ဆွေဦးဝေ
ရန်ကုန်မြို့ဟာ ကိုဗစ်-၁၉ နဲ့ကြုံတွေ့ နေရတဲ့ကာလမှာ နေ့စဉ်လူမှုဘဝနေထိုင် စားသောက်တဲ့ ပုံစံတွေပြောင်းလဲမှု ရှိလာပါတယ်။ အစားအသောက်၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေပါမကျန် အွန်လိုင်းက ရောင်းဝယ်မှု တွေ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းလာပါတယ်။ မိမိ လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ပြီး လိုချင်တဲ့ပစ္စည်းကို မှာယူ လိုက်ရင် နေ့ချင်းရောက်ရှိလာတဲ့ စနစ်ကိုလည်း ရန်ကုန် မြို့နေပြည်သူတွေ နှစ်သက်လာကြတာ တွေ့နေရပါတယ်။ အခုဆိုရင် ရန်ကုန်မြို့မှာ အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေအပြင် ဟင်းသီးဟင်းရွက်တွေ လိုက်လံ ရောင်းချပေးမယ့် တောင်သူဈေးကားတွေ ထွက်ရှိလာပြီး ပြည်သူတွေကို ရောင်းချပေးနေပြီ ဖြစ်ပါတယ်။
လိုက်လံထောက်ပံ့ဖြည့်ဆည်း
ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ အခြေခံ စားကုန်ပစ္စည်းတွေကို ရန်ကုန်မြို့နေအခြေခံပြည်သူတွေအတွက် လိုက်လံထောက်ပံ့ဖြည့်ဆည်းပေးခဲ့တဲ့ ပရဟိတ အဖွဲ့တွေရှိပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ ဖြည့်ဆည်းပေးနိုင်ကြပေမယ့် ရေရှည်မှာ နေ့စဉ်ရက်ဆက် အတွက် အခက်အခဲရှိလာပါတယ်။ ဒီအခြေအနေကို တတ်နိုင်သမျှ ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံက တောင်သူတွေ အတွက် ထုတ်ကုန်သီးနှံတွေ ဈေးကွက်ရရှိစေဖို့ အခုလို ရန်ကုန်တောင်သူဈေးကားတွေကို စီစဉ်အကောင်အထည် ဖော်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ဒီလိုတောင်သူဈေးကားတွေ ရန်ကုန်မြို့မှာ ထွက်ရှိ ရောင်းချနိုင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ လုပ်ကိုင်ခွင့် လျှောက်ထားခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ရက်ကတည်းက ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာတော့ တောင်သူဈေးကား နှစ်စီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စမ်းသပ်ရောင်းချခဲ့ တာဟာ ပြည်သူတွေ
စိတ်ဝင်းစားမှုရှိခဲ့တာမို့ အခုဆိုရင် တောင်သူ ဈေးကား ခုနစ်စီးနဲ့ လိုက်လံရောင်းချမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
“တောင်သူတွေကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးကားနဲ့ရောင်းချခြင်းဟာ ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေနေအိမ်ကနေပြီး ဝယ်ယူ နိုင်သလို သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီး ဟင်းရွက်ဈေးကွက် တစ်ခုလည်း ထွက်ပေါ် လာအောင်ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) အတွင်းရေးမှူး ဦးကျော်သူက ပြောထားပါတယ်။
ရန်ကုန်မြို့မှာ ရန်ကုန်တောင်သူဈေးကား စတင်ရောင်းချခြင်းကိုတော့ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ စက်ဆန်းသိုလှောင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “တောင်သူကိုကူ ပြည်သူကိုလှူ’’ ဆိုပြီး ဥယျာဉ်ခြံတွေထဲက သီးနှံတွေကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ပြည်သူတွေဆီ ရောက်အောင်၊ တောင်သူတွေလည်း ထိုက်သင့် တဲ့ ဈေးနှုန်းရသွားမယ်”လို့ MFVP အသင်း ဥက္ကဋ္ဌက ပြောကြားပါတယ်။
ဈေးနှုန်းကြီးမြင့်တာတွေရှိ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို တောင်သူတွေတိုက်ရိုက်ရောင်းချတဲ့ ဈေးကွက် မရှိတာကြောင့် တစ်ဆင့်ခံပွဲစားတွေက တစ်ဆင့် စားသုံးသူထံသို့ ရောက်ရှိခြင်း ဖြစ်တာမို့ ဈေးနှုန်းကြီးမြင့်တာတွေ ရှိနေတာ ဖြစ်ပါတယ်။ အခုလို ရန်ကုန်တောင်သူ ဈေးကား စီစဉ်ပေးနိုင်တာက အဲဒီဈေးနှုန်း ကြီးမြင့်တာကို အထိုက်အလျောက် အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်တောင်သူဈေးကားပေါ်မှာတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အဓိကထားရောင်းချသွားမှာဖြစ်ပြီး ရေရှည် လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တောင်သူဈေးကားပေါ်မှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို သူ့အကန့်နဲ့သူထားရှိပြီး တောင်သူရောင်းချလိုတဲ့ ကုန်ပစ္စည်းတွေကို လူလိုက်စရာမလိုဘဲ MFVP က ယာဉ်မောင်း၊ ကြီးကြပ်မယ့်သူ၊ ရောင်းပေးမယ့် ဝန်ထမ်း တွေကို ငှားပေးထားတာ ဖြစ်ပါတယ်။ ဒီစရိတ် တွေကိုတော့ တောင်သူတွေက မျှဝေအကုန် အကျခံကြရမှာဖြစ်ပြီး လောလောဆယ်တော့ ကုန်ကျစရိတ်က အသေးစိတ် မတွက်ချက် ရသေးပါဘူး။
