မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆၂၀၈ မိုင်အား နှစ်စဉ်ရရှိ သည့် ရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

“မြန်မာနိုင်ငံရဲ့ မြို့တိုင်းအားလုံးက လမ်းကွန်ရက် ချိတ်ဆက်နေပါပြီ။ မာန်အောင် ကျွန်းလို၊ ကိုကိုးကျွန်းလိုမျိုး၊ ကျွန်းစုလို နေရာကတော့ ကျွန်းပတ်လမ်းတွေတော့ ရှိတယ်။ ကျွန်းဖြစ်တဲ့အတွက် mainland နဲ့တော့ မချိတ်ဘူးပေါ့။ ဖာပွန်-