သံအမတ်ကြီးဒေါက်တာလှမောင် (ဘောဂ)

 

အဘယ့်ကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂုဏ်ပြုဘွဲ့ကို ခံယူခဲ့ကြရ ပါသနည်း။

 

အာဇာနည် ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး ဟူသည့် အမျိုးသားခေါင်းဆောင်ကြီး ၉ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူလူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရပါသည်။ ဖော်ပြပါ ခေါင်းဆောင် ကြီးများသည် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် အကြောင်းအချက်တစ်ခုတည်းကြောင့် အာဇာနည်ခေါင်းဆောင်ဘွဲ့ကို ခံယူခဲ့ရခြင်းမျိုး မဟုတ်ဘဲ အာဇာနည် ခေါင်းဆောင်ကြီးများတွင် ရှိသင့်ရှိထိုက်သော အရည်အချင်းများနှင့် ပြီးပြည့်စုံသည့် ပုဂ္ဂိုလ်ကြီးများဖြစ်၍ အာဇာနည်ခေါင်းဆောင် ဟူသည့်ဘွဲ့ကို လက်ခံ ရရှိခဲ့ကြခြင်းဖြစ်ပါသည်။ ။

 

၎င်းတို့၏ အတ္ထုပ္ပတ္တိများကို ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်မည်ဆိုပါက ၎င်းပုဂ္ဂိုလ်ကြီးများ၌ အာဇာနည်ခေါင်းဆောင်များတွင် ရှိသင့်ရှိထိုက်သော အောက်ဖော်ပြပါ အရည်အချင်းများ ပြည့်စုံ လုံလောက်စွာ ရှိနေကြောင်း တွေ့ရှိရပါသည်။

 

အမျိုးကိုချစ်တတ်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်ခြင်း၊

 

နိုင်ငံတွင် မျိုးချစ်စိတ်ဓာတ်ရှိသူများ ပေါ်ထွန်းလာစေရန်အဘက်ဘက်မှ သွန်သင်ဆုံးမ ပံ့ပိုးကူညီအားပေးခဲ့ခြင်း၊

 

သူ့ကျွန်ဘဝမှ လွတ်မြောက်လာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ခြင်း၊

 

ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အရေးကြုံလာပါက နိုင်ငံအတွက် အသက်ပေး၍ ကာကွယ် စောင့်ရှောက်လိုသည့် စိတ်ဓာတ်မျိုးရှိခြင်း၊

 

မြန်မာနိုင်ငံသား၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝရှိခြင်း။

 

ထို့ကြောင့်ပင် ယနေ့တိုင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သည်မှာ (၇၃) နှစ် ရှိခဲ့ပြီ ဖြစ်သော်ငြားလည်း နိုင်ငံတော်အစိုးရအဖွဲ့ဝင် အကြီးအကဲများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေး အဖွဲ့အစည်းအသီးသီးတို့နှင့်တကွ ပြည်သူလူထု တစ်ရပ်လုံးက အာဇာနည်နေ့ရောက်တိုင်း အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုခြင်း၊ ဂါရဝပြုခြင်းတို့ကို နှစ်စဉ်ဆောင်ရွက် လျက်ရှိနေကြခြင်း ဖြစ်ပါသည်။

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေး ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတ္ထုပ္ပတ္တိ တစေ့တစောင်း

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို တစေ့တစောင်းပြန်လည် စိစစ် သုံးသပ်ကြည့်မည်ဆိုပါက အထက်ဖော်ပြပါ အာဇာနည်ခေါင်းဆောင်ကြီးများတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်း ဂုဏ်ပုဒ်များနှင့် မည်သည့်အတိုင်းအတာအထိ ကိုက်ညီမှု ရှိ၊ မရှိကို သိရှိနိုင် မည်ဖြစ်ပါသည်။ ။

 

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို အကျဉ်းချုပ်၍ အောက်ပါအတိုင်းတင်ပြလိုပါသည်-

 

- ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။

 

- အသက်၇နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အသက် ၁၃ နှစ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားကာ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ပါသည်။

 

- ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်နှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်းတွင်ပါရှိသော “ The Hell - Hound at Large- ခွေးသရမ်း ကြီးလွတ်နေသည်” ဆောင်းပါးရေးသူကို ထုတ်ဖော်မပြော၍ တက္ကသိုလ်ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပါသည်။

