၁၅  ဩဂုတ်

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် ကရွတ်ခွေပါတဲ့”

“ဗျာ… ဘယ်လိုအဓိပ္ပာယ်လဲဆရာ ”

“ကရွတ်(ခွေ)ဆိုတာ အိုးအောက်ခံအခွေလို့ မြန်မာ အဘိဓာန် (၂၀၀၈)၊ စာမျက်နှာ ၅ မှာ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ ဆရာမကြီးဒေါ်(ခင်နှင်းယု)ရဲ့ ကရွတ်ခွေ ဆိုတဲ့ ဝတ္ထုတိုများစာအုပ်ကို ဖတ်ကြည့်ရင် ပိုပြီးရှင်းသွား ပါလိမ့်မယ်။ အဖွဲ့အနွဲ့အကြောင်း ဆရာမကြီးရဲ့ ရသစာပေ မှာ ရှာဖွေကြည့်ကြပါစို့။ ”

“စိတ်ဝင်စားပါတယ် ဆရာ”

“ကိုင်း.. ဒါဖြင့် ဖတ်ကြည့်ကြစို့”

မာတိကာ

ဆရာမကြီးဒေါ်(ခင်နှင်းယု) ရေးသားသည့် ကရွတ်ခွေ ဝတ္ထုတိုများစာအုပ်တွင် အောက်ပါဝတ္ထုတိုများ ပါဝင် သည်။ မလွမ်းသာ၊ လိုက်လို့သာအကြောင်းကြားချင်သည်၊ ကိုထွန်းမောင်၊ (၄) ဘွားအိုဇာ၏ ဆေးကြိမ်လုံး၊ ဪ… ဖဆပလ၊ မျက်ရည်၊ ထမင်း၊ အရက်၊ ကရွတ်ခွေ၊ ဂြိုလ်က ရယ်သည်၊ ထမင်းကပင် ပေါ၍နေသလား၊ ရေနွေးအိတ် တစ်လုံး၊ ကလေးလိုပဲ တွေးချင်တယ်၊ ကျွန်မတို့အမျိုး၊ တစ်ညငရဲနှင့် ဦးကျော်၊ ကျွန်တော်အလှည့်နှင့်မှန်သော အမှားစသည့် ဝတ္ထုတို (၁၅)ပုဒ်ပါဝင်သည်။

ထို့ပြင် လူ့စိတ်၊ ကန္တာနွေအောက်၊ တော၏သံဝေ၊ ခန္ဓာနှင့်ဝိညာဉ်၊ ပွဲတွေ့အလွမ်း စသည့် စာပဒေသာကဗျာ ၅ ပုဒ်လည်းပါဝင်သည်။ စိတ်ကူးချိုချို အနုပညာစာပေ တိုက်က ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထပ်မံ ရှာဖွေစုစည်းခြင်း (၁) အဖြစ် ထုတ်ဝေသည်။

ကရွတ်ခွေ

စာအုပ်အမည် ကရွတ်ခွေအကြောင်း ဦးစွာတင်ပြပါရစေ။ ကရွတ်ခွေဆိုတာဘာလဲ။ ကရွတ်ခွေဆိုတာ အိုး အောက်ခံအခွေလို့ မြန်မာအဘိဓာန်ကဖွင့်ဆိုခဲ့ပြီး ဖြစ်ပါ သည်။ ဆရာမကြီး ဒေါ်ခင်နှင်းယုကတော့ ကျန်းမာရေး မကောင်းသော ဒေါ်မေမေခင်အဖြစ် သရုပ်ဆောင်၍ ရေးပြထားသည်။ ဒေါ်မေမေခင်သည် ဆေးရုံတက်ပြီး ရောဂါနှင့်ပတ်သက်၍ ကြောက်ရွံ့ပုံကို ရေးသားထားသည်။

