဆောက်ရတော့ လုပ်အားခအဖြစ် ၁တာ (၁၁ပေကျော်)ကို ၃ ကျပ် ပေးရသတဲ့။ မြေမြို့ ရိုးကြီးမှာ အရှေ့ဘက်မျက်နှာက တံခါး ၁၈ရပ်၊ တောင် မျက်နှာက တံခါး ၁၁ ရပ်၊ အနောက်မျက်နှာက တံခါး ၁၈ ရပ်၊ မြောက်မျက်နှာက တံခါး ၁ဝရပ်၊ စုစုပေါင်း တံခါး ၅၇ ရပ် ပါရှိပြီး အသွားအလာ အဝင်အထွက်များတဲ့ အရှေ့မျက်နှာ သုံးနေရာ၊ တောင်မျက်နှာ လေးနေရာ၊ မြောက်မျက်နှာ တစ်နေရာမှာ ပြည်သူတွေနားနေဖို့ အုတ်ဇရပ်ကြီး ရှစ်ဆောင်ကို ဆောက်လုပ်ပေးထားပြီး လာရောက်မယ့် ရဟန်းရှင်လူ ပြည်သူများအတွက် လက်ဖက်ရည်၊ အချို၊ ကွမ်းဆေး၊ လက်ဖက်ကအစ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန် အပြင် ဂီလာနများအတွက် သမားတော်အနှိပ်တော်တွေ ထားပေးတယ်။ တံခါးတွေမှာလည်း အစောင့်အကြပ်အနေနဲ့ တံခါးဗိုလ်တွေ တံခါးတစ်ပေါက် တစ်ယောက်ကျ ၅၇ ယောက် ခန့်ထားပေးတယ်။
အခု မြို့ရဲ့ အနောက်ခြမ်းက ရဲတပ်တို့၊ စက်ရိပ်တို့၊ ရေကြည်တို့၊ ပိုက်ကျုံးတို့၊ ဂေါဝိန်တို့၊ ပန်းဆက်တို့
အရပ်တွေက အနောက်ခြမ်း တံခါး ၁၈ ရပ်ထဲက တည်ရှိရာ တံခါးနေရာအမည်ကိုအစွဲပြုခဲ့တဲ့ ရပ်ကွက်တွေပါ။
မြို့အနောက်မြောက်ထောင့် တာရိုးက
အပြင်မြေမြို့ရိုးကြီး တည်ဆောက်ပြီးလို့ တစ်နှစ်ကျော်အကြာ ၁၈၇၇ ခုနှစ်မှာ အေလမ်းနဲ့ ဘီလမ်းကြား သင်္ဂဇာချောင်းအစပ် (အခု ထင်းဝင်းနေရာ)က တာကျိုးပြီး ရေလွှမ်းဖူးသတဲ့။ နောက် ၁၀ နှစ်နီးပါးအကြာ ဧရာဝတီမြစ် ရေက မကြုံစဖူးကြီးသတဲ့။ ဒါကြောင့် ၁၈၈၆ခုနှစ် ဩဂုတ် လ ၁၆ရက် တနင်္လာနေ့ ည ၇ နာရီလောက်မှာ မြို့အနောက် မြောက်ထောင့် တာရိုးက ပေ ၆၀လောက် ကျိုးပေါက်ပြီး ရေလွှမ်းခဲ့တယ်။ ရေအမှတ်က ၁၆ ပေကျော်ပြီး ရေတက်မြစ်ပြင်က ငါးမိုင်ကျော်ရှိတယ်။ လူ ၂၅ ယောက်ထက်မပိုတဲ့ အသက်ဆုံးရှုံးမှုလည်း ရှိတယ်။ အိမ်ခြေ ၈၀၀၀ ကျော် ရေမြုပ်ပြီး အိမ်အလုံး ၄၀ဝ က ရေတိုက်စား မျောပါ ပျက်စီးသွားတယ်။ ကုန်ပစ္စည်းတွေ လေးသိန်းဖိုးလောက် ရေမြုပ်ဆုံးရှုံးတယ်။
