mdn

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာ ကိုကိုအောင်

 

ဗြိတိသျှမြန်မာပြည်၏ အဓိကထုတ်ကုန်များတွင် မြန်မာ့ သစ်က ဒုတိယအရေးအကြီးဆုံး ဖြစ်သည်။ စင်စစ်အား ဖြင့် ပြည်ပသို့ ကျွန်းသစ်တင်ပို့ရောင်းချသောလုပ်ငန်းမှာ ဆန်စပါးရောင်းဝယ်ရေးထက် ပို၍ရှေးကျသည့် အပြင် ပို၍လည်းအရေးပါသော လုပ်ငန်းဖြစ်ခဲ့သည်။ ဗြိတိသျှတို့လက်အောက်သို့ မရောက်မီ အစောပိုင်း ကာလကပင် မြန်မာ့ကျွန်းသစ်သည် ဥရောပဈေးကွက်၌ နာမည်ရခဲ့ပြီးဖြစ်သည်။ အိန္ဒိယကို ဗြိတိသျှက သိမ်းပိုက် ပြီးနောက် မီးရထားလမ်းများ ဖောက်လုပ်ရန်အတွက် မြန်မာ့သစ်မှာ အဝယ်လိုက်လာသဖြင့် ၁၈၆၀ ပြည့်နှစ်က အိန္ဒိယသို့တင်ပို့ရောင်းချသော သစ်တန်ချိန်နှင့် ဥရောပ သို့တင်ပို့ရောင်းချသော သစ်တန်ချိန်မှာ ပမာဏအတူတူ ဖြစ်ခဲ့သည်။ အိန္ဒိယမှ ကျွန်းသစ်ဝယ်ယူမှုက တစ်စတစ်စ တိုးတက်လာသဖြင့် စူးအက်တူးမြောင်းလမ်း မဖွင့်မီ ကပင်ကတည်းက ပြည်ပသို့ မြန်မာ့ကျွန်းသစ်တင်ပို့ ရောင်းချမှုလုပ်ငန်းက ကြီးထွားလျက်ရှိနေပြီဖြစ်သည့် အားလျော်စွာ စူးအက်တူးမြောင်းလမ်းပွင့်သည့်အခါ ပိုမို ဖွံ့ဖြိုးတိုးတက် လာခဲ့တော့သည်။

 

ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အပြင် မြန်မာ့ ကျွန်းသစ်ကို ဝယ်ယူကြသော အခြားနိုင်ငံများမှာ အင်္ဂလန်၊ သီဟိုဠ်၊ မောရစ်သျှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်ကြသည်။ ၁၈၈၃ ခုနှစ်အရောက်တွင် ဂျပန်နိုင်ငံသို့လည်း စတင်ရောင်းချခဲ့ရပြီး ပြည်ပသို့ မြန်မာ့သစ်တင်ပို့ရာ ဆိပ်ကမ်းမြို့ကြီးများမှာ ရန်ကုန်နှင့် မော်လမြိုင်တို့ ဖြစ်ကြသည်။ ဆန်စပါးက စက်မှုလက်မှု ကုန်ကြမ်းသီးနှံဖြစ်သကဲ့သို့ သစ်ကလည်း စက်မှုလက်မှု ကုန်ကြမ်း ဖြစ်သည့်အားလျော်စွာ သစ်ထုတ်လုပ်တင်ပို့ ရောင်းချမှု စည်ပင်ဖွံ့ဖြိုးတိုးတက်လာခြင်းသည် အရင်း ရှင်ကုန်ထုတ်လုပ်မှု (Capitalist Industry) တစ်ခု ဖွံ့ဖြိုး တိုးတက်လာခြင်းပင်ဖြစ်သည်။

 

