အမျိုးသားစာပေဆုရ အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)
ပေ၊ ပုရပိုက်များဟူသော ဝေါဟာရကို ရှင်းလင်းဖော်ပြ သည့် ဆောင်းပါးမဟုတ်ပါ။ သရက်ချဉ် ပုရပိုက်အခေါ် အဝေါ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ် ရှိနေပါသဖြင့် လက်တွေ့ကွင်းဆင်းသုတေသနပြုမှတ်တမ်းတို့မှ အဖြေ ပေး ဆုံးဖြတ်နိုင်မည်ဖြစ်ပါ၍ ပေပုရပိုက်အကြောင်းကို နိဒါန်းသွယ်၍ တင်ပြအပ်ပါသည်။
ပေနှင့် ပုရပိုက်ကို မြန်မာနိုင်ငံတွင် မည်သည့်ခေတ် ကာလအချိန်တွင် စတင်ပေါ်ပေါက်အသုံးပြုခဲ့သည်ဟူ၍ တိတိကျကျ၊ မူရင်းပေချပ်၊ ပုရပိုက်လွှာများကို သက်သေ အထောက်အထားပြပြီး တင်ပြရန် ခဲယဉ်းပါသည်။သရေ ခေတ္တရာ၊ မှော်ဇာခင်ဘကုန်းမှ တူးဖော်ရရှိခဲ့သော ပေချပ် အသွင်သဏ္ဌာန်ရှိသည့် ရွှေချပ်ပေစာများက သမိုင်းခေတ် ကို ဖော်ပြနေပါသည်။ ထို့ပြင် ပုဂံခေတ်အနော်ရထာ ဘုရင် (သက္ကရာဇ်-၄၀၆) မတိုင်မီကပင် အရည်းကြီးတို့၏ ဘာသာစာပေများကို ပုရပိုက်နှင့် ရေးသားကြကြောင်းနှင့် ကြေးနီပုရပိုက်တွင်လည်း ရေးသွင်းထားကြောင်းကို မှတ်သားရပါသည်။
ဆရာ ဦးမောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ ၁၉၉၈ ခုနှစ် ပခုက္ကူ ဦးအုံးဖေစာပေဆုရ “မြန်မာတို့၏အမျိုးသားယဉ်ကျေးမှုအမွေ ပေစာပုရပိုက်’’ စာအုပ် စာမျက်နှာ(၂၁)တွင် သာသနာနှစ် ၆၂၉ ခုနှစ် သရေ ခေတ္တရာပြည် သုပညာနာဂရဆိန္ဒာမင်းလက်ထက် ဥတ္တမသီရိမထေရ်သည် ကပ္ပါရလင်္ကာရကျမ်းကို ပေထက် အက္ခရာတင်ခဲ့သည်ဟူ၍ လည်းကောင်း ယင်းစာအုပ်စာမျက်နှာ (၄၈)၌ မြန်မာသက္ကရာဇ် ၆၃၀-၆၆၂ ပုဂံခေတ် ရွှေကွန်ချာကျောက်စာ (စာအတွဲ၃-ဓာတ်ပုံ ၃၁၀/၁ - စာကြောင်းရေ ၃၀)၌ “ပုရပိုက်၊ ကန့်ကူ ဆံ” ဟုရေးသားထားသည့် အထောက်အထားကို လည်းကောင်း ရည်ညွှန်းပြဆိုထားပါသည်။
ပုရပိုက်အမျိုးအစား
ပုရပိုက်ကို ပုရပိုက်ဖြူနှင့် ပုရပိုက်နက်ဟူ၍ အရောင်အဆင်းပေါ်မူတည်ပြီး ခေါ်ဆိုကြသည်။
ပုရပိုက်အဖြူမှာ မိုင်းကိုင်စက္ကူကို ပြုလုပ်ကြသည်။ ပုရပိုက်အဖြူဟုခေါ်သော်လည်း အရောင်မှာ ဝါကျင့်ကျင့် ရှိသည်။ ဆေးရောင်စုံရေးနိုင်သည်။
ပုရပိုက်နက်
(၁)ရှမ်းပုရပိုက်၊ (၂) သရက်ချဉ်ပုရပိုက်၊ (၃) ဝါးရှာ ထိုးပုရပိုက်၊ (၄)ဝါးရိုးရိုးပုရပိုက်ဟူ၍ ခေါ်သည်။