၁၂၃၂ ခုနှစ်မှာ ဖွားမြင်တော်မူပြီး နဝမမြောက်ရွှေကျင် သာသနာပိုင်သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး က အဲ့ဒီအချိန်က ၁၆ နှစ်သားအရွယ် ဝန်းကျင်ရှိပြီး ကိုယ်တွေ့ကြုံရတဲ့ မြစ်ရေတာကျိုးတဲ့ အတွေ့အကြုံကို ပြန်ပြောတော့ ၂၆ ဘီလမ်းနဲ့ ၈၃ လမ်းအထိ မြစ်ရေ ရောက်လို့ လှေနဲ့သွားလာကြရသတဲ့။ ဈေးချိုထဲမှာ ရေက ၂ တောင် ၃ တောင်ရှိပြီး အိမ်တော်ရာဘုရား ခြေတော်ရင်းထိ ရေရောက်သတဲ့။ အိမ်တော်ရာဘုရား အနောက်ဘက်က မိုးကောင်းတိုက်တို့ ခင်မကန်တိုက်တို့မှာ မြစ်ရေက ၄ တောင်လောက်ရှိသတဲ့။ ဦးပေစိဘုရားတံတိုင်းရေမြုပ်လို့ လှေတွေက တံတိုင်းဝင်တိုးကြသတဲ့။ မြို့အနောက်ခြမ်း ဘုန်းကြီးကျောင်း အားလုံးလိုလို ရေမြုပ်လို့ တိုက်မကြီး အပေါ်ထပ်တွေမှာပဲ နေကြရသတဲ့။ အဲဒီရေက တန်ဆောင်မုန်း လပြည့်ကျော်မှ ကျသွားတယ်လို့ ဆရာတော်ကြီးက မိန့်ခဲ့တာကို သတင်းစာဆရာ စာရေးဆရာကြီး လူထုဦးလှက ၁၉၇ဝ ပြည့်နှစ် ဇူလိုင်လ ၃ဝ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာမှာ “အင်္ဂလိပ်လက်အောက် ရောက်စ ကြုံတွေ့ ခဲ့ရတဲ့ မန္တလေးရေဘေး” အမည်နဲ့ ဆောင်းပါးရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရရဲ့ အစီအမံညံ့ဖျင်းလို့
၁၈၈၆ ခုနှစ် ရေဘေးမှာ အင်္ဂလိပ်အစိုးရရဲ့ အစီအမံညံ့ဖျင်းလို့ တာကျိုးပြီး ပြည်သူလူထု ဒုက္ခရောက်ရတယ်လို့ အပြစ်တင်ကြသတဲ့။ သတင်းစာတွေကလည်း ရေးကြသတဲ့။ ဒါကြောင့် မန္တလေးတာဝန်ခံအရာရှိတွေကို အထက် က ထုချေလွှာတောင်းတယ်။ မန္တလေးအင်ဂျင်နီယာချုပ် အိတ်ဂျေရစ်ချတ်နဲ့ အရေးပိုင်တွေ၊ ဥတ္တရဌာန ခရိုင်ဝန် ရှင်တော်မင်းကြီးစတဲ့ တာဝန်ရှိသူတွေက ဇွန်လကစပြီး မန္တလေးတာရိုးကို ဘယ်သို့ဘယ်ပုံ စောင့်ကြပ်ပြင်ဆင်ခဲ့ ကြသလဲဆိုတာ အသေးစိတ်အစီရင်ခံကြသတဲ့။ အင်ဂျင်နီယာချုပ်ကိုယ်တိုင် မြို့ဝန်ဦးပေစိနှင့်အတူ တာရိုး တစ်လျှောက် လိုက်လံစစ်ဆေးပြီး လက်ထောက်အင်ဂျင်နီယာတွေကို တာရိုးတစ်လျှောက် လုပ်ငန်းခွဲ တာဝန်ချထား တယ်။ တစ်မိုင်ကို အစောင့်နှစ်ယောက်နှုန်း တဲထိုးပြီး နေ့ညမပြတ် ရေကင်းချတယ်။ ပေါင်းမြက်ချုံနွယ်တွေရှင်းပြီး ကြွက်တွင်းတွေ ခြတွင်းတွေ ဖို့စေတယ်။ ဒီလိုပြုပြင်မှုတွေအတွက် ၁ မိုင်ကို ၃၅၈ ကျပ်နှုန်းနဲ့ ငွေပေါင်း ၂၉၆၄ ကျပ် သုံးစွဲခဲ့တယ်တဲ့။