ဗြိတိသျှမြန်မာပြည်၏ ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသော ပြည်ပထုတ်ကုန်တစ်ခုမှာ ဝါဂွမ်းပင် ဖြစ် သည်။ ဝါဂွမ်းသည် အောက်မြန်မာနိုင်ငံထွက် ကုန်ကြမ်း ပစ္စည်းမဟုတ်သောကြောင့် ကုန်သည်ပွဲစားတို့က အထက်မြန်မာနိုင်ငံသို့ တက်ရောက်ဝယ်ယူကာ ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချကြခြင်း ဖြစ်သည်။ မြန်မာ့ဝါဂွမ်းကို အများဆုံးဝယ်ယူသော နိုင်ငံ များမှာ တရုတ်ပြည်နှင့် အရှေ့တောင်အာရှ ကျွန်းဆွယ် နိုင်ငံများပင် ဖြစ်ကြသည်။ ဥရောပနိုင်ငံများ၊ အင်္ဂလန်၊ အီဂျစ်၊ စပိန်နှင့် မောရစ်သျှတို့ကလည်း မြန်မာ့ဝါဂွမ်းကို အနည်းငယ် ဝယ်ယူခဲ့ကြသည်။

၁၈၀၀ ပြည့်နှစ်နောက်ပိုင်း ကုန်သွယ်မှုအခြေအနေ

 

မီးသင်္ဘောများ ပေါ်ထွန်းလာခြင်းက ပြည်ပနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် ကြီးမားသောအထောက် အကူတစ်ရပ်ဖြစ်စေခဲ့သည်။ ရွက်သင်္ဘောများထက် ပို၍ လျင်မြန်သည့်အပြင် မိုးလေ၀သအခြေအနေကို ငံ့လင့် ရန်မလိုသဖြင့် အချိန်မှန်သည်။ မီးသင်္ဘောများ ပေါ်လာ ပြီးနောက် ဗြိတိသျှမြန်မာပြည်ခေါ် အောက်မြန်မာနိုင်ငံ နှင့် ဥရောပတို့၏ ကူးလူးဆက်သွယ်မှုက မြန်ဆန် သွက်လက်လာသည်။ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ကုန်တင်ခနှုန်းသည် ယခင်နှုန်း၏ ထက်ဝက်ခန့်အထိ ပင် လျော့နည်းသက်သာခဲ့သည်။ နိုင်ငံခြားပို့ကုန် တန်ချိန် သုံးဆကျော်တိုးတက်လာသဖြင့် ကမ်းရိုးတန်း တစ်လျှောက်တင်ပို့မှုကလည်းခြောက်ဆခန့် တိုးတက် လာခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် ကူးလူးဆက်သွယ် ရောင်းဝယ်မှုကလည်း ပိုမိုများပြားလာခဲ့သည်။

 

အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်လိုက် သော ၁၉ ရာစုအလယ်ကာလတွင် အနောက်ဥရောပ တစ်ခွင်၌ စက်မှုကိုအခြေခံသော ကုန်ထုတ်လုပ်မှု တော်လှန်ရေးနှင့် အရင်းရှင်ခေတ်ပြောင်းတော်လှန်ရေး များက ဆက်တိုက်ဖြစ်ပွားကာ အရင်းရှင်လောကသို့ အဆင့်ဆင့် ဝင်ရောက်လျက်ရှိနေကြပြီ ဖြစ်သည်။

 

အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီး ၁၈၂၆ ခုနှစ်မှစ၍ ရခိုင်နှင့် တနင်္သာရီတို့သည် ဗြိတိသျှစိုးမိုးမှုအောက်သို့ ရောက်ခဲ့ရသည့်အတွက် ထိုအချိန်မှစ၍ မြေပေါ် မြေအောက် သယံဇာတပေါကြွယ်လှသော မြန်မာ့မြေပေါ် တွင် နိုင်ငံခြားသားအရင်းရှင်များက အရင်းရှင်စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ဆောင်နိုင်ရန် အခြေချ ခဲ့ကြသည်။ ထိုစဉ်က စီးပွားရေးလုပ်ငန်းကြီးများမှာ မြန်မာ့ဆန်စပါးနှင့် ကျွန်းသစ်ကို ပြည်ပသို့တင်ပို့ရောင်းချ ခြင်း၊ နိုင်ငံခြားဖြစ် စားကုန်၊ ဝတ်ကုန်နှင့် သုံးကုန်ပစ္စည်း များကို ပြည်တွင်းသို့ တင်သွင်းရောင်းချခြင်း၊ တနင်္သာရီ ဒေသတွင် သတ္တုသိုက်များကို ရနိုင်သမျှရှာဖွေတူးဖော်ထုတ် လုပ်ခြင်းများ ဖြစ်ကြသည်။ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲ မဖြစ်ပွားမီကပင် နိုင်ငံခြားသားဆန်ကုန်သည်နှင့် သစ်ကုန် သည်များက စစ်တွေနှင့် မော်လမြိုင်တစ်ဝိုက်တွင်လည်း ကောင်း၊ သတ္တုကုန်သည်များက မြိတ်နှင့် ထားဝယ်တစ်ဝိုက် တွင်လည်းကောင်း ကျက်စားနေကြပြီ ဖြစ်သည်။ ထိုနိုင်ငံ ခြားသား ကုန်သည်များက အင်္ဂလိပ်အစိုးရထံ လိုင်စင် လျှောက်ထားကာ သစ်ထုတ်လုပ်ခွင့်နှင့် သတ္တုတူးဖော်ခွင့် များကို ရယူကာ လုပ်ငန်းအခြေချခဲ့ကြသည်။