“အန်တီ သိပ်သတ္တိကောင်းတာပဲ” ဟု ဆရာဝန်ကြီးက ဆိုသည်။ သူသည် မေ့ဆေးပြယ်စ မျက်လုံးကို အားယူဖွင့် ချိန်တွင် ဆရာဝန်ကြီး၏ ချီးကျူးသံကို ကြားရသည်။ ဆရာဝန်ကြီး၏ မျက်နှာသည် မလှသော်လည်း ချိုပြုံး ၍ ကြည်လင်သည်။ တောက်ပသောမျက်လုံးများက လူနာကို အားတက်စေသည် (စာ-၁၆၈) ဟု ရေး သည်။

ဘဝဆိုတာ ကရွတ်ခွေပဲပေါ့

တကယ်တော့ ဘာမှတွေးနေစရာမလို။ ဘဝဆိုတာ ကရွတ်ခွေပဲပေါ့။ အရွှေ့ အမေမှာလည်း ဘဝနှင့်ပဲ။ အမေ့ ဘဝက ထမင်းရည်အိုးအောက်က ကောက်ရိုးကရွတ်ခွေ။ ပူလိုက်မည်ဖြစ်ခြင်း။ ဒီလိုနှင့် ဒီကရွတ်ခွေကလေး ဆွေးရပေသည်။

သူကကော ရေအိုးအောက်က ကရွတ်။ ရေအိုး အောက်ကဆိုတော့ ထမင်းရည်အိုးလိုတော့ မပူ။ အေးချမ်းပါသည်။ ဒါပေမယ့် တစ်နေ့တော့ တခြားသော ကရွတ်ခွေများလို ဆွေးမြည့်ရပါဦးမည်။ မြေကြီးပေါ်တွင် ဒီကရွတ်ခွေ အဆွေးနှစ်ခု စွန့်ပစ်ခံရတော့ကော ဘာမှထူးခြားလှသည်မဟုတ်။ မကြာခင် အမှိုက်၊ မြေမှုန့်တို့နှင့် ရောသွားမည်ပင်ဟု (စာ-၁၇၇) တွင်ရေးသည်။

မလွမ်းသာ

စာရေးဆရာမကြီး ခင်နှင်းယုက မလွမ်းသာဝတ္ထုတွင် အောက်ပါအတိုင်းရေးခဲ့သည်။ ပထမဆုံး မိုးတစ်ပြိုက်ရွာချိန်ကို ကျွန်မ အလွန်ပင် နှစ်သိမ့်ပျော်ရွှင်တတ်၏။ လူလားမမြောက်ခင်ကပင် မိုးဦးကို မျှော်တတ်၏။ မိုးကျချိန်ကို တမ်းတတတ်သည်။ မိုးစက်မိုးမှုန်လေးများမှာ ခုန်ပေါက်ပြေးလွှားကာ ပန်းငုံဖူးတို့ကို လှုပ်နှိုးလိုက်သယောင် ကျွန်မရင်ထဲတွင် ထင်မိ ပေသည်။ စိမ်းမြမြသစ်ရွက်များအလယ်တွင် ချစ်စဖွယ် ပွင့်အာလာသော ပန်းဝတ်လွှာများကို မြင်ရတိုင်း ကျွန်မ စိတ်များသည် တက်ကြွလာတတ်သည်။

မိုးစက်လေး များကိုပင် တောအနှံ့တောင်အနှံ့ ပြေးလွှားလိုက်ချင်၏။ ဖြူနုကြွရွသော ဝတ်လွှာကိုလှစ်ကာ မိုးစက်ကိုကြိုသော ပန်းပွင့်လေးများအား နှုတ်ဆက်တွေ့ထိ နမ်းရှုပ်လိုက် ချင်သည်ဟုစာဖွဲ့ပုံကို ဂရုပြုမိသည်။ ဆရာမကြီး၏ အရေး အသားက နုရွလှပနေလေသည်။

မိုးစက်လေးများနှင့်အချစ်

မိုးစက်လေးများ၏ ဘဝတစ်ခဏလိုပင် သူနှင့်ကျွန်မသည် ဤတောင်တန်းငယ်တစ်ကွေ့ဝယ် တွေ့ခဲ့ကြ၏။ မိုးစက်များကမူ ရွေ့လျှောကျ၍ မြေတွင် ပျောက်ကွယ်ခဲ့ သော်လည်း ကျွန်မအသည်းနှလုံးတွင် ထင်ခဲ့သော အချစ် နာမူ ယခုတိုင် မပျောက်ပျက်သေးပေ။ (စာ-၁၉)