ဒီလို တာကျိုးရေလျှံမှု ဖြစ်စဉ်နောက်မှာ အင်္ဂလိပ်အစိုးရက ကျိုးပေါက်သွားတဲ့ ရတနာပုံခေတ်က မြေမြို့ရိုး (တာရိုး)ကြီးကို ပြုပြင်မွမ်းမံဖို့ ကိစ္စမှာ သဘောထားတွေကွဲကြတယ်။ မန္တလေးအင်ဂျင်နီယာချုပ် အိတ်ဂျေရစ်ချတ် ဦးဆောင်တဲ့ စုံစမ်းရေးကော်မတီက တာရိုးကြီးကို ပြုပြင်မွမ်းမံပြီး ဆက်လက်ထားရှိဖို့ အစီရင်ခံတင်ပြတယ်။ ရတနာပုံခေတ်ရဲ့ ပြည်သူ့လုပ်အားနဲ့ ညီညွတ်ခဲ့မှု ပြယုဂ်အနေနဲ့ ထားရှိသင့်တယ်၊ ဒါ့အပြင် ငွေနှစ်သိန်းခွဲ အကုန် အကျခံပြီး အတွင်းတာရိုးအသစ်တစ်ခုလည်း ထပ်မံတည်ဆောက်သင့်တယ် ဆိုတာမျိုး တင်ပြတယ်။ ဥတ္တရဌာန ခရိုင်ဝန်ရှင်တော်မင်းကြီး ဘားဂျက်က တာရိုးကြီး ဆက်လက်ထားရန် မသင့်လို့ တင်ပြတယ်။ အခုပြင်ပြီးပေမယ့် နောင်တစ်ချိန် ရေတက်ချိန်မှာ ပြန်ကျိုးဦးမှာပဲ၊ မြန်မာဘုရင်က ရေဘေးထက် အင်္ဂလိပ်ဘေးကိုကြောက်လို့ မြေမြို့ရိုးဖို့ခဲ့တာမို့ ဒီတာရိုးက သဘာ၀ဘေးသာမက လူမသမာတွေရဲ့ဘေးလည်း မကာကွယ်နိုင်ဘူးလို့လည်း စောဒကတက်တယ်။
နောက်ထပ်တာရိုးတစ်ခု ထပ်မံတည်ဆောက်
နောက်တော့ ဒီတာရိုးဟာ ရတနာပုံခေတ်က မြို့ရဲ့ လေးဘက်လေးတန် မြေမြို့ရိုးအသွင် ကာရံခဲ့ပေငြား အနောက်ဘက်အခြမ်းက ဧရာဝတီမြစ်ရေအတွက် ထိရောက်တဲ့ကာကွယ်မှုရှိတာမို့ လက်ရှိအတိုင်း ပြန်လည် ပြုပြင်ရုံသာမက နောက်ထပ် တာရိုးတစ်ခု ထပ်မံတည်ဆောက်စေခဲ့ပါတယ်။ ရေကြည်တံခါးလို့ခေါ်တဲ့ ကျွဲစွန်းကမြောက်ကို ရတနာမဉ္ဇူ ထီးတန်ဆောင်း၊ ၁၂ လမ်း အနောက်ထိပ်မှသည် ညောင်ကွဲကွေ့အထိ တည်ဆောက်ခဲ့တဲ့ တာရိုးပါပဲ။