 

ပို့ကုန်/သွင်းကုန်ကုမ္ပဏီများတည်ထောင်

 

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၅၂ ခုနှစ် နောက်ပိုင်းတွင် အောက်မြန်မာနိုင်ငံ တစ်ခုလုံးသည် ဗြိတိသျှတို့လက်အောက်သို့ ကျရောက်သွားခဲ့သဖြင့် နိုင်ငံ ခြားသား၊ ကုန်သည်ပွဲစားတို့အတွက် အခွင့်အလမ်းများ ပိုမိုလာကာ လုပ်ငန်းများ တိုးတက်ကျယ်ပြန့်လာခဲ့သည်။ ထိုအခါ လုပ်ငန်းတူ၊ အကျိုးတူ ကုန်သည်အချင်းချင်း စုစည်း ကာ အရင်းရှင်ကုမ္ပဏီကြီးများကို တည်ထောင်ခဲ့ကြသည်။ အရင်းအနှီးတောင့်တင်းခြင်း၊ လုပ်ငန်းကျွမ်းကျင်ခြင်း၊ အစိုးရ၏အားပေးကူညီမှုကို ရရှိခြင်းတို့ကြောင့် မြန်မာတို့ အကျိုးခံစားခွင့် မရှိသည့် မြန်မာနိုင်ငံ စီးပွားရေးကိုထင်သလို ခြယ်လှယ်နိုင်ခဲ့ကြသည်။

 

ရခိုင်တွင် ဆန်စပါးရောင်းဝယ်ရေးကို ပထမဦးဆုံး ကုမ္ပဏီ တည်ထောင်ကာ အခြေချလုပ်ကိုင်ခဲ့သော ကုမ္ပဏီ မှာ ဟယ်လီဒေးမက္ကမီလန်ကုမ္ပဏီ (Halliday Macmillan & Co.,) ဖြစ်ပြီး ၁၈၄၀ ပြည့်နှစ်တွင် စစ်တွေမြို့၌ ကုမ္ပဏီ တည်ထောင်အခြေချကာ ရခိုင်မှဆန်စပါးကို ပြည်ပသို့ တင်ပို့သောလုပ်ငန်းကို ချုပ်ကိုင်လုပ်ဆောင်ခဲ့သည်။ တနင်္သာရီဘက်တွင်လည်း အင်္ဂလိပ်လက်အောက် ကျရောက်ပြီးချိန်မှစ၍ နိုင်ငံခြားသား အရင်းရှင်များက တစ်စတစ်စ အခြေချလာခဲ့ကြရာ ၁၈၅၄ ခုနှစ်ဝန်းကျင်တွင် ကုန်သည်ကြီးများ၊ ကိုယ်စားလှယ်ကြီးများနှင့် ကုမ္ပဏီ များမှာ စုစုပေါင်း ၃၀ ခန့်ရှိနေပြီ ဖြစ်သည်။ ယင်းတို့အနက် ၁၆ ခုမှာ ကုန်သည်လုပ်ငန်းနှင့် ကိုယ်စားလှယ်လုပ်ငန်းကို လုပ်ကိုင်သော ကုမ္ပဏီများဖြစ်ကြပြီး သင်္ဘောကျင်းလုပ်ငန်း ကုမ္ပဏီ ငါးခု၊ ရေနွေးငွေ့သုံးသစ်စက်လုပ်ငန်းကုမ္ပဏီ ငါးခု၊ အာဒါလွတ်ဥ ဝယ်ယူရောင်းချသော ကုမ္ပဏီတစ်ခုနှင့် ကုန်ရောင်းကုန်ဝယ်လုပ်သော ကုမ္ပဏီနှစ်ခုတို့လည်း ပါဝင် ခဲ့ကြသည်။

