၁၇ ဩဂုတ်
ဒီခေတ်မှာ ၄ . ၀ ဆိုတာ အလွန်ခေတ်စားတဲ့အသုံးအနှုန်း ဖြစ်တာတွေ့ရတယ်။ နေရာတကာမှာသုံးစွဲနေကြတယ်။ လူသိများတာက စက်မှုတော်လှန်ရေးနဲ့ ပတ်သက်လို့ ဖြစ်တယ်။ ၁၈၀၀ ပြည့်နှစ်များက ပေါ်ပေါက်လာတဲ့ စက်မှုတော်လှန်ရေးကို စက်မှု (၁.၀) ဆိုပြီး သတ်မှတ်ခဲ့တယ်။ အင်္ဂလန်နိုင်ငံမှာ စတင်ခဲ့ပြီး ရေနွေးငွေ့ကို အသုံးပြုကာ စက်ရက်ကန်းတွေနဲ့စက်ရုံတွေကို ဖွဲ့စည်း တည်ထောင်ခဲ့တယ်။ ၁၈၀၀ ပြည့်နှစ်များမှာ ပေါ်ပေါက် လာတာ။ ဥရောပနိုင်ငံတွေမှာလည်း ထွန်းကားခဲ့တယ်။ စက်ရက်ကန်းက ထွက်လာတဲ့ အထည်အလိပ်တွေကို ဈေးပေါပေါနဲ့ အာရှနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့ ရောင်းချခဲ့တယ်။ ဒါတွေကြောင့် အိန္ဒိယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ အထည်အလိပ် ဈေးကွက်ကို ချေဖျက်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ကြီး ဂန္ဒီဟာ နေ့စဉ်ကိုယ်တိုင်ချည်ငင်ပြီး ပြည်တွင်းဖြစ် အဝတ်အထည်တွေကို အားပေးခဲ့တယ်။ ဒီစက်မှု တော်လှန်ရေး စက်မှု (၁. ၀) ကြောင့် မီးရထားတွေဟာ ခရီးသွားလုပ်ငန်းတွေအတွက် အရှိန်အဟုန်မြင့်မားစွာနဲ့ အားကောင်းခဲ့တယ်။ မီးရထားတင်မက တစ်ချိန်က ရွက်တိုက်လှေတွေကို ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ ပင်လယ်ကူးသင်္ဘောတွေလည်းပေါ်လာပြီး တစ်ကမ္ဘာ လုံးကုန်သွယ်မှုကို အားပေးခဲ့တယ်။
ပညာရေး (၄.၀) ပေါ်ပေါက်လာ
စက်မှုတော်လှန်ရေး စက်မှု(၁.၀) ကြောင့် တစ်ချိန် က လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တောင်သူ လယ်သမားတွေဟာ မြို့ပြဒေသတွေရွှေ့ပြီး စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ခဲ့ကြတယ်။ ၁၉ ရာစုနှစ် တွေမှာ လျှပ်စစ်ဓာတ်အားတွေကတစ်ဆင့် ဒုတိယ စက်မှုတော်လှန်ရေး စက်မှု (၂.၀ ) ပေါ်ပေါက်လာခဲ့တယ်။ စက်ရုံအလုပ်ရုံတွေမှာ ကုန်ပစ္စည်းတွေကို အရေအတွက် အမြောက်အမြားနဲ့ ထုတ်လုပ်နိုင်ခဲ့တယ်။ တတိယစက်မှု တော်လှန်ရေး စက်မှု (၃.၀) ကတော့ ကွန်ပျူတာစက်တွေ ပေါ်ပေါက်လာချိန်ကစတင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်များတွင် အရှိန်အဟုန်ရခဲ့တယ်။ မျက်မှောက်ခေတ်မှာတော့ စတုတ္ထစက်မှုတော်လှန်ရေး စက်မှု (၄.၀) ထွန်းကား နေတာဖြစ်တယ်။ တချို့က ပဉ္စမစက်မှုတော်လှန်ရေး စက်မှု(၅ .၀ ) ပေါ်ပေါက်နေတာကို သုံးသပ်လျက်ရှိကြ ပါတယ်။ စက်မှု (၄.