 

- ၎င်းကိုအကြောင်းပြု၍ ၁၉၃၆ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ခဲ့ကြပါသည်။  

 

- ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်မြင်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ တက္ကသိုလ်သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဒုဥက္ကဋ္ဌ) အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

 

- ၁၉၃၈ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၃ဝဝ ပြည့်အရေးတော်ပုံကို ဦးဆောင်ပါဝင်ခဲ့ပါသည်။

 

- ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်မြို့၌ ကျင်းပသော ဒို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း၌ ဗြိတိသျှတို့အား မည်သို့မျှကူညီပံ့ပိုးမှုမပြုရန် အဆိုတင်သွင်းခဲ့သည့်အတွက် ၁၉၄ဝ ပြည့်နှစ်တွင် ဟင်္သာတခရိုင်ဝန်၊ မစ္စတာဇေဘီယာက ဆုတော်ငွေ ၅ ကျပ်ဖြင့် သခင်အောင်ဆန်းအား ဖမ်းဝရမ်းထုတ်ခဲ့ပါသည်။ ၎င်းကိစ္စမှာ လူထုခေါင်းဆောင်တစ်ဦးအား စော်ကားခြင်းဖြစ်၍ တစ်ပြည်လုံးက အစိုးရအား ရှုတ်ချပြစ်တင်ခဲ့ကြပါသည်။

 

- ၁၉၄၀ ပြည့်နှစ် ဩဂုတ်လတွင် ဟိုင်လီအမည်ရှိသော သင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးအတွက် စီမံကိန်းတစ်ခုကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲ၍ မတ်လ ၃ရက်နေ့တွင် ရုပ်ဖျက်လျက် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့ပြီး မျိုးချစ်လူငယ်များကို စည်းရုံးစုဆောင်းကာ ဂျပန်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက် ဟိုင်နန်ကျွန်း၌ ရဲဘော်သုံးကျိပ်ကို ဦးဆောင်၍ စစ်ပညာ သင်ကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို ဖွဲ့စည်းခဲ့ပါသည်။

 

- ၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဂျပန်တပ်မတော်နှင့် ပူးပေါင်းကာ ဗိုလ်တေဇခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မြန်မာနိုင်ငံသို့ ချီတက်တိုက်ခိုက်လာခဲ့ပြီး မတ်လ၈ ရက်နေ့တွင် ရန်ကုန်မြို့ကို သိမ်းယူခဲ့ပါသည်။

 

- ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

 

- ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို ပြန်လည်တော်လှန်ခဲ့ကြပါသည်။

 

- ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင်မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ထိုစာချုပ်အရ တောင်တန်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ညီလာခံခေါ်ယူပြီး လွတ်လပ်ရေး ရယူလိုကြောင်း သဘောတူ စာချုပ်ကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကြီးက ဗိုလ်ချုပ်မိန့်ခွန်းပါအတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရမည်ဟု ကြွေးကြော်ခဲ့ကြပါသည်။ ။

 

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးအတွက်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းဆောင်ရွက်ခဲ့သည့် “ဆိုရန်တိုဗီလာ” စီးပွားရေးစီမံကိန်း

 

မြန်မာနိုင်ငံသည် ဂျပန်ကြည်းတပ်၊ လေတပ်၊ ရေတပ်များက မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်တွင် တစ်ကြိမ်၊ အလားတူ အင်္ဂလိပ်တပ်များက မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့ချိန်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် စစ်မြေပြင်အဖြစ် အလူးအလဲခံခဲ့ရသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ များစွာထိပါး နစ်နာဆုံးရှုံးခဲ့ရပါသည်။

 

သို့ဖြစ်၍ မြန်မာနိုင်ငံ၏ စီးပွားရေးကို ဒုတိယကမ္ဘာစစ်မဖြစ်မီ စီးပွားရေး အခြေအနေသို့ ပြန်လည်တက်လှမ်းရောက်ရှိလာနိုင်စေရန် ကြိုးပမ်းဆောင်ရွက် ကြရန် အချိန်တန်ပြီဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်မြို့နယ်အရပ်ရပ်များတွင် လှည့်လည်ဟောပြောပြီး