 

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ဗြိတိသျှမြန်မာပြည် ၏ မြို့တော်ဖြစ်လာသော ရန်ကုန်တွင် အစောဆုံးအခြေ ချလာသော အရင်းရှင်ကုန်သည်ပွဲစားကြီးများနှင့် ကုမ္ပဏီ များမှာတော့ ဖင်ဒလေကုမ္ပဏီ၊ ဟယ်လီဒေးဘူးလော့ ကုမ္ပဏီ၊ အေစကော့ကုမ္ပဏီ စသည်တို့ ဖြစ်ကြသည်။ တော့ဖင်ဒလေကုမ္ပဏီကသစ်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများကို တွင်တွင် ကျယ်ကျယ်လုပ်ကိုင်ကာ ဆန်၊ သစ်၊ ရှားစေး စသော ပြည်တွင်းထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့၍ ပြည်ပမှ စားကုန်ဝတ်ကုန်နှင့် သုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို တင်သွင်းရောင်းချခဲ့သည်။ အထက်မြန်မာနိုင်ငံမှ ဝါဂွမ်း၊ ရေနံစသည့် ကုန်ပစ္စည်းများကိုဝယ်ယူပြီး မြန်မာဘုရင် အလိုရှိသော ကုန်ပစ္စည်းကြီးငယ် အမျိုးမျိုးကိုလည်း တင်သွင်းပေးခဲ့သည်။

 

ရန်ကုန်မြို့အခြေစိုက် ကုမ္ပဏီများ

 

အေစကော့ကုမ္ပဏီ (A- Scott & Co.,) သည် ၁၈၅၅ ခုနှစ်အတွင်းက ရန်ကုန်မြို့ ကုန်သည်လမ်း အမှတ် ၅၂၆-၅၃၂ တွင် အခြေချဖွင့်လှစ်၍ သေနတ်အမျိုးမျိုး၊ ယမ်း၊ ကာဘတ်၊ ယမ်းတောင့်၊ ငရဲမီးစသော လက်နက်ဆိုင်ရာ ပစ္စည်းအမျိုးမျိုးကို ရောင်းချခဲ့သည်။ အေစကော့မှတစ်ဆင့် ဝယ်ယူလျှင် ကိုင်ဆောင်ခွင့်လက်မှတ်ကို စီစဉ်ပေးမည်ဖြစ် ကြောင်းကိုလည်း ကြေညာခဲ့သည်။ အလားတူပင် J.F. Burnside ကလည်း သေနတ်၊ လက်နက်နှင့် ခဲယမ်း မီးကျောက်များကို အစိုးရ၏ခွင့်ပြုချက်ဖြင့် ရောင်းချသည်။ ကိုလိုနီခေတ် သက်တမ်းတစ်လျှောက်လုံးတွင် ဟာရှင် ကာဆင်ပတေးပိတ်ပဒုမ္မာတစ်ခွန်းတိုက်အမည်ဖြင့် အလွန် ထင်ရှားခဲ့သော ဟာရှင်ကာဆင်ပတေး ကုန်တိုက်သည် လည်း ၁၈၆၀ ပြည့်နှစ်ကပင် အခြေချတည်ထောင်ကာ ဖွင့်လှစ်ခဲ့သော ကုန်တိုက်ဖြစ်သည်။ နိုင်ငံခြားဖြစ် အဝတ် အထည်အမျိုးမျိုးကို တင်သွင်းရောင်းချခဲ့သော ကုန်တိုက် ကြီးဖြစ်သည်။

 