၀) ရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကြောင့် လူတွေရဲ့အနေအထိုင်အဆင့်အတန်းတွေဟာ ပြောင်းလဲ လာခဲ့ရုံမက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲခဲ့တယ်။ အလုပ်အကိုင်အခွင့်အရေးသစ်တွေ ပေါ်ပေါက်ခဲ့တာမို့ ကျောင်းသူ ကျောင်းသားတွေအတွက် အခွင့်အရေး အသစ်တွေရခဲ့တယ်။ အထူးခြားဆုံးပြောင်းလဲမှုက စက်မှု (၄.၀) နဲ့ လိုက်လျောညီထွေရစေဖို့ ပညာရေး (၄.၀) ပေါ်ပေါက်လာခဲ့ပြန်တယ်။
ပညာရေး (၄.၀) ကြောင့် ကျောင်းတွေ၊ ကောလိပ် တွေ၊ တက္ကသိုလ်တွေအနေနဲ့ စက်မှု (၄.၀) မှာ ယှဉ်ပြိုင် လှုပ်ရှားနိုင်မယ့် နည်းပညာကို ရင်းနှီးကျွမ်းကျင်တဲ့ လုပ်သားတွေကို ထုတ်ပေးရမှာ ဖြစ်တယ်။ တစ်ဖက်က လည်း အလုပ်ခွင်မှာ ပါဝင်လှုပ်ရှားနေတဲ့ လုပ်သားတွေရဲ့ အရည်အသွေးတွေ၊ အသိတွေ၊ ပညာတွေ၊ ကျွမ်းကျင်မှု တွေကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ နည်းပညာအသစ်တွေကရလာတဲ့ အခွင့်အရေး တွေကိုယူနိုင်မယ့် အတတ်ပညာရှင်တွေ၊ အသိပညာရှင် တွေကို မွေးထုတ်ပေးရမှာဖြစ်တယ်။
ပညာရေးစနစ်အဆင့်ဆင့်ပြောင်းလဲမှု
အမှန်တော့ စီးပွားရေးစနစ်၊ စီးပွားရေးအဆောက်အအုံ နဲ့ ပညာရေးစနစ်ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကို သတိပြု ရမှာဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေးအဆောက်အအုံအသိုင်းအဝိုင်းမှာ ပညာရေးစနစ်ရဲ့ ပုံစံကတစ်မျိုးဖြစ်ပြီး စက်မှုတော်လှန်ရေးပေါ်ပေါက်လာချိန်မှာ ဒီစီးပွားရေးအဆောက်အအုံကို အထောက်အကူ ဖြစ်စေမယ့် ပညာရေးစနစ်ရှိဖို့ လိုအပ်ပါတယ်။ ၂၀ ရာစု အသိပညာကို အခြေခံတဲ့ စီးပွားရေးအဆောက်အအုံအတွင်း ဆီလျော်တဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ရမှာဖြစ်တယ်။ ဒါကြောင့်လည်း စက်မှု (၄.၀)နဲ့ ကိုက်ညီမယ့်ပညာရေး (၄.၀) ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပညာရေး (၁. ၀) မှာ သင်ယူမှုတွေ၊ သိကြားသမျှကို မှတ်သားမှုတွေ၊ အာဂုံ ဆောင်မှုတွေကို အခြေခံခဲ့တယ်။ ပညာရေး (၂.၀)မှာတော့ ပြောင်းလဲလာတဲ့ နည်းပညာကိုအခြေခံပြီး အင်တာနက်ကို အားကိုးခဲ့ရတယ်။ ပညာရေး (၃.၀) မှာ အသိပညာကို ဖော်ထုတ်တဲ့ဖန်တီးတဲ့အနေထားဖြစ်ပြီး မျက်မှောက်ခေတ်ပညာရေး (၄.၀)မှာ တီထွင်မှုကိုဖော်ထုတ်တဲ့ ပညာရေး စနစ်ဖြစ်တာ တွေ့ရတယ်။