နောက် ရန်ကုန်သို့ပြန်ရောက်လာသောအခါ နှစ်တိုနှစ်ရှည် စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ရန် လိုအပ်ပုံကို သုံးသပ်လျက် ညီလာခံကျင်းပပြီး ဆောင်ရွက်ရန် စီစဉ်ခဲ့ပါသည်။ ထိုသို့ ညီလာခံကျင်းပမည့်အမည်မှာ “ဆိုရန်တိုဗီလာ” ညီလာခံဖြစ်ပါသည်။ ညီလာခံကျင်းပမည့်ရက်ကို ၆-၆-၁၉၄၇ ရက်နေ့ဟု သတ်မှတ်ခဲ့ပါသည်။ ထိုသို့ညီလာခံ ကျင်းပမည့်နေရာမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်စည်ပင်သာယာရေး မင်းကြီး နေထိုင်ခဲ့သည့် ဆိုရန်တိုဗီလာ ခြံကြီးအတွင်းရှိ အဆောက်အအုံကို ညီလာခံ ကျင်းပရန် သတ်မှတ်လိုက်ပါသည်။ ထိုနေရာမှာ ဟံသာဝတီအဝိုင်းနှင့် ပြည်လမ်းထောင့်တွင် ရှိပါသည်။ ယခုအခါ ထိုပန်းခြံထဲတွင် ညီလာခံ ကျင်းပခဲ့သဖြင့် ဆိုရန်တိုဗီလာညီလာခံဟု သမိုင်းတွင်ရစ်ခဲ့ပါသည်။ ။

 

ထိုညီလာခံကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ ဆောင်ရွက်ရန် ၁၀ ရက်ခန့်သာ အချိန်ရရှိခဲ့ပါသော်လည်း ဗိုလ်ချုပ်၏ လမ်းညွှန်ထားမှုနှင့်အညီ ညီလာခံကျင်းပမည့်ရက်ဖြစ်သည့် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့ မတိုင်မီ ညီလာခံနှင့်ပတ်သက်သည့် ဖိတ်ကြားမှုအပါအဝင် ကိစ္စအဝဝတို့ကို အချိန်မီပြီးစီးစေရန် ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အပြီးအစီး ဆောင်ရွက်ပေးခဲ့ရပါသည်။ ။

 

အဆိုပါ ညီလာခံကျင်းပရေး ဗဟိုကော်မတီနှင့် စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့တို့၏ ဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်ကလည်းကောင်း၊ ဟင်္သာတ ဦးမြက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းဝန် ICs ဦးချမ်းသာက အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူထားပြီး ဝန်ကြီးဌာနအသီးသီး တို့မှ အတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ညီလာခံ အချိန်မီကျင်းပနိုင်စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြရပါသည်။

 

ညီလာခံတက်ရောက်လာကြမည့် ပုဂ္ဂိုလ်များအတွက် လုံခြုံရေးတာဝန် ဆောင်ရွက်ရန်ကိစ္စကို ဗိုလ်ချုပ်က တာဝန်မပေးခဲ့ပါ။ သို့သော် ၎င်းလုံခြုံရေးကိစ္စမှာ အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ် ဖြစ်သည်ဟု အတွင်းရေးမှူး ဦးချမ်းသာအနေဖြင့် ထင်မြင်ယူဆခဲ့သည့်အတိုင်း ထိုအချိန်က ရဲချုပ် ဦးအောင်ချိန်နှင့်တိုင်ပင်ပြီး အစည်းအဝေးကျင်းပမည့် အဆောက်အအုံ အတွင်းအပြင် နေရာအသီးသီးတို့တွင် လက်နက်ကိုင် ရဲဝန်ထမ်းများကို နေရာချထားပေးခဲ့ပါသည်။ ဗိုလ်ချုပ်က ၎င်းရဲများကို မြင်တွေ့သွားသည့်အခါ ဒါတွေမလိုပါဘူး ဟုပြောကြားလိုက်စဉ် ဦးချမ်းသာအနေဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရပါသည်။ နောက်ပိုင်းတွင်မူ လုံခြုံရေးတာဝန်ချထားသော ဝန်ထမ်းများ၏ လက်နက်များကို ဝှက်ထားစေပြီး အရပ်သားအဝတ်အစားများ ဝတ်ဆင်စေလျက် မသိလိုက် မသိဘာသာ လုံခြုံရေးတာဝန်များကို ချထားပေးခဲ့ရသည်ဟု ဖတ်ရှုမှတ်သား လေ့လာခဲ့ရပါသည်။ ။