အဝတ်အထည်စသော နိုင်ငံခြားပစ္စည်းအမျိုးမျိုးကို ရောင်းချသောကုမ္ပဏီများနှင့် ကုန်တိုက်ကြီးများမှာ ၁၈၇၁ ခုနှစ်ခန့်တွင် ပိုမိုများပြားလာခဲ့ရာ ဟိတ်ကုမ္ပဏီ (Hegt & Co.,) နှင့် ရိုးကုမ္ပဏီ (Rowe & Co.,) တို့မှာ အထူးပင်ထင်ရှား ခဲ့သည်။ ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဖွင့်လှစ်ခဲ့သော ဟိတ်ကုမ္ပဏီက ခဲယမ်းမီးကျောက်၊ ယမ်းဘူး၊ ခဲအိတ်၊ ဆေးအမျိုးမျိုး၊ မှန်အမျိုးမျိုးမှစ၍ သက္ကလတ်နှင့် သက္က လတ်ထည်အမျိုးမျိုး၊ ဖလန်နယ်၊ တူရကီမှထွက်သော မျက်နှာသုတ်ပဝါ အကြီးအသေးအမျိုးမျိုး၊ ယောက်ျား ဆောင်းနှင့် မိန်းမဆောင်းဖဲထီး၊ ချည်သားပိတ်ထီးအမျိုးမျိုး၊ စားပွဲခင်း၊ J.T.B. တံဆိပ်ဂျင်အရက် စသည်တို့နှင့် အရည် သွေးကောင်းသော စိန်လုံးကြီးများကိုပင် ရောင်းချခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့ ကုန်သည်လမ်းတွင်ဖွင့်လှစ်သော ရိုးကုမ္ပဏီ၌လည်း အဝတ်အထည်အမျိုးမျိုး၊ ဇာအမျိုးမျိုး၊ ကော်ဇော၊ စက္ကူ၊ မင်အိုး၊ မှန်၊ သေတ္တာ၊ ယောက်ျားစီးနှင့် မိန်းမစီးနိုင်ငံခြား သားရေခြေစွပ်ဖိနပ် အမျိုးမျိုးတို့ကို ရောင်းချခဲ့သည်။

 

ကိုလိုနီခေတ် သက်တမ်းတစ်လျှောက်တွင် ထင်ရှား ခဲ့သော ဘင်းနင်းအင်ကုမ္ပဏီ (Binning & Co.,) ကလည်း ကိုလိုနီခေတ်ဦးကာလ ၁၈၇၉ ခုနှစ်တွင်အခြေချခဲ့သော ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့ အမှတ် ၆၂၅၊ ကုန်သည်လမ်း တွင် ကုန်တိုက်ကြီးဖွင့်လှစ်ကာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ အာမခံကိုယ်စားလှယ် လုပ်ငန်းများအပြင် နိုင်ငံခြားမှ ထုတ်လုပ်ရေးကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ်အဖြစ် ဖြင့်လည်း သံထည်၊ ကုန်မာပစ္စည်းအမျိုးမျိုး၊ အိုးခွက်ပန်း ကန်၊ ဖန်ထည်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စက်ပစ္စည်း အမျိုးမျိုးတို့ကို ရောင်းချခဲ့သည်။

 

၁၈၇၀ ပြည့်နှစ်လွန်ကာလက ရန်ကုန်မြို့တွင် နိုင်ငံ ခြားသားပိုင် စက်မှုလက်မှုလုပ်ငန်းနှင့် အလုပ်ရုံများလည်း ပေါ်ထွန်းလာခဲ့သည်။ ယင်းတို့အနက် ရန်ကုန်မြို့ ဘားလမ်း တွင် သောမတ်ပတ္တိစံ ဖွင့်လှစ်ခဲ့သော ရထားလုံးများနှင့် ပန်းပဲလုပ်သည့် အလုပ်ရုံ (Carriage Factory)မှာ အထူး ထင်ရှားပြီး၊ ထိုအလုပ်ရုံတွင် ရထားလုံးအမျိုးမျိုး၏ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးသုတ်ခြင်း၊ အရောင် တင်ခြင်း၊ ရထားကုန်းနှီး၊ မြင်းကုန်းနှီး၊ ဇက်ကြိုး၊ ပန်းပု၊ ပန်းပဲတို့နှင့်စပ်ဆိုင်သော အလုပ်အမျိုးမျိုးကို နေ့ည မပြတ် လုပ်ဆောင်ခဲ့သည်။ ဂလပ်စဂိုမြို့မှ လာရောက်သော ကျွမ်းကျင်သူ အလုပ်သမားတစ်ဦးက ကြီးကြပ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် ရန်ကုန်မြို့ တရုတ်တန်းပေ ၁၀၀ လမ်း၊ အိမ်အမှတ် ၃၅ တွင် Tho- mas Game ၏ အလုပ်ရုံရှိခဲ့ပြီး ထိုအလုပ်ရုံတွင် သေနတ် လက်နက်အမျိုးမျိုးကို ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ အရောင်တင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ရန်ကုန်မြို့ ဒါလဟိုဇီလမ်းတွင်လည်း ဘိလပ်ရည်လီမနစ် ထုတ်လုပ်သော Lemonade Factory တစ်ခုကို ဖွင့်လှစ်ခဲ့ သည်။