ပညာရေး (၄.၀)ကို မောင်းနှင်စေတဲ့တွန်းအားပေးမှုမျိုးစုံရှိပါတယ်။ ပညာကိုသတ်မှတ်ထားတဲ့နေရာ သတ်မှတ် ထားတဲ့အချိန်မှာ ဆည်းပူးရယူနိုင်တာသာ မဟုတ်တော့ဘဲ နှစ်သက်တဲ့နေရာ၊ နှစ်သက်တဲ့အချိန်မှာ ရယူနိုင်ခဲ့ပြီ ဖြစ်တယ်။ လက်ထဲမှာ လက်ကိုင်ဖုန်းတစ်လုံး သို့မဟုတ် ကွန်ပျူတာတစ်လုံးရှိရင် သင်ယူမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ တစ်ဖက်ကလည်း ကျောင်းသားတစ်ဦးချင်း၊ တစ်ယောက်ချင်းကိုအာရုံပြုပြီး သင်ကြားပေးရမှာ ဖြစ်တယ်။ ကျောင်းသူ ကျောင်းသားတွေဗဟိုပြုပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
တစ်သက်လုံးပညာရှာမှုကို အထောက်အကူပြုစနစ်
အမှန်တော့ ပညာရေး (၄.၀) ဟာ တော်လှန်ရေးတစ်ရပ် ဖြစ်တယ်။ ပညာရေးအတွက် ကျောင်းတက်နေတာ မဟုတ်ဘဲ အလုပ်အတွက် ပြင်ဆင်မှုတွေဖြစ်ပြီး အနာဂတ်အတွက်လုံခြုံမှုပေးနိုင်မယ့် ပညာရေးအတွေ့အကြုံကို ဖြည့်ဆည်း နိုင်တဲ့ပညာရေးစနစ်အသစ်ဖြစ်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်တွေဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ အနာဂတ်ကို အာမခံနိုင်တဲ့ပညာရေးကို ပေးနိုင်ဖို့ ကြိုးစား ရမှာ ဖြစ်တယ်။ ဒါကြောင့်လည်း ပညာရေး (၄.၀)ဟာ ပညာရေးစနစ်ကို လေးနက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ပညာရေး လမ်းခရီးဟာ ကျောင်းပြီးချိန်မှာ ပြီးဆုံး၊ လမ်းဆုံးသွားတာမဟုတ်ဘဲ တစ်သက်လုံး ပညာရှာမှုကို အထောက်အကူဖြစ်ရတဲ့ စနစ်သစ်ဖြစ်တယ်။ ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို သင်ကြားပို့ချရုံမက ကျောင်းသူကျောင်းသားအချင်းချင်း ဆက်သွယ်ဆက်ဆံပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်။ ခေတ်မီ နည်းပညာကိုအခြေခံပြီး ပညာကို ကျောင်း/ တက္ကသိုလ်များ သာမက အလုပ်ခွင်မှာလည်း ရှာဖွေနိုင်စွမ်းရှိတာကိုအားပေး ရမှာဖြစ်တယ်။
ပညာရေး (၄.၀) ကြောင့် ကျောင်းသူကျောင်းသားနဲ့ ဆရာ ဆရာမတွေရဲ့ အယူအဆ၊ အတွေးအခေါ်အပြုအမူ တွေဟာလည်း ပြောင်းလဲရမှာဖြစ်တယ်။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးချိန်မှာ အနာဂတ် အတွက် အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်လေ့ကျင့်သင်ယူရမှာ ဖြစ်ပါတယ်။ သင်ကြားရေးပုံစံတွေလည်း ယခင်နဲ့မတူဘဲ ခေတ်သစ်နည်းပညာတွေကို အသုံးချရမှာသာ ဖြစ်တယ်။
ကိုဗစ်ကြောင့် မဖြစ်မနေလုပ်ကြရ