ဒီနောက်ပိုင်း ရတနာပုံခေတ်ကမူ မြေမြို့ရိုးကြီးရော၊ အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့တဲ့ တာရိုးကြီးရော မြို့ရေဘေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့တယ်။ နှစ်စဉ်ရေကြီးချိန်ရောက်တိုင်းလည်း တာရိုးတစ်လျှောက် စစ်ဆေးပြီး ပြုပြင်တာတွေ အရေးပေါ်အခြေအနေအတွက် ရေကင်းစောင့်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ရေကြီး ချိန်ကာလရောက်ရင် မန္တလေးသားတွေအဖို့ ညနေစောင်းတာနဲ့ မြစ်ရေကြည့်ဆိုပြီး မိသားစုလိုက် မြစ်ဆိပ်ကမ်းနား တစ်လျှောက် အလည်အပတ်သွားကြတာများ ဂေါဝိန်ဆိပ်ကနေ မရမ်းခြံဆိပ်အထိ ပွဲတော်ကြီးတမျှပါပဲ။ မြစ်ဆိပ် ကမ်းနားတစ်လျှောက်က ရပ်ကွက်တွေကလည်း ကြုံမြဲဓမ္မတာမို့ ပူပူပန်ပန် မရှိလှပါဘူး။ ထူးကဲစွာ မြစ်ရေတက်တဲ့ ကာလတွေမှာတော့ တာရိုးမျက်နှာပြင်အပေါ်ထိ ရေက ကျော်လုလုဆိုရင် သတိထားကြရပါပြီ။ မြို့ရဲ့ တောင်ဖျား မြောက်ဖျား နေရာတွေကနေ ရေလျှံရေကျော်ပြီး တာကျိုးတတ်တာကိုး။ ဒီလိုအချိန်ဆို ကောလာဟလတွေဖြစ်တတ် တယ်။ ညကြီးသန်းခေါင်မှာ တာရိုးကျိုးပြီဆိုတဲ့ သတင်းမျိုးပေါ့။ ဒါပေမယ့် တကယ်မဟုတ်ခဲ့ပါဘူး။
မြို့ပတ်လမ်းစီမံကိန်း
၁၉၉၇ ခုနှစ်မှာတော့ မန္တလေးအနောက်ခြမ်းမှာ မြစ်ကမ်းဘေးက ရပ်ကွက်တွေ ဖယ်ရှားရှင်းလင်းပြီး ရှစ်လမ်းသွား မြို့ပတ်လမ်းစီမံကိန်းကို အကောင်အထည်ဖော်တယ်။ အရင်က မြို့တောင်ဖျား မြောက်ဖျားရေလျှံကွင်း နေရာတွေမှာလည်း လူနေရပ်ကွက်ကြီးတွေ ပေါ်ပေါက်လာတယ်။ ဒီတော့ ရတနာပုံတံတားသစ်မှသည် မြောက်ဘက် ညောင်ကွဲ အိုးဘိုအထိ ဖောက်လုပ်ထားတဲ့ မြို့ပတ်လမ်းမကြီးကလည်း နောက်ထပ် တာရိုးအသစ် တစ်ခုအသွင် ထပ်မံပေါ်ပေါက်လာတာပါပဲ။ ဒီမြို့ပတ်လမ်း တာရိုးက မူလရတနာပုံခေတ် မြေမြို့ရိုးကြီးနဲ့ အင်္ဂလိပ်ခေတ် တာရိုးကြီးရဲ့ အစိတ်အပိုင်းတွေနဲ့ရော နေရာအတော်များများ ပေါင်းစပ်အသုံးပြုထားတာပါ။
တကယ်တော့ ရတနာပုံခေတ်ကာလ မြေမြို့ရိုးကြီး စတင်တည်ဆောက်ခဲ့တဲ့ ၁၂၃၇ ခုနှစ် (၁၈၇၆ခုနှစ်) မှသည် ယနေ့ မြို့သက် ၁၆၁ နှစ်အထိ ၁၈၈၆ ခုနှစ် အင်္ဂလိပ်လက်ထက်က တစ်ကြိမ်သာ မြစ်ရေကြီးကာလ တာရိုး ကျိုးပေါက်ပြီး ဈေးချိုကိုရေရောက်ကာ လှေစီးရသည်အထိ မြို့အနောက်ခြမ်း ဆိုးဆိုးရွားရွား ရေလွှမ်းခဲ့ဖူးတာ ကြုံတွေ့ခဲ့ဖူးပါသတဲ့။