သြော်

ချစ် . . . ချစ်ပြန်တော့လည်း သူကစ ချစ်ဟန်ရေးပါသည်။ မုန်း. . . မုန်းပြန်တော့လည်း သူကစ မုန်းဟန်တေး လွှာသီ။ ကျွန်မမှာမူ ပလက်ဖောင်းပေါ်တွင် ရပ်နေမြဲဖြစ်သော်လည်း သူကား တရွေ့ရွေ့ သွားရဆဲပင် ဖြစ်၏။

သြော်--- ကြင်ပါလျက်လည်း မလွမ်းသာပါ တကား။ (စာ-၇၄)ဟု ရေးသားထားသည်မှာ လွမ်းမော ဖွယ်ရာ--------။

မျက်ရည်၊ ထမင်း၊ အရက်နှင့် ရွှေစည်းခုံကျောက်စာ

ချစ်သူအပေါင်းမှ ကွဲကွာသောသူတို့၏ မျက်ရည်ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် ဂြီတြိဘုဝနာဒိကျ ဓမ္မရာဇမင်းသည် သုတ်ပစ်မည်။ စိတ်နှလုံး ပူဆွေးသူတို့၏ နှပ်ရည်ကို အကျိုးစီးပွားထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာဖြင့် ဆေးကြောပစ်မည်။ ဂြီတြိဘုဝနာဒိကျ ဓမ္မ ရာဇမင်းသည် လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်းမုန့်ပေးမည်။ လက်ဝဲလက်ဖြင့် လူအပေါင်းအား ပစ္စည်းဥစ္စာ၊ အဝတ်ပုဆိုးပေးမည်။ ပြည်သူအပေါင်းသည် အမိရင်ခွင်ရှိ သားကဲ့သို့(ရှိကြမည်) ဤသို့ ဂြီတြိဘုဝနာ ဒိကျ ဓမ္မရာဇမင်းသည် အကျိုးစီးပွားဖြင့် စောင့်ထိန်းမည် (စာ-၁၅၄)ဟု အစချီကာ မျက်ရည်၊ ထမင်း၊ အရက် ဝတ္ထုတိုကို ဖန်တီးရေးသားထားပါသည်။ လက်တွေ့ဘဝနှင့် သမိုင်းစဉ်ကို နှိုင်းယှဉ်သည့်သဘောပါပဲ။ ရင်ထဲစွဲနေသော စာစုများပါ။

ဆရာမကြီး ခင်နှင်းယု၏မေးခွန်း

ကိုယဉ်မောင်လို ဗာရာဏသီသူဌေးသားကို ကျွန်မ တွေ့ပါလျှင် သူ့အား--

မျက်ရည်ကိုပင် သုတ်ပေးရမည်လော။

ထမင်းကိုပင် ခွံ့ရမည်လော။

အရက်ကိုပင် တိုက်ရမည်လော။ (စာ-၁၆၇) ဟုမေးခွန်း မေးထားသည်။ မျက်ရည်၊ ထမင်း၊ အရက်ဝတ္ထုတို၏ မေးခွန်းများကို စာဖတ်သူများက စိတ်ကြိုက်အဖြေ ပေးနိုင်ပေသည်။

အတွင်းရေး အတွင်းဝန်

၁၉၄၈ တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ် စတင်လုပ်ကိုင်ခဲ့သော စာရေးဆရာမကြီး ခင်နှင်းယုသည် ဖဆပလအကြောင်း ကောင်းစွာသိသည်။ ဝန်ကြီးချုပ်၏ တာဝန်အကြောင်း ကောင်းစွာသိသည်။ သတင်းနှင့် ဝါဒဖြန့်ချိရေးအကြောင်း ကောင်းစွာသိသည်။ ဘာကြောင့် ဤသို့ပြောနိုင်ပါသလဲ။ ဆရာမကြီးရေးသည့် ဪ------။ ဖဆပလဝတ္ထုတိုကို ဖတ်ကြည့်ပါ။ အဖြေပေါ်ပါလိမ့်မည်ဟု ကျွန်တော်ထင်သည်။