ရှမ်းပုရပိုက်မှာ ရှမ်းလူမျိုးစက္ကူဖြင့်လုပ်သည်ကို အစွဲပြု၍ခေါ်သည်။ ယင်းပုရပိုက်ကို ထမင်းရည်၊ မီးသွေး မှုန့်များရော၍ သုတ်လိမ်းခြင်းဖြင့် ပုရပိုက်နက်ကို ရနိုင် သည်။ ထို့ကြောင့် ပုရပိုက်နက်၏ စက္ကူသားမှာ ပုရပိုက် ဖြူကဲ့သို့ နူးညံ့ခြင်း၊ ရောထွေးခြင်းမရှိနိုင်ပေ။
ရှမ်းပုရပိုက်၊ ဝါးရှာထိုးပုရပိုက်၊ ဝါးရိုးရိုးပုရပိုက် တို့သည် အသွင်ကွဲပြားခြင်း ထူးခြားမှုမရှိပါ။ ဝါးနှင့် ကောက်ရိုးတို့ဖြင့် ပြုလုပ်သည့်ပုရပိုက်များ ဖြစ်၍ ခြားနားခြင်းမရှိပါ။ ရှမ်းလူမျိုး၊ မြန်မာလူမျိုးတို့ ပြုလုပ် တတ်ကြသည်။ ကုန်ကြမ်းပြုလုပ်သည့် နည်းပညာပိုင်း အဆင့်ဆင့်တို့တွင် အနုစိတ် အသေးစိတ်မပြုလုပ်သဖြင့် ပုရပိုက်ဖြူ၊ ပုရပိုက်နက်တို့မှာ အရည်အသွေးအားဖြင့် ကွဲပြားသွားရခြင်း ဖြစ်သည်။
သရက်ချဉ်ပုရပိုက်
ရှမ်းပုရပိုက်ကို ရှမ်းပြည်နယ်မှ ထွက်သောကြောင့် ခေါ်သည်။ သရက်ချဉ်ပုရပိုက်ကိုမူ သရက်ချဉ်ပင်ဖြင့် လုပ်ရသည်ကို အစွဲပြုခေါ်သည်ဟု ပုဂံဝန်ထောက်မင်း ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းပေါင်းချုပ် (စာ-၆၁၃) တွင် ဖော်ပြပါရှိသည်။ ယင်းသို့ သရက်ချဉ် ပုရပိုက်ကို သရက်ချဉ်ပင်ဖြင့် ပြုလုပ်သည်ဟူ၍ မြန်မာ့ စွယ်စုံကျမ်းအတွဲ (၁၀)၌ လည်းကောင်း၊ ၁၉၉၁ခုနှစ် စာပေဗိမာန်စာမူဆု ‘ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ စာပေ’ ဒုတိယဆုရ ဦးမြတ်ကျော်၏ “မြန်မာ့ရိုးရာ အမွေ အနှစ်ရှေးဟောင်းပေ၊ ပုရပိုက်’’စာအုပ်တွင်လည်း ကောင်း၊ ဆရာနန်းညွန့်ဆွေ၏ ၁၉၉၄ ခုနှစ်နိုဝင်ဘာလ ထုတ် ငွေတာရီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် “ရွှေစာပုရပိုက်”ဆောင်းပါး၌လည်းကောင်း ရေးသားကြသည်ကို ဖတ်ရှုရပါသည်။ ယင်းစာအုပ်ဆောင်းပါးများတွင် ရေးသားထားသော သရက်ချဉ်ပင်မှဖြစ်သော သရက်ချဉ် ပုရပိုက်ဟူ၍ ဖော်ပြပါရှိသည်မှာ ပုဂံဝန်ထောက်မင်း ဦးတင်၏ မြန်မာမင်းအုပ်ချုပ်မှုစာတမ်းကို ကိုးကား ရည်ညွှန်းမှု အငွေ့အသက်မကင်းဟု ယူဆရပါသည်။