 

အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် ဆန်စပါး ရောင်းဝယ်ရေးကို ချုပ်ကိုင်လုပ်ဆောင်သော နိုင်ငံခြား သား ကုမ္ပဏီများထဲတွင် ဘူးလော့ဘရားသား၊ အလာမင် နှင့် စတီးစသည်တို့မှာ ဗြိတိသျှမြန်မာပြည် ခေတ်ဦးပိုင်း ကတည်းက တည်ထောင်အခြေချခဲ့ကြသော ထင်ရှား သည့် ကုမ္ပဏီကြီးများဖြစ်ကြသည်။ ဘူးလော့ဘရားသား ကုမ္ပဏီဆိုလျှင် ၁၈၄၀ ပြည့်နှစ်ကတည်းက စစ်တွေမြို့၌ ဟယ်လီဒေးမက္ကမီလန်ကုမ္ပဏီအမည်ဖြင့် အခြေချကာ ဆန်ရောင်းဝယ်ရေးကို ချုပ်ကိုင်လုပ်ဆောင်ခဲ့သည်။ အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းပိုက်ပြီးနောက် ၁၈၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ဟယ်လီဒေးဘူးလော့အင် ကုမ္ပဏီအမည်ဖြင့် ရှေးဦးအကျဆုံးကုမ္ပဏီကို တည် ထောင်ခဲ့သည်။ ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို အဓိက လုပ်ဆောင်ရင်းနောက်ပိုင်းတွင် ဘူးလော့ဘရားသား အင်ကုမ္ပဏီ အမည်ကိုခံယူကာ ရန်ကုန်၊ စစ်တွေ၊ ပုသိမ် နှင့် မော်လမြိုင်မြို့တို့၌ ဆန်စက်များကို တည်ထောင် ခဲ့သည်။ ကိုလိုနီခေတ် သက်တမ်းတစ်လျှောက်တွင် အောင်မြင်ကြီးပွားခဲ့ပြီး ကုမ္ပဏီပိုင်စက်ရုံများအတွက် သံရည်ကျိုသည့် အလုပ်ရုံများနှင့် စက်မှုအလုပ်ရုံများကို လည်းကောင်း၊ ကုမ္ပဏီပိုင်သင်္ဘောများအတွက် သင်္ဘော ကျင်းများကိုလည်းကောင်း တည်ထောင်နိုင်ခဲ့သလို ဆန်စက်များအတွက် လိုအပ်သော စက်အရန်ပစ္စည်းများ ကိုလည်း ထုတ်လုပ်ခဲ့သည်။ အခြားသော ကုမ္ပဏီကြီးများ နှင့် အာမခံကုမ္ပဏီများ၏ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဆန်စပါးလုပ်ငန်းဖြင့် ထင်ရှားကျော် ကြားသော နောက်ကုမ္ပဏီတစ်ခုမှာ အလာမင်အာရကန် ရိုက်စ်အင်ထရေးဒင်း ကုမ္ပဏီလီမိတက် (Ellerman Arracan Rice & Trading Co., Ltd.) ဖြစ်ပြီး ၁၈၇၆ ခုနှစ် က ရန်ကုန်မြို့၌ တည်ထောင်ခဲ့သည်။