 

ဗိုလ်ချုပ်အနေဖြင့် ၎င်း၏စိတ်ထဲတွင် အစဉ်စွဲမြဲထားသည်မှာ ၎င်းအနေဖြင့် ယခုကဲ့သို့ ကြီးလေးသော နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသူတစ်ဦးအား မိမိ၏ နိုင်ငံသားတစ်ဦးက အငြိုးအတေး ကြီးမားစွာဖြင့် လုပ်ကြံသတ်ဖြတ်လိမ့်မည်ဟု စိတ်ကူးထဲတွင် လုံးဝမရှိခဲ့ပါ။ ထို့ကြောင့်ပင်လျှင် ၎င်းတာဝန် ယူလုပ်ကိုင်ဆောင်ရွက်နေသည့် အတွင်းဝန်ရုံး ဂိတ်ပေါက်များတွင် လုံခြုံရေးရဲများ အစောင့်ထားရှိခဲ့ခြင်း မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ အာဇာနည် ခေါင်းဆောင်များအား မသမာသူတစ်စုက လုပ်ကြံသတ်ဖြတ်မှုကို ကြံစည်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ။

 

ဆိုရန်တိုဗီလာ စီးပွားရေး(၂)နှစ်စီမံကိန်း

 

အထက်ဖော်ပြပါ ဆိုရန်တိုဗီလာ ညီလာခံ၏အဓိက ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ် မတိုင်မီက အခြေအနေများကို လွတ်လပ်ရေးရလျှင်ရချင်း နှစ်တိုစီမံကိန်းဖြင့် အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ထိုညီလာခံတွင် လမ်းညွှန်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း တွေ့ရှိရပါသည် -

 

(၁) နေရေးထိုင်ရေးစရိတ် လျှော့ပေါ့ရေးကို စစ်မဖြစ်မီ နဂိုအခြေအနေသို့ ပြန်ရောက်သည်အထိ စီမံရန်၊

 

(၂) အလုပ်လက်မဲ့ဖြစ်နေသူ လူဦးရေလျော့သွားအောင်၊ ထို့အပြင်အလုပ်လက်မဲ့ လုံးဝ ပပျောက်သွားအောင် စီမံရန်၊

 

(၃) လမ်းပန်းဆက်သွယ်ရေး ပြန်လည်ထူထောင်ပြီး တိုးချဲ့ရန်၊

 

(၄) အိုးအိမ်များ ပြန်လည်ထူထောင်နိုင်ရန် စီမံရန်၊

 

(၅) ပညာရေးထူထောင်ရန်။

 

(၆) ပြည်သူလူထုကျန်းမာရေးအတွက် စီမံချက်ဖြင့်ဆောင်ရွက်ရန်၊

 

(၇) နိုင်ငံအုပ်ချုပ်ရေးကို စေတနာကောင်းစွာနှင့် သန့်ရှင်းကျေပွန်စွာ ထမ်းဆောင်ရန်၊

 

(၈) နိုင်ငံငြိမ်းချမ်းသာယာရေးကို ဆောင်ရွက်ရန်။

 

အဆိုပါ ညီလာခံသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ လပိုင်းအလို အကြီးကျယ်ဆုံး ညီလာခံဖြစ်ခဲ့ပါသည်။

 

အထက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ရေးဆွဲရမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စီးပွားတိုးတက်ရေး နှစ်နှစ် စီမံကိန်း အောင်မြင်စွာရေးဆွဲ အကောင်အထည် ဖော်နိုင်စေရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းအဖွဲ့ ငါးဖွဲ့ ဖွဲ့စည်း၍ ပြီးမြောက်အောင် ဆောင်ရွက်ကြပါရန် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ညွှန်ကြားခဲ့ပါသည်။

 

(၁) စာရင်း၊ အင်း၊ အကြောင်းအရာများ ရှာဖွေရေးအဖွဲ့၊

 

(၂) အကြံဉာဏ်များပေးသော စီမံကိန်းများရေးဆွဲသောအဖွဲ့၊

 