ယင်းသို့ပညာရှင် ဆရာတစ်ဆူ၏အဆိုအမိန့်ကို မငြင်း ပယ်ကောင်းသော်လည်း စာရေးသူ၏ ဘဝပတ်ဝန်းကျင် စာပေလေ့လာချက်အရ သရက်ချဉ်ပုရပိုက်သည် သရက်ချဉ် ပင်မှပြုလုပ်သည်ဟူသည့် ယူဆချက်ကို ဘဝင်မကျမိပေ။ သို့သော် အထက်ပါပြုစုရေးသားဆိုမိန့်ကြသည့် ဆရာကြီး များနှင့် ကျွန်တော်မှာ စာပေပညာအရာ၌ မိုးနှင့် မြေကြီး ပမာကွာခြားလှသည်ဖြစ်၍ ထင်မြင်ယူဆချက်ကို ဖော်ပြ နိုင်ရန် မတတ်သာပါ။
၁၉၉၃ ခုနှစ် ဆောင်းဦးကာလတစ်နေ့တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးမြတ်စိုး၊ ရန်ကုန်တက္ကသိုလ် များ ဗဟိုစာကြည့်တိုက် ပေ၊ ပုရပိုက်ခန်းမှူး ဦးမောင်မောင် သိန်းတို့နှင့်အတူ စာရေးသူတို့ စကားစပ်မိရာမှ ပေ၊ ပုရပိုက် အကြောင်းရောက်သွားပါသည်။ စာရေးသူက သရက်ချဉ် ပုရပိုက်သည် သရက်ချဉ်ပင်မှ ပြုလုပ်ခြင်း မဟုတ်ပါကြောင်း၊ ရှမ်းလူမျိုးများ ပြုလုပ်သောကြောင့် ရှမ်းပုရပိုက်ခေါ်သလို၊ မြန်မာပြည်တွင်အရပ်ဒေသ ထွက်ကုန်၊ မန္တလေးထိုးမုန့်၊ ပုသိမ်ထီး၊ ပုသိမ်ဟာလဝါ၊ ပြလို့ပြောင်းဖူး၊ ကျောက်ကာ ထည်၊ သရက်မလိုင်လုံး၊ အင်းလေးလုံချည်၊ အင်းမလုံချည် စသည်တို့ကို ဒေသအစွဲပြု၍ ခေါ်ဝေါ်ကြပါကြောင်း၊ သရက် ချဉ် ပုရပိုက်မှာမူ သရက်ချဉ်ပင်ဟူ၍လည်း မရှိပါကြောင်း၊ စလင်းမြို့နယ် သရက်ချဉ်ကျေးရွာမှပြုလုပ်သဖြင့် သရက် ချဉ် ပုရပိုက်ဟုခေါ်ပါကြောင်း၊ သရက်ချဉ်ကျေးရွာတွင် ရှေးအခါက ပုရပိုက်ပြုလုပ်သည့်နေရာကို ပုရပိုက်တန်း ဟု ခေါ်ပါကြောင်း၊ ယခုအခါ ရွာအဖြစ်တည်ရှိနေပြီး ဆရာ ကြီး ဆင်ဖြူကျွန်းအောင်သိန်း၏ဇာတိ ရမ်ဘိုကုန်းရွာသစ်နှင့် နီးကပ်နေသည့်ရွာဖြစ်ပါကြောင်း၊ ဆင်ဖြူကျွန်းအောင်သိန်း မှလည်း သရက်ချဉ်ရွာကို အစွဲပြု၍ သရက်ချဉ်ပုရပိုက်ဟုခေါ်ဆိုသည်ဖြစ်ပါကြောင်းနှင့် သရက်ချဉ်ပုရပိုက်ကို အုန္နဲ ပင်ခေါက်မှပြုလုပ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။
စလင်းမြို့နယ်သို့ ကွင်းဆင်း
သရက်ချဉ်ပုရပိုက်ကို သရက်ချဉ်ပင်မှပြုလုပ်သည်ဟု ဆိုမိန့်ရာတွင် သရက်ပင်ဟူ၍ မြန်မာ့စာပေဝေါဟာရတွင် သုံးသည့် သရက်ပင်အမျိုးအစားမှာ သရက်သီးကိုစွဲ၍ အမည်သညာကွဲပြား ခေါ်ဝေါ်ထားကြသော်လည်း သရက် ချဉ်ပင်ဟူ၍ မကြားဖူးပါ၊ မတွေ့ရဖူးပါ။ ထို့ပြင် သရက်ပင်၏ အခေါက်သည် အစေးအလွန်များသည်။ သစ်စေးပြုလုပ်ရာတွင်သာအသုံးဝင်သည်။ ပျော့ဖတ်ပြုလုပ်ရန် မလွယ်ကူ ပါပေ။ အခေါက်ယူရာတွင်လည်း ပင်စည်ထက် ကိုင်းဖျား ကိုင်းနား အခက်အလက်မှသာအခေါက်ခွာယူ၍ ပြုလုပ်ခြင်း က လွယ်ကူသည်ဟု ယူဆရပါသည်။ သရက်ပင်အမျိုးအစား တွင် ချဉ်သောအပင်နှင့် ချိုသောအပင်ဟူ၍သီးခြားမရှိပါ။ သရက်သီးနုစဉ်တွင် ဖန်၏၊ ရင့်လျှင်ချဉ်၏။ မှည့်သော အခါ ချို၏။ ယင်းတို့မှာ သဘာဝပင်ဖြစ်သည်။ သရက်ချဉ်ပင် ဟု သီးသန့်ခေါ်ဝေါ်ခြင်း မရှိပါဟူ၍လည်း ဆရာနှစ်ဦးက ပြန်လှန်ဆွေးနွေးသုံးသပ်ကြပါသည်။
ကနဦးကတည်းကပင် သရက်ချဉ်ပုရပိုက်ကို သရက် ချဉ်ပင်မှ ပြုလုပ်သည်ဆိုသည့် အယူအဆကို လက်မခံ ချင်သော ဦးမြတ်စိုးနှင့် ဦးမောင်မောင်သိန်းတို့က လေ့လာ ရာလမ်းစ ပေါ်သည်ဖြစ်၍ တက္ကသိုလ်များဗဟိုစာကြည့်တိုက် မှူး ဦးသော်ကောင်းထံတင်ပြခွင့်ပြုချက်ရယူပြီး စာရေးသူ နှင့်အတူ စလင်းမြို့နယ် သရက်ချဉ်ကျေးရွာသို့ ကွင်းဆင်း ခဲ့သည်။
စလင်းမြို့နယ် သရက်ချဉ်ကျေးရွာသို့ ရောက်သည့်အခါ သရက်ချဉ်ကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးထွန်းဝနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းဆရာတော်တို့က ကူညီကြပါသည်။ သရက်ချဉ်ရွာ၏ တောင်ဘက်ရှိ ပုရပိုက် တန်းဟုခေါ်သည့် အိမ်ခြေ ၂၀ ကျော်ခန့်ရှိသောအစုတွင် ရှေ့မီနောက်မီအဘိုးအဘွားများနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ ပုရပိုက်တန်းရွာ အသက် (၇၀)ကျော် ဦးဖိုးထွားက ကိုယ်တိုင်လုပ်ကိုင်ခဲ့ခြင်း မရှိသော်လည်း မိဘများ၏ ပုရပိုက်လုပ်ငန်းများကို တွေ့ခဲ့၊ မြင်ခဲ့၊ သိခဲ့သည်များ ရှင်းလင်းပြောပြခဲ့သည်ကို မှတ်သားရပါသည်။
သရက်ချဉ်ပုရပိုက်လုပ်ဆောင်ပုံ
သရက်ချဉ်ပုရပိုက်ဖြစ်လာရေးအတွက် ရှေးဦးပထမ စက္ကူပြုလုပ်နည်းမှာ မိုင်းကိုင်စက္ကူ၊ ရှမ်းစက္ကူ၊ ဝါးစက္ကူ များကဲ့သို့ပင်ဖြစ်ပါကြောင်း၊ ရှမ်းပုရပိုက်အတွက် ကုန်ကြမ်း မှာ ရှမ်းပြည်နယ်တွင် ပေါက်ရောက်သည့် “ဆား”ဟု ခေါ်သည့် အပင်ငယ်တစ်မျိုးပင်ဖြစ်သည်။ သရက်ချဉ် ပုရပိုက်ကိုမူ အုန္နဲ (Streblus asper Lour) အပင်၏ အခေါက်ဖြင့်ပြုလုပ်ကြောင်း သိရသည်။ အုန္နဲပင်သည် အမြဲ စိမ်းလန်းသော သဘာဝပေါက်ပင်ဖြစ်သည်။ လုံးပတ်နှစ်ပေ၊ သုံးပေခန့်ရှိပြီး အပင်လတ်ဖြစ်သည်။ အသားမှာ နူးညံ့၍ အဖြူရောင်ရှိသည်။ ဆေးလိပ်သောက်ဆေးနှင့် ရော၍ ဆေးရိုးအဖြစ်သုံးသည်။ အပင်အကိုင်းအခက်များကို ခုတ်၍ နုပ်နုပ်စဉ်းကာ မြေအိုး သို့မဟုတ် သံဒယ်အိုးနှင့် ပြုတ်သည်။ ရှမ်းပြည်နယ်တွင် “အုန္နဲ”ပင် အခေါက်ကို “ပြာ”ထည့်၍ ပြုတ်သည်။ သရက်ချဉ်ရွာတွင်မူ “သဲဆပ်ပြာ” ထည့်၍ပြုတ် သည်။ သရက်ချဉ်ရွာအနီးတွင် သဲဆပ်ပြာများကိုလည်း တွေ့ရှိရသည်။
အုန္နဲခေါက်ကို ရေနှင့်သန့်စင် ဆေးကြောပြီး နှစ်ရက်ခန့် နေလှန်းရသည်။ တစ်မနက်ခန့်ရေစိမ်ထားကာ ဆယ်ယူ၍ ပြုတ်အိုးဖြင့် ၅နာရီမှ၆နာရီခန့်ပြုတ်ရသည်။ ပြုတ်အိုးကို ချကာ အေးသောအခါ အရည်များကို သွန်၍ အခေါက်လွှာ များကို ဆယ်ယူရသည်။ ဆယ်ပြီးပြုတ်ဖတ်အလွှာများကို ရေနှင့် နိုင်နိုင်ဆေး၍ သန့်စင်ပြီးရေစိမ်ထားရသည်။
ယင်းပြုတ်ဖတ်များကို ပိတ်ဇာခြင်ထောင်စများဖြင့် ပေါင်ကျစ်ထားသည့် ဆန်ခါကွက်ပေါင်အတွင်း ညီညာစွာ ဖြန့်လျက် လက်ခတ်ဖြင့်ပွတ်တိုက်ပါ။ ဆန်ခါကွက်ပေါင်ချပ် ထက် ပတ်လည် တစ်ပေ-နှစ်ပေခန့်ကျယ်၍ ဇောက်နှစ်ပေ ခန့်ရှိသည့် ရေကန်ထဲသို့ချပြီး ညီညာစွာပြန့်ပြူးစေရန် ပေါင်ကို လှုပ်ခါပေးခြင်း၊ ရေထဲမှ အထက်အောက် မတင် ခြင်းဖြင့် စက္ကူချပ်ပြားသဖွယ် ဖြစ်လာသည်။ ထို့နောက် ရေစစ်ပြီး အခြောက်ခံထားပါက ပုရပိုက်စက္ကူထူထူရရှိသည်။ ထိုစက္ကူကို ရေစီးလွှာလိုက်ခေါက်၍ အသုံးပြုနိုင်ပါသည်။ ပုရပိုက်နက်ဖြစ်လာစေရန်အတွက် ပုရပိုက်ကို ထမင်းရည်၊ မီးသွေးမှုန့်ရော၍ သုတ်လိမ်းရပါသည်။
ရွာအမည်ကိုစွဲ၍ခေါ်သည်ဟု ရေးသားကြ
ကျွန်တော်တွေ့ရှိလေ့လာ မှတ်သားချက်များကို သရက်ချဉ်ပုရပိုက်သည် သရက်ချဉ်ပင်မှ ပြုလုပ်သည် မဟုတ်ဘဲ အုန္နဲပင်ကိုသာပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ် မေလထုတ် ငွေတာရီမဂ္ဂဇင်းတွင် ဖော်ပြရေးသားခဲ့ပါ သည်။ စာပေဗိမာန်စာတည်းမှူးချုပ် ဆရာမောင်ဆုရှင်ထံ သို့တင်ပြရာ ဆရာကစွယ်စုံကျမ်းအသစ် ပြန်လည်ထုတ်ဝေ သည့်အခါ ပြင်ဆင်ချက်ထည့်သွင်းရမည်ဟု သဘောထား မှတ်ချက်ပေးခဲ့ပါသည်။ ယခုအခါ ထွန်းဖောင်ဒေးရှင်း၏ အကူအညီဖြင့် စွယ်စုံကျမ်းအသစ်ကို ခေတ်နှင့်လျော်ညီအောင်ပြင်ဆင်ထုတ်ဝေမည်ဟု သိရပါ၍ ၂၉ - ၉- ၂၀၁၇ နေ့တွင် စာပေဗိမာန်စာတည်းမှူးချုပ်ထံ ထပ်မံ၍ တင်ပြ ခဲ့ပါသည်။