 

စတီးဘရားသားကုမ္ပဏီ

 

ကိုလိုနီခေတ် သက်တမ်းတစ်လျှောက်တွင် မြန်မာ့ စီးပွားရေးနယ်ပယ်တိုင်း၌ မလွတ်တမ်းပါဝင်ပြီး ချုပ်ကိုင် လုပ်ဆောင်ခဲ့သော စတီးဘရားသားကုမ္ပဏီသည်လည်း ထိုခေတ်ဦးကာလကပင် မြန်မာ့မြေပေါ်၌ အခြေချခဲ့သော ကုမ္ပဏီဖြစ်သည်။ စတီးဘရားသားကုမ္ပဏီ၏ ဖခင်ဟု ဆိုရမည်ဖြစ်သော W. Starang Steel သည် ၁၈၆၂ ခုနှစ် က ကုန်တိုက်တစ်ခု၏ လက်ထောက်အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ စီးပွားရေးအမြင်ရှိသူ Starang Steel သည် ၁၈၇၀ ပြည့်နှစ်တွင်ပင် ကိုယ်ပိုင်လုပ်ငန်းကို စတင်နိုင်ခဲ့ပြီး စတီးဘရားသားအင် ကုမ္ပဏီလီမိတက်ကို တည်ထောင်ကာ ဗြိတိသျှမြန်မာပြည်ရှိ စီးပွားရေး လုပ်ငန်းတိုင်း၌ ပါဝင်လုပ်ကိုင်ခဲ့သည်။ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် သွင်းကုန်ထုတ် ကုန်လုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်ခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် ရန်ကုန်မြို့ ပုဇွန်တောင်၌ စတီးဘရားသားပိုင် ပထမဦးဆုံးသော ဆန်စက်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်တွင်ပင် မော်လမြိုင်၌ ဆန်စက်နှင့်သစ်စက်တစ်လုံး ကိုတွဲဖက်၍ တည်ထောင်ခဲ့ပြန်သည်။ ထို့နောက် ၁၈၇၅-၇၆ ခုနှစ်တွင် တနင်္သာရီရှိ မလီဝန်သတ္တုတွင်းကို လိုင်စင် ဖြင့် တူးဖော်ခွင့်ရရှိခဲ့သည်။ ဗြိတိသျှအစိုးရက ၁၈၆၈ခုနှစ် ခန့်မှစ၍ မြိတ်၊ထားဝယ်ဒေသများရှိ သတ္တုတွင်းများကို အင်္ဂလိပ်ကုမ္ပဏီများက လာရောက်တူးဖော်လုပ်ကိုင် ကြရန် ဖိတ်ခေါ်အားပေးခဲ့သည်။ ထိုစဉ်က ဒေသခံ တိုင်းရင်းသားများနှင့် တရုတ်လူမျိုးများက သတ္တုတူးဖော် ရေးကို သမားရိုးကျ နည်းများဖြင့်ပင် ခဲယဉ်းပင်ပန်းစွာ လုပ်ကိုင်လျက်ရှိနေကြချိန်ဖြစ်ပြီး အစိုးရ၏ ဖိတ်ခေါ် ချက်ကို စတီးဘရားသားကုမ္ပဏီက ပထမဦးဆုံးလက်ခံ ကာ စမ်းသပ်စွန့်စားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စတီး ဘရားသားကုမ္ပဏီက တူးဖော်လုပ်ကိုင်သော မလီဝန် သတ္တုတွင်းမှ ၁၈၇၅-၇၆ ခုနှစ်တွင် သံဖြူ ၂၇၇ ဟိန္ဒြိတ် တန်ဖိုးငွေ ၉၀၂ ပေါင်နှင့် ၁၈၇၆-၇၇ ခုနှစ်တွင် ၄၅၈ ဟန္ဒြိတ် တန်ဖိုးငွေ ၁၀၈၂ ပေါင်သာရရှိခဲ့ရာ တွက်ခြေ မကိုက်သဖြင့် စတီးဘရားသားက တူးဖော်ခွင့်လိုင်စင်ကို အစိုးရထံသို့ ပြန်လည်အပ်နှံခဲ့သည်။ ။