ကျောင်းသူ ကျောင်းသားတွေကို မိမိဆည်းပူးတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာအောင် ပြုစုဖို့ လိုအပ်သလို တစ်ဖက်မှာလည်း “အပျော့” လို့ ပြောတဲ့ ပေါင်းသင်းဆက်ဆံမှု၊ စဉ်းစားတွေးခေါ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ဆက်သွယ်မှု စတဲ့ကျွမ်းကျင်မှုတွေကိုလည်း ပြုစုဖို့လိုအပ်တယ်။ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်နိုင်မှု၊ ဖန်တီးနိုင်မှု စတဲ့ပညာတွေကိုလည်း ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။ ပညာရေး (၄.၀) မှာ ကျောင်းစာသင်ခန်းတွေမှာ သင်ယူခံယူမှုသာမက ခေတ်မီနည်းပညာတွေရဲ့ အကူအညီနဲ့ အွန်လိုင်းသင်တန်းတွေ ကတစ်ဆင့် ဆည်းပူးနိုင်မှာ ဖြစ်တယ်။ ကိုဗစ်-၁၉ ကြောင့် ကဏ္ဍအသီးသီးမှာ ပြောင်းလဲမှုတွေရှိခဲ့တယ်။ အထူးခြားဆုံးပြောင်းလဲမှုတစ်ရပ်ကတော့ ပညာရေးကဏ္ဍ ဖြစ်တယ်။ ရောဂါပြန့်ပွားမှုအန္တရာယ်တွေကြောင့် သင်ခန်းစာတွေကို ကျောင်းတွင်းမှာ ပို့ချရုံမဟုတ်ဘဲ အင်တာနက်ကတစ်ဆင့် သင်ခန်းစာတွေကို သင်ယူနိုင်ပြီ ဖြစ်တယ်။ နိုင်ငံတကာမှာရှိတဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ အွန်လိုင်းကတစ်ဆင့် သင်တန်းတွေ ဖွင့်လှစ်လျက် ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အွန်လိုင်းကတစ်ဆင့် ပညာရေးဝန်ဆောင်မှုတွေ ပို့ချမှုတွေလုပ်လျက် ရှိတယ်။ ဒီနည်းပညာတွေဟာ ယခင်ကတည်းက ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထဲထဲဝင်ဝင်မသုံး ဖြစ်ခဲ့ဘူး။ ဆင်ခြေအမျိုးမျိုးပေးခဲ့တာ။ အခုတော့ ကိုဗစ်- ၁၉ ရဲ့ ကျေးဇူးကြောင့် မဖြစ်မနေလုပ်ခဲ့ရတယ်။
တစ်ဖက်မှာလည်း ပညာရေး (၄.၀) ကြောင့် ပညာရေးဝန်ဆောင်မှု “အထုပ်” ကို ဖြည်ထုတ်ဖို့လိုတယ်။ တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်လာရင် ကျောင်းသူ ကျောင်းသားတွေဟာ လေးနှစ်သင်တန်းကို အချိန်ပြည့် တက်ပြီး လေးနှစ်လုံးလုံးစာသင်ခန်းမှာ အချိန်ကုန်ခဲ့ရတယ်။ လေးနှစ်ပြီးဆုံးချိန်ဘွဲ့ရပြီးတဲ့ အခါမှာလည်း အလုပ်ခွင်ထဲရောက်ပြီး ကျောင်း/တက္ကသိုလ်ကို ပြန်မကြည့်တော့ဘူး။ အလုပ်လုပ်တဲ့ အချိန်ကစပြီး ပညာရေးနဲ့ ဝေးခဲ့တယ်။ ဒီသမားရိုးကျပုံစံဟာ သဘာဝမကျတော့တာ တွေ့ရတယ်။ ပညာရေး(၄.၀) မှာ ကျောင်းသူ ကျောင်းသားတွေဟာ ကျောင်းနဲ့အလုပ်ခွင် ဒီလောကနှစ်ပါးကို အပြန်အလှန်ကူးချည်သန်းချည် လုပ်ခွင့်ရှိတယ်။ ကျောင်းတက်ရင်းအလုပ်လုပ်၊ အလုပ်လုပ်ရင်း ပညာသင်တဲ့ပုံစံ။ အမှန်တော့ ကျောင်းမှာပညာ ဆည်းပူးနိုင်သလို အလုပ်ခွင်မှာလည်း ပညာယူနိုင်တာ ဖြစ်တယ်။ လေးနှစ်ပြီးမှ ဘွဲ့လက်မှတ်ရတာမဟုတ်ဘဲ ပညာရေးခရီးရှည်ကို အပိုင်းပိုင်းဖြတ်ပြီး အဆင်သင့်သလို ကာလတိုပညာရေးကြိုးပမ်းမှုတွေကတစ်ဆင့် အသိအမှတ်ပြုလက်မှတ်တွေ ရယူပြီး စုဆောင်းနိုင်မှာဖြစ်တယ်။ ဒီပြောင်းလဲမှုတွေကိုကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေက လက်ခံရုံမက မိဘတွေနဲ့အလုပ် ရှင်တွေကလည်း ကျေနပ်ဖို့လိုအပ်ပါတယ်။ ပညာရေး (၄.