ပို့ကုန်ဈေးကွက်အထိ ရောက်ရှိ
ဒီလို ရန်ကုန်တောင်သူဈေးကားနဲ့ တိုက်ရိုက်ရောင်းချတာဟာ ရောင်းသူရော၊ ဝယ်သူရော အဆင်ပြေနိုင်စေပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းလက်ကား ဈေးကွက် ရော၊ ပြည်ပဈေးကွက်ရော ချဲ့နိုင်ရင် ပြည်ပ ပို့ကုန်ဈေးကွက်အထိ ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ နိုင်ငံခြားသားတွေ ဝယ်ယူနိုင်အောင် အထိ မျှော်မှန်းထားပြီး ဆောင်ရွက်နေတာ ဖြစ်လို့ အခက်အခဲတွေရှိပေမယ့် ကျော်လွှား နိုင်ဖို့တော့ လိုအပ်နေပါတယ်။
ပြည်တွင်း ဈေးကွက်ဖြစ်
ကိုဗစ်ကာလမှာ မြန်မာနိုင်ငံတောင်သူ တွေအနေနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံတွေ ဈေးကွက်ပျက်တာ တွေကြောင့် အခင်းလိုက်စွန့်ပစ်လိုက်ရတာ တွေ ပြည်ပဝယ်လက်တွေအခက်အခဲကြောင့် ကားအစီးလိုက် စွန့်ပစ်လိုက်ရတာတွေ ရှိခဲ့ တာမို့ အခုလို အစီအစဉ်ဟာ တောင်သူတွေ အတွက် အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်ဈေးကွက် ဟာ ကြီးမားပြီး ရန်ကုန်နဲ့ ဆက်စပ်နေတဲ့ ဈေးကွက်တွေလည်း ဖြန့်ဖြူးနိုင်တာမို့ တောင်သူတွေအားထားရတဲ့ ပြည်တွင်း ဈေးကွက်ဖြစ်ပါတယ်။
ရပ်တန့်ရောင်းချပေး
ရန်ကုန်တောင်သူဈေးကားကို ရန်ကုန် မြို့ရှိ အိမ်ရာများ၊ လူစည်းကားရာနေရာများနှင့် ဖိတ်ခေါ်ကမ်းလှမ်းလာတဲ့ နေရာတွေမှာ လာရောက်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ တစ်နေရာမှာအနည်းဆုံး နှစ်နာရီခန့်ကြာ အောင် ရပ်တန့်ရောင်းချပေးသွားမှာ ဖြစ်ပါ တယ်။ ဒီလို ရောင်းချတဲ့အခါမှာလည်း လက်ရှိ ဈေးတွေမှာ ရောင်းချနေတဲ့ လက်လီဟင်းသီး ဟင်းရွက် အရောင်းသမားတွေ မထိခိုက်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဦးစားပေးရောင်းချ
ရန်ကုန်တောင်သူဈေးကားမှာ ရောင်းချ တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဟာ တစ်ဆင့်ခံ လက်ကားဒိုင်တွေက လာတာ မဟုတ်ဘဲ တောင်သူစိုက်ခင်းထွက်ကုန် တွေကို တိုက်ရိုက်ရောင်းချတာမို့ ဝယ်ယူတဲ့ စားသုံး သူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်မှုနဲ့ ဈေးနှုန်းအတိုင်း ပစ္စည်းထိုက်ထိုက်တန်တန် ရရှိစေမှာဖြစ်တဲ့ အားသာချက် ရှိပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေမှာလည်း ဈေးကွက် ယူထားတဲ့ ပစ္စည်းတွေထက် ဈေးကွက် ပျောက်ပစ္စည်းတွေကို ဦးစားပေး ရောင်းချနိုင်ဖို့လည်း ဆောင်ရွက်လျက်ရှိပါ တယ်။
ရောင်းအားအပေါ်မူတည်ပြီး သတ်မှတ်
ဒါပေမယ့် ပုပ်သိုးလွယ်တဲ့ ကုန်စိမ်း တောင်သူတွေရဲ့ ပစ္စည်းတွေကို ဦးစားပေး ရောင်းချသွားမှာဖြစ်ပြီး တောင်သူကိုယ်တိုင် တိုက်ရိုက်ရောင်းချတာမဟုတ်ဘဲ MFVP ကို ကုန်ပစ္စည်းအပ်နှံပြီးလည်း ရောင်းချနိုင် ပါတယ်။ ကုန်စည်ဈေးနှုန်းကိုလည်း ဈေးကွက် ပေါက်ဈေးနဲ့ ရောင်းအားအပေါ်မူတည်ပြီး သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။
အခုဆိုရင် ရန်ကုန်မြို့မှာ တောင်သူ ဈေးကားတွေ ထွက်ရှိနေတာဖြစ်ပြီး ပြည်သူ တွေအနေနဲ့ ကိုယ့်အိမ်ရာဝင်းအတွင်းကပဲ ဝယ်ယူလို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ တောင်သူတွေလည်း အဆင်ပြေပြီး စားသုံး သူတွေလည်း ဝယ်ယူရတာမပင်ပန်းတာမို့ ရန်ကုန်တောင်သူဈေးကားတွေ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောင်းချနိုင်ရင် ရေရှည် မှာ အောင်မြင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း ( ယနေ့ရန်ကုန်)