(၃) ငွေကြေးကိစ္စကို စိစစ်သောဘဏ္ဍာရေးအဖွဲ့၊

 

(၄) နည်းလမ်းရှာဖွေသောအဖွဲ့၊

 

(၅) စုပေါင်းစစ်ဆေး၍ စီမံကိန်းများကို ဆုံးဖြတ်အတည်ပြုသောအဖွဲ့။

 

ညီလာခံရက်မတိုင်မီ ညီလာခံကျင်းပရေးနှင့်ပတ်သက်၍ နေ့စဉ်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို အတွင်းရေးမှူး ဦးချမ်းသာနှင့် ဒုတိယဥက္ကဋ္ဌ ဟင်္သာတဦးမြတို့က ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ထံ တင်ပြပြီး လမ်းညွှန်မှုရယူခဲ့ ကြရပါသည်။ ညီလာခံ အောင်မြင်စွာကျင်းပရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အရပ်ရပ်တို့ကို ၁၀ ရက်အတွင်း နေ့ရောညပါ မအိပ်မနေကြိုးပမ်း ဆောင်ရွက်ခဲ့ကြရသည်ကို သိရှိရပါသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးကို ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်ကာလတွင် ရှိသော စီးပွားရေးအခြေအနေများ ပြန်လည်ဖော်ထုတ် အကောင်အထည်ဖော်နိုင်စေရန် ရည်ညွှန်း၍ ဒေသအသီးသီး၊ ဌာနအသီးသီး၊ အဖွဲ့ အစည်း အသီးသီးတို့တွင် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းအချို့တို့ကို အောက်ပါအတိုင်း ကောက်နုတ် တင်ပြအပ်ပါသည် -

 

“ကျွန်တော်တို့တိုင်းပြည်ကို ပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှိရင်လည်း (National Planning) ခေါ်တဲ့ အဲဒီစီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးရပင် ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။

 

“ဒီတော့ အဲဒီလွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် ၂၀ လောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင်၊ စကားခပ်ရိုင်းရိုင်းပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေက မှတ်မိတယ်။ စကားခပ်ရိုင်းရိုင်းဆိုရင် အတော့်ကို ပြဲအောင်ကြိုးစား နိုင်မှ၊ လုပ်နိုင်မှ အဲဒါအတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ၊ အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။ အဲဒီလိုမဟုတ်ဘဲ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနေမယ်ဆိုလို့ရှိရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင် မီမှာမဟုတ် ပါဘူး။

 

“ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄-၅-၁၀ လှမ်း လှမ်းနိုင်မှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ လှမ်းနိုင်မှ တန်းတူညီတူဖြစ်သွားမယ်။ တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့အတိအလင်း နားလည်ထားစေချင်တယ်။

 

“ကျွန်တော်တို့ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့် တစ်ခုရှိသလဲဆိုရင် ဒါကလည်းပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ ကိုနည်းနည်းရောက်တယ်ဆိုရင်ပဲ တက်ထောင်တယ်၊ ကြားတယ်။ တစ်ခါရှုံးတဲ့အခါ နောက်ကနေတဲ့လှေကလည်းပဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တက်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့်တိုင်းပြည် ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။ အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ်ရေးရရင်လည်း ၊ မြန်မြန်ပြန် ကျွန်ဖြစ်မှာပါပဲ။

 

“အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ပြောတယ်။ ဆီမရှိမစားနိုင်တာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက်သုံးနေ ကြသလဲ။ ဗုံးပေါလအော သုံးသလား၊ မသုံးဘူးလား။ ဈေးတွေသွားကြည့်စမ်း။ အိမ်တွေသွားကြည့်ပါ။ ခင်ဗျားတို့ဆီတွေကို ဗုံးပေါလအောသုံးနေတာ ခင်ဗျားတို့ စိတ်ထဲမှာ ဘာမှအရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလိုဗုံးပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကို နှစ်စဉ် နှစ်စဉ် ဆီတွေ အမြောက်အမြားသွင်းပြီး နေရတယ်။ နိုင်ငံခြားငွေတွေ ပေးနေရတယ်။”

 

 ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုရန်တိုဗီလာ၏ (၂) နှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်မှုအခြေအနေ

 