၀) မှာ အတန်းထဲမှာသာ ပညာဆည်းပူးနိုင်ရုံမဟုတ် အတန်းပြင်ပအဆင်ပြေတဲ့ နေရာဌာနကနေ လေ့လာခွင့် ရှိတယ်။
ပညာရေး (၄.၀) ဟာ ပညာရေးအပေါ် ရှုမြင်သုံးသပ် မှုတွေပြောင်းလဲခြင်း ဖြစ်တယ်။ ရူပါရုံအသစ်နဲ့ ပညာရေး စနစ်ကို သုံးသပ်ဖို့လိုအပ်တယ်။ ကျောင်းသူ ကျောင်းသား တွေအနေနဲ့ ရွေးချယ်ခွင့်အပြည့်ရှိတယ်။ ကိုယ်ပိုင် ရွေးချယ်ခွင့် ကတစ်ဆင့် မိမိရဲ့အနာဂတ်ကို ဖန်တီးနိုင် တယ်။ ဖော်ဆောင်နိုင်တယ်၊ ဆရာဆရာမတွေအနေနဲ့ စာသင်ပေးတဲ့သူတွေမဟုတ်တော့ဘဲ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးခရီးရှည်ရဲ့ အဖော်ကောင်းလို လမ်းညွှန်ရမှာဖြစ်တယ်။ ကိုဗစ်-၁၉ ကြောင့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ဆက်ဆံရမှာမို့ ကျောင်းစာ သင်ခန်းတွေကိုလည်း ပုံစံအသစ်နဲ့၊ အစီအစဉ်အသစ်နဲ့ ဖော်ထုတ်ဖို့ လိုအပ်မှာဖြစ်တယ်။
တွဲဖက်သွားသင့်သော အလုပ်ခွင်နှင့် ပညာရေး
ပညာရေး (၄.၀) နဲ့ပတ်သက်လို့ ပညာရေးလောကနဲ့ ပတ်သက်နေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ မိဘတွေ၊ အလုပ်ရှင်တွေ၊ သက်ဆိုင်ပတ်သက်သူတွေ ဆွေးနွေးတိုင်ပင်ရမှာဖြစ်တယ်။ ရှုထောင့်အမျိုးမျိုးက တစ်ဆင့် သုံးသပ်ဆင်ခြင်ပြီး ကိုယ့်နိုင်ငံအတွက် အဆင်ပြေမယ့်စနစ်ကို ဖော်ထုတ်သွားရမှာသာ ဖြစ်တယ်။ အခုလိုဆောင်ရွက်တဲ့နေရာမှာ အတွေးအခေါ် အယူအဆတွေ၊ အမြင်တွေသုံးသပ်မှုတွေကို ရဲရဲဝံ့ဝံ့စဉ်းစားပြီး ဆုံးဖြတ်ရမှာသာ ဖြစ်တယ်။
အများလက်ခံနိုင်တဲ့အားပေးမယ့် ပညာရေး (၄.၀) ဖော်ထုတ်ရမှာဖြစ်တယ်။ အလုပ်ခွင်လောကနဲ့ ပညာရေး လောကတွေဟာ ဆက်သွယ်ဆက်ဆံပြီး အားလုံးလက်ခံနိုင်မယ့် ပုံစံတစ်ခုကို ဖော်ထုတ်ဖို့ လိုအပ်တယ်။ အတွေးအမြင်အသစ်တွေကို အသုံးချဖို့ အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ တာဝန်ရှိသူတွေအနေနဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုကို ဦးခိုက်ပြီး အာရုံပြုနေကြတယ်။ အခုလို ဆောင်ရွက်တဲ့နေရာမှာ ပညာရေး (၄.၀)ကိုအခြေခံပြီး စဉ်းစားရမှာသာ ဖြစ်တယ်။
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်