ကျွန်တော်နှင့်အတူ စလင်းမြို့နယ် သရက်ချဉ် ကျေးရွာသို့ ပေ၊ ပုရပိုက်လေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့ သည်။ ဦးမောင်မောင်သိန်း (ရန်ကုန်တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၊ မိုက်ခရိုဖလင်ဌာနစိတ်၌ စက်မှုလ/ထ (၁)ဓာတ်ပုံ ဆရာ)၏ ၁၉၉၇ခုနှစ် ပခုက္ကူဦးအုံးဖေစာပေဆု “ ပေပုရပိုက် မျက်နှာပြင်များပေါ်မှ လေ့လာတွေ့ရှိချက် များ’’စာအုပ်(စာ- ၇၀၊ ၇၁၊ ၇၂၊ ၇၃)နှင့် ၁၉၈၈ ခုနှစ်ပခုက္ကူ ဦးအုံးဖေ စာပေဆု မောင်မောင်ညွန့် (မန်းတက္က သိုလ်) “ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုအမွေ ပေစာပုရပိုက်’’ စာအုပ် (စာ-၈၇) တို့တွင် သရက်ချဉ်ပုရပိုက်ဟူသည် သရက်ချဉ်ပင်ကို ပြုလုပ်ခြင်းမဟုတ်ဘဲ သရက်ချဉ်ရွာက ပြုလုပ်ခြင်းကြောင့် ရွာအမည်ကို အစွဲပြု၍ သရက်ချဉ် ပုရပိုက်ဟု ခေါ်ဆိုကြောင်း ပြဆိုထားကြပါသည်။
ဆရာဦးမြတ်ကျော်၏ (၁၉၉၁ ခုနှစ် စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ စာပေဆုရ) စာအုပ်နှင့် ဆရာမောင်မောင်သိန်း၏ (၁၉၉၇ ခုနှစ် ပခုက္ကူ ဦးအုံးဖေစာမူဆုရ ပေပုရပိုက်မျက်နှာပြင်ပေါ်မှ တွေ့ရှိ ချက်များ) စာအုပ်၊ ဆရာဦးမောင်ညွန့် (မန်းတက္ကသိုလ်) ၏ (၁၉၈၈ ခုနှစ် ပခုက္ကူ ဦးအုံးဖေစာပေဆုရ မြန်မာတို့၏အမျိုးသားယဉ်ကျေးမှုအမွေပေစာပုရပိုက်စာအုပ်) တို့ တွင် နှိုင်းယှဉ်ကြည့်ပါက စာအုပ်တို့တွင် သရက်ချဉ်ပုရပိုက် အခေါ်အဝေါ်ကွဲလွဲနေမှုမှာ နောက်ဆုံးသုတေသနပြု တွေ့ရှိချက်များကို အလေးထား၍ နိုင်ငံတော်အဆင့်စာမူ ဆုနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ သရက်ချဉ်ပုရပိုက်သည် သရက်ချဉ်ရွာမှပြုလုပ်သည်ဟု အဆိုအမိန့်ကို လက်ခံ သည်ဟု ယူဆမိပါသည်။
အမည်ကွဲလွဲနေမှု
ယခုတစ်ဖန် ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ (စာ-၁၉/၂၀)တွင် သိပ္ပံစာရေး ဆရာ ကိုကိုအောင်ရေးသားသည့် ရှေးမြန်မာ့လက်မှု ပစ္စည်းများ (ပန်းတမော့၊ ပန်းပဲ၊ ပန်းတဉ်း၊ ပုရပိုက်) ဆောင်းပါး၌ -------