အထက်တွင်ဖော်ပြထားခဲ့သည့် စီမံကိန်းရေးဆွဲနိုင်ရန် ဖွဲ့စည်းထားသည့် စာရင်းအင်း အကြောင်းအရာ ရှာဖွေရေးအဖွဲ့စသည့် အဖွဲ့ကြီး ငါးဖွဲ့တို့အနေဖြင့် ရေးဆွဲထားသော စီမံကိန်းမူကြမ်းများကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းထားသော စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့ထံ ပေးပို့ခဲ့ကြရပါသည်။ ထိုစီးပွားရေး စီမံကိန်းအဖွဲ့သစ်က စီးပွားတိုးတက်ရေး နှစ်နှစ် စီမံကိန်း ကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလအတွင်း အပြီးအစီး ရေးဆွဲခဲ့ကြရပါသည်။ ထိုသို့ ရေးဆွဲထားသော စီမံကိန်းကို အစိုးရအဖွဲ့သို့ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် တင်ပြခဲ့ရာ အစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီးနောက် သက်ဆိုင်ရာ အစိုးရဌာနများက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရပါသည်။ ။

 

လုပ်ဖော်ကိုင်ဖက်အချို့တို့က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိစေရန်အတွက် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု ရှိခဲ့သော်လည်း နိုင်ငံ၏ စီးပွားရေးတိုးတက် ဖွံ့ဖြိုးလာစေရန်အတွက်ကိုမူ ကြိုးပမ်းအားထုတ်မှု စွမ်းဆောင်ရည် လျော့နည်းခဲ့သည်ဟု ထင်မြင်ယူဆမှုများရှိခဲ့ကြပါသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းများကို ကျေကျေလည်လည် ဖတ်ရှုလေ့လာခြင်း မရှိကြသည့်အတွက် ဝေဖန် ပြောဆိုနေကြခြင်းဖြစ်ပါသည်။

 

ဗိုလ်ချုပ်အနေဖြင့် ဆိုရန်တိုဗီလာ ညီလာခံခေါ်ယူပြီး နှစ်နှစ်စီမံကိန်း ရေးဆွဲခဲ့ရာ၌ လမ်းညွှန်ပြောကြားခဲ့သည်မှာ မိမိတို့အနေဖြင့် နိုင်ငံ၏ လွတ်လပ်ရေးကိုရအောင် နှစ်ရှည်လများ သွေး၊ ချွေးနှင့်ဇွဲတို့ကိုအရင်းခံကာ ဆောင်ရွက်ခဲ့ကြသဖြင့် တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိတော့မည်ဖြစ်ပါသည်။ ယင်းသို့ရရှိခဲ့သော လွတ်လပ်ရေးကို တည်တံ့ကြံ့ခိုင်စေရန်အတွက် စီးပွားရေး လွတ်လပ်ရေးကိုပါ ရအောင်ယူရပါမည်။ သို့မှသာလျှင် တိုင်းသူ ပြည်သားလူအများတို့ ညီညီမျှမျှ စီးပွားရေးအကျိုးကို ခံစားခွင့်ရရှိကြရ ပေမည်ဟု လမ်းညွှန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ။

 

နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုလျှင် စာရေးသူသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌာနတွင် စီမံကိန်း ရေးဆွဲရေးတာဝန်ကို ညွှန်ကြားရေးမှူးချုပ် အနေဖြင့် နှစ်ပေါင်း ၃၀ တိုင် တာဝန်ယူ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့စဉ် ဖ.ဆ.ပ.လ အစိုးရခေတ်မှ အစပြု၍ နှစ်ရှည်၊ နှစ်တို၊ နှစ်လတ်စီမံကိန်းများ ရေးဆွဲသည့်အခါတိုင်းတွင် ဖော်ပြပါ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့သည့် ဆိုရန်တိုဗီလာ နှစ်နှစ် စီးပွားရေး စီမံကိန်းကို အစဉ်အမြဲ ရည်ညွှန်းကိုးကားမှု ပြုခဲ့ရပါသည်။ ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် မြန်မာနိုင်ငံ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရည်မျှော်လျက် မကွယ်လွန်မီ လပိုင်းအချိန်ကာလအတွင်း စီးပွားရေး နှစ်နှစ်စီမံကိန်းကို ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာဂုဏ်ယူကျေးဇူးတင်ရှိရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။