 

ဪ . . . ဖဆပလ

ဖဆပလအဆောက်အအုံကြီး၏ အငွေ့အသက်က တစ်စုံတစ်ရာတုံ့ပြန်မှုရှိသလို မရွှေစင်ရင်ထဲတွင် ခံစားလိုက်ရ၏။ သို့သော် ထိုခံစားမှုဝေဒနာလေးသည် ကြေကွဲ ဆွေးမြည့်ခြင်းပေပဲလား၊ ဝမ်းမြောက် ကြည်နူးခြင်းပဲလား၊ မကျေမနပ်ခြင်းပဲလားဟူ၍ မသဲကွဲပေ။

သူရုံးထိုင်ခဲ့ရသော ဖဆပလဝါဒဖြန့်ချိရေးနှင့် ပြန်ကြား ရေးရုံးဌာန ရုံးခန်းကို မရွှေစင်သည် တံခါးကြားမှ လှမ်း၍ ကြည့်လိုက်၏။ ထိုရုံးခန်းသည် ဖဆပလကို ဝင်ဝင်ချင်း ဘယ်ဘက်ခန်းဖြစ်ပေသည်။ ရုံးခန်းတစ်ခုလုံးတွင် ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့သော စာရွက်စာတမ်း တို့နှင့် ပြည့်နှက်စုပုံလျက်ရှိပေသည်။ သူသည် အခန်းထဲသို့ ဝင်၍ရပ်လိုက်၏။ စက္ကူနံ့၊ ဖုန်နံ့တို့မှာ ရောထွေး၍ နှာခေါင်းထဲသို့ ဝင်လာကြသည်။

ဦးတင်မောင်ကြီး၊ ဦးသန့်၊ ဦးထွန်းအုံ၊ ဦးလှဒင်၊ ဗိုလ်အေးမောင်…သူတို့သည် ဖဆပလ ဝါဒဖြန့်ချိရေးမှူး များအဖြစ် တစ်ယောက်ပြီးတစ်ယောက် ဆောင်ရွက်ခဲ့ကြ ၏။ သူတို့ထံမှ မရွှေစင်သည် ပညာရပ်တို့ကို သင်ယူခဲ့ရ ပါ၏။ “လောကဆိုသည်မှာ ဤသို့ပါတကား” ဟူ၍ သိရှိ ခဲ့ရသော အချိန်ဖြစ်ပေသည်။ (စာ-၁၂၃) ဟု လောကကြီး အကြောင်း ရေးထားပေသည်။ ကျန်သော ဝတ္ထုများကိုတော့ စာချစ်သူများ ဆက်လက်ရှာဖွေ ဖတ်ကြည့်စေချင်ပါသည်။

နိဂုံး

စာရေးဆရာမကြီး ဒေါ်(ခင်နှင်းယု)(၁၉၃၅-၂၀၀၃) ၏ ကရွတ်ခွေအပါအဝင် ကျော်ကြားလှသည့် မွှေး၊ ယောကျ်ား တို့အကြောင်း၊ ပန်းပန်လျက်ပါ၊ ထိပ်စုဖုရားမဗျိုင်း၊ လမင်းကြီးသာစမ်းပါ၊ သပြေ၊ သခွတ်ပန်း၊ အောင်မြင်သောနေ့၊ ယဉ်မင်းပိုက်၊ ရေချိုတွင်း အစရှိသော စွဲမက်ဖွယ်ဝတ္ထု တိုရှည်ပေါင်းများစွာတို့ကို ခြယ်သရေးဖွဲ့ခဲ့သူ၊ အတွေးရဲရဲ သတ္တိခဲ စာဆိုကြီးအား ယနေ့တိုင် ကြေးမုံစာချစ်ပရိသတ်များက မမေ့နိုင်သတိရဆဲဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။ ။

ဦးဟန်ညွန့် (ဥပဒေ)