၂၅ ဩဂုတ်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများကို နိုင်ငံတကာပြိုင်ပွဲများအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်စေမည်ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်း မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများကို ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရန် ပြိုင်ပွဲမရှိတော့သောကြောင့် စခန်းဝင်လေ့ကျင့်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

လက်ရွေးစင်အသင်းအားလုံးသည် လာမည့်နှစ်မှသာ ပြိုင်ပွဲများယှဉ်ပြိုင်ရတော့မည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ပြိုင်ပွဲကျင်းပမည့်ရက်များ သတ်မှတ်ပြီးမှသာ စခန်းဝင်လေ့ကျင့်ရန် ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သလို အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပရန် စီစဉ်ထားသည့် ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲကိုးခုကိုလည်း ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် မြန်မာဘောလုံးနှင့် ဖူဆယ်အသင်းများအနေဖြင့် ယခုနှစ်ကုန်ပိုင်းမှသာ အစောဆုံးလေ့ကျင့်မည်ဖြစ်သည်။

 

ယခုနှစ်တွင် ပြိုင်ပွဲများဖျက်သိမ်းခဲ့သောကြောင့် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသားနှင့် အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသားနှင့် အမျိုးသမီးအသင်း၊ ယူ-၁၆ အမျိုးသားနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေးစင်နှင့် ယူ-၁၉ အမျိုးသားအသင်းတို့ ဖွဲ့စည်းကာ ပြိုင်ပွဲများအတွက် ပြင်ဆင်ရမည်ဖြစ်သည်။

 

လာမည့်နှစ်တွင် အာရှခြေစစ်ပွဲများနှင့် အာဆီယံအဆင့်ပြိုင်ပွဲများအပြင် ဗီယက်နမ်နိုင်ငံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲပါ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းများအပြင် ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရန်ရှိနေသည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်