၂၃ ဩဂုတ်

 

သင်တန်းတွင် ကိတ်မုန့်၊ နနွင်းမကင်း၊ ရေခဲမုန့် စသည့် မုန့်လုပ်နည်းများ သင်ကြားပေးလျက်ရှိသည်။ သင်တန်း ပြီးပါက Bakery ဆိုင်တစ်ခု ဖွင့်လှစ်ရန် စိတ်ကူးထား သည့်အတွက် မမေဇင်ဇော်သည် ကြိုးစားသင်ယူလျက် ရှိသည်။

 

ဒီလိုသင်တန်းတွေဖွင့်တော့ ကလေးရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် တစ်ဖက် တစ်လမ်းက ဝင်ငွေရှာဖို့ အများကြီးအထောက်အပံ့ ပြုပါတယ်။ အိုးမကွာအိမ်မကွာနဲ့ စီးပွားရှာနိုင်တယ်။ အပြင်မှာ ဒီလိုသင်တန်းတက်မယ်ဆိုရင် သင်တန်းကြေး အများကြီး ပေးရမှာပါ။ နေ့စားခအဖြစ် ညီမတို့ကို ပြန်ပေးတော့ ဝင်ငွေတစ်ခုရနေသလို အဆင်ပြေတယ် ဟု ၎င်းက ပြောသည်။

 

မမေဇင်ဇော်ကဲ့သို့ပင် သင်တန်းပြီးပါက ကိုယ်ပိုင် တံဆိပ်တစ်ခုဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လိုသည့် မခင်မင်းစံက “သင်တန်းပြီးရင် ကိုယ်ပိုင်တံဆိပ်တစ်ခုနဲ့ စီးပွားရေးလုပ်ဖို့ စဉ်းစားထားပါတယ်။ သင်တန်းမှာ မုန့်လုပ်နည်းအမျိုးမျိုးသင်ရတယ်။ အဓိကက သဘာဝ အသီးအနှံတွေနဲ့ မုန့်လုပ်တဲ့နည်းတွေပါတယ် ဟု ပြောသည်။

 

၎င်းတို့သည် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)တွင် ဖွင့်လှစ်သည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် တက်ရောက်နေကြသူများဖြစ်သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်းများကို နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ထား ရှိကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လတ်တလောကာလအတွင်း နိုင်ငံတော်က ချမှတ်ထား သည့် ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan - CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှု၊ စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ကျွန်တော်တို့ ဌာနကတော့ အရင်ကတည်းကလည်း အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရတဲ့ဌာန ဖြစ်တဲ့အတွက် ကာလတို အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ပေးပြီး စားဝတ်နေရေးကို ဖန်တီးလို့ရအောင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Cash for Work နဲ့ဆက်စပ်ပြီး Cash for Learning ဆိုပြီး ဆောင်ရွက်တာဖြစ်ပါတယ် ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခွန်အေးနိုင်က ပြောသည်။

 

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသည့် အခြေခံလူတန်း စားများအတွက် CERP အစီအစဉ်အောက်မှ နိုင်ငံတော် ၏ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၆၀၀ ဖြင့် ဆောင်ရွက် ပေးမည့် On Job Training အစီအစဉ်သစ်ကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်၊ မိသားစုဝင်ငွေတိုးပွား စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူလူထုအတွင်း နည်းပညာများ ပျံ့နှံ့စေပြီး သွင်းကုန် အစားထိုးလုပ်ငန်းများ စီးပွားဖြစ်ထုတ်လုပ်လာနိုင်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝသော တန်ဖိုးမြင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင် စေရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့လုပ်ငန်းခွင် သင်တန်း များကို ဖွင့်လှစ်လျက်ရှိသည်။

 

ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးအရ ထိခိုက်သွား တဲ့သူတွေ၊ အလုပ်လက်မဲ့ဖြစ်သွားကြတဲ့သူတွေ၊ ရပ်ဝေး ကနေ ကိုယ့်ဒေသကို ပြန်လာကြတဲ့သူတွေ လတ်တလော စားဝတ်နေရေးအတွက် ငွေကြေးတစ်စုံတစ်ရာ လိုအပ်တယ်။ အဲဒီသူတွေအတွက် ကျေးရွာတွေမှာ အလုပ် အကိုင်အခွင့်အလမ်းတစ်ခုခုကို ဖော်ထုတ်ပြီး သူတို့ ကိုယ်တိုင် ဒီလုပ်ငန်းမှာ ပါဝင်စေခြင်းအားဖြင့် အထိုက် အလျောက် ဝင်ငွေတွေရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ သူတို့ကို ငွေကြေး လုပ်ခရနိုင်မယ့် ပုံစံမျိုးနဲ့နိုင်ငံတော်ဘက်က ဖန်တီးပေးတာဖြစ်တယ်။ အဲဒါကို Cash for Work ဆိုပြီး CERP အောက်မှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကနဦးစီးပွားရေးလုပ်ငန်းစတင်ချင်တဲ့သူတွေရဲ့ အဓိက အခက်အခဲသုံးခုဖြစ်တဲ့ အရင်းအနှီး၊ အတတ်ပညာ၊ ဈေးကွက်လိုအပ်ချက်တွေကို ပြေလည်စေဖို့ လမ်းညွှန် ပြသပေးပါတယ် ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေ ဖြင့် CERP အစီအစဉ်အောက်တွင် သင်တန်းအကြိမ် ပေါင်း ၃၀၀၊ သင်တန်းသားဦးရေ ၉၀၀၀ ကို လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ဩဂုတ်လကုန်အထိ သင်တန်း ၂၂၆ ကြိမ်၊ သင်တန်းသား ၆၈၄၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။

 

သင်တန်းများအနေဖြင့် စားသောက်ကုန်၊ လူသုံး ကုန်၊ ရက်ကန်းအထည်၊ ဝါးနှင့်ယွန်း လက်မှုထည်နှင့် အိမ်တွင်းလျှပ်စစ်တပ်ဆင်ခြင်း စသည့်လက်တွေ့ လုပ်ငန်းခွင်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

 

သင်တန်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူးရုံးများနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ တွင် ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းအမျိုးအစားများကို သင်တန်းဖွင့်လှစ်မည့်ဒေသ၏ ဒေသထွက်ကုန် ကုန်ကြမ်းအပေါ်မူတည်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်စေရန် သင်ကြားပို့ချပေးလျက်ရှိ သည်။

 

သင်တန်းကာလမှာ အမျိုးအစားအပေါ်မူတည်၍ ၆ ရက်မှ ၂၄ ရက်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။

 

သင်တန်းတွေဖွင့်တဲ့အခါ သင်တန်းဧရိယာ သတ်မှတ်ထားတဲ့မြို့နယ်၊ ကျေးရွာအသီးသီးမှာလိုက်ပြီး ဖွင့်လှစ်ပေးတယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ကုန်ကြမ်းပစ္စည်းတွေကို ဌာနရန်ပုံငွေနဲ့ ဝယ်ယူပေးပြီးတော့ တစ်ခါတည်း လက်တွေ့သင်ကြားပေးပါတယ်။ စံနမူနာပြအနေနဲ့ လုပ်ငန်းအသေးစားတစ်ခုကို ဖန်တီးပေးပြီး သင်တန်း သားတွေရဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ ထွက်လာတဲ့ထုတ် ကုန်ပစ္စည်းကို သူတို့ကိုယ်တိုင် ဈေးကွက်ထဲ ပေးပို့ ရောင်းချနိုင်ဖို့ စီစဉ်ပေးပါတယ်။ အခုလို ကုန်ထုတ် လုပ်ငန်းတစ်ခုမှာ ပါဝင်ဆောင်ရွက်တာဖြစ်လို့ နေ့စဉ် လုပ်အားခအနေနဲ့ ငွေကျပ် ၄၀၀၀ ထုတ်ပေးပါတယ်။ အတတ်ပညာတစ်ခုရသလို ထုတ်လုပ်လိုက်တဲ့ကုန်ပစ္စည်း က ဈေးကွက်မှာ ရောင်းလို့ရပါလားဆိုတာ သိသွားတယ် ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ထိုကဲ့သို့လက်တွေ့ အသက်မွေးဝမ်းကျောင်း သင်တန်းများအပြင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးကို အခြေခံသည့် လက်မှုပညာများကို သင်ကြားပေးလျက် ရှိသော ပုဂံရှိ ယွန်းပညာကောလိပ်နှင့် ရက်ကန်းပညာ ဖြန့်ဝေပေးလျက်ရှိသည့် အမရပူရရှိ ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံကျောင်းကို ဒီပလိုမာအဆင့် အထိ သင်ယူနိုင်အောင် ဖွင့်လှစ်ပေးထားသည်။