“ပုရပိုက်အဖြူနှင့်အနက်ဟူ၍ရှိရာ ပုရပိုက်အနက် တွင် ထုတ်လုပ်ပုံနှင့်အသုံးပြုသည့် ကုန်ကြမ်းကို လိုက်၍ လေးမျိုးရှိသည်။ ပထမအမျိုးအစားဖြစ်သော ရှမ်းပုရပိုက် မှာ ရှမ်းစက္ကူဖြင့် ပြုလုပ်ထားသော ပုရပိုက်ဖြစ်သည်။ အကြမ်းစားစက္ကူဖြစ်သော်လည်း တာရှည်ခံသည်။ ဒုတိယအမျိုးအစားမှာ သရက်ချဉ်ပုရပိုက်ဖြစ်ပြီး ပုရပိုက် ပြုလုပ်သော သစ်ပင်၏အမည်ကို စွဲ၍ခေါ်တွင်ခြင်း ဖြစ် သည်။ သရက်ချဉ်ပင်မှပုရပိုက် သို့မဟုတ်စက္ကူထုတ်လုပ် ထားကြောင်းသိသာသည်”ဟု ပြဆိုမှုကို မူရင်းအတိုင်း ဖတ်ရှုဖော်ပြအပ်ပါသည်။
ယင်းသို့သိပ္ပံစာရေးဆရာကိုကိုအောင်၏ “သိပ္ပံပညာ ရပ်ဖြင့် သုတေသနပြုရေးသားမှု၏ တွေ့ရှိတင်ပြချက်ကို ကျွန်တော်ဝေဖန်သုံးသပ်ခြင်း မပြုနိုင်လင့်ကစား ပညာ ရှင်များအနေဖြင့် သမိုင်းအယူအဆတစ်ခုအဖြစ် အမှန်ထင်မြင်ယူဆချက်ကိုဖော်ထုတ်ကြပါရန်ပန်ကြားအပ်ပါ သည်။ သို့မှသာ သမိုင်းဝင်ပုရပိုက် အမည်ကွဲလွဲနေသည့် ယူဆချက်တစ်ခုကို မျိုးဆက်သစ်များအတွက်အမှန်တရား ပေါ်ပေါက်အောင် ဆုံးဖြတ်သုံးသပ်ပေးကြရန်ကိုလည်း လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။ ။
ရည်ညွန်းစာအုပ်များ-
(၁) ပုဂံဝန်ထောက်မင်းဦးတင်- မြန်မာမင်းအုပ်ချုပ် ပုံ စာတမ်းနှင့်ဘိုးတော်ဘုရားကြီး၏ ရာဇသတ် ခေါ်သောအမိန့်တော်တမ်းကြီး (၅တွဲပေါင်းချုပ်) စိတ်ကူးချိုချိုစာပေ တတိယအကြိမ် ၂၀၁၂။
(၂) မြန်မာ့စွယ်စုံကျမ်း - အတွဲ (၁၀)- မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (၁၉၆၈)
(၃) ဦးမြတ်ကျော်- မြန်မာ့ရိုးရာအမွေအနှစ်၊ ရှေးဟောင်းပေစာပုရပိုက်စာ စာပေဗိမာန် ရန်ကုန် (၁၉၉၃)
(၄) ဦးမောင်မောင်သိန်း- ပေပုရပိုက်မျက်နှာပြင် ပေါ်မှ တွေ့ရှိချက်များ၊ စာပေဗိမာန်ရန်ကုန် (၂၀၀၀)။
(၅) ဦးမောင်မောင်ညွန့် - မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှုအမွေ ပေစာပုရပိုက်၊ (မန်းတက္ကသိုလ်)စာပေဗိမာန်ရန်ကုန် ( ၁၉၉၉)
(၆) သိပ္ပံစာရေးဆရာ ကိုကိုအောင်- ရှေးမြန်မာ့ လက်မှုပစ္စည်းများ (ပန်းတမော့၊ ပန်းပဲ၊ ပန်းတဉ်း၊ ပုရပိုက်) ဆောင်းပါး မြန်မာ့အလင်း သတင်းစာ (၁၉.၃.၂၀၂၀) စာ-၁၉/၂၀
(၇) အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)- နယ်ချဲ့ စစ်သားဆင့်ခေါ်မှုကို ဖော်ပြခဲ့သည့် ပုရပိုက်တစ်ဆူ (ဆောင်းပါး)၊ ငွေတာရီမဂ္ဂဇင်း (၅/၁၉၉၅)(စာ၇၅-၇၉)
မြန်မာ့အလင်း