 

ထို့အပြင် ရက်ကန်းတစ်မျိုးတည်းမဟုတ်ဘဲ ရက်ကန်းနှင့်အခြား သက်မွေးပညာရပ်များပါ ပေါင်းစပ် ပြီး သင်ကြားပေးနိုင်မည့် ရည်ရွယ်ချက်ဖြင့် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းပေါင်း ၁၃ ကျောင်းကို လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။

 

ကျွန်တော်တို့နိုင်ငံမှာ ဒေသအလိုက် ရရှိနိုင်တဲ့ ကုန်ကြမ်းတွေကို အခြေခံပြီး အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းတွေက ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာအဆင့်မီ အောင် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင် လုပ်ဖို့တော့ လိုတယ်။ ထုတ်ကုန်တွေ စီးဆင်းဖြန့်ဖြူးဖို့ရာ ဈေးကွက် တွေလည်းလိုအပ်ပါတယ်။ ဒီဈေးကွက်ကို မောင်းနှင်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပူးပေါင်းပါဝင်လာဖို့လည်း လိုအပ်ပါတယ်။ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းက ထုတ်လုပ်တဲ့ပစ္စည်းတွေကို စုစည်းပြီး ထုပ်ပိုးမှုကအစ နိုင်ငံတကာက စိတ်ဝင်စားအောင်၊ ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ထဲရောက်အောင် လုပ်သွားရမှာပါ။ နိုင်ငံတကာဈေးကွက်ထဲရောက်အောင် ပို့ကုန်မြှင့်တင် ရေးမဟာဗျူဟာ (National Export Strategies -NES) နဲ့အညီ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ် ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များကို ပြည်တွင်းသာမက နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အရည်အသွေးကောင်းမွန် ရမည်ဖြစ်ပြီး ဈေးကွက်၏ လိုအပ်ချက်၊ ဝယ်လိုအားတို့ကို အချိန်နှင့်တစ်ပြေးညီ သိရှိရမည်ဖြစ်သည်။

 

ဥရောပဆိုရင် ဘယ်လိုပစ္စည်းမျိုးကို နှစ်သက် တယ်၊ ဘယ်လိုအဆင်အသွေးဒီဇိုင်းမျိုး ကြိုက်တယ် စတဲ့ ဒီအချက်အလက်တွေကို ထုတ်လုပ်တဲ့ လုပ်ငန်းရှင် တွေ သိဖို့လိုပါတယ်။ ဒီလိုမျိုး ချိတ်ဆက်မှု အားကောင်းရင် ကျွန်တော်တို့နိုင်ငံမှာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေက စီးပွားရေးအများကြီး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ် ဟု ညွှန်ကြားရေးမှူးချုပ်က သုံးသပ်သည်။

 

သင်တန်းမှ ရရှိလာသည့် အတတ်ပညာများကို အခြေခံ၍ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တော့မည့် မမေဇင်ဇော်က “ကိုဗစ်ကာလအတွင်း အလုပ်အကိုင် ရှားပါးနေတဲ့အချိန်မှာ ဒီလိုလက်တွေ့လုပ်ငန်းခွင် သင်တန်းတွေက အခြေခံလူတန်းစားပြည်သူတွေအတွက် အများကြီး အထောက်အကူပြုပါတယ်။ သင်တန်းက ရရှိလာတဲ့ အတတ်ပညာနဲ့ ကိုယ်တိုင်အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခွင့်ရရှိလာမယ်။ အိုးမကွာအိမ်မကွာနဲ့ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ချင်တဲ့သူတွေ အတွက် အင်မတန်အကျိုးရှိတဲ့ သင်တန်းတွေပါ ဟု မှတ်ချက်ပြုသည်။ ။

 

နန္ဒာ၊ ဟန်နီ၊ ဓာတ်ပုံ - ထိန်နန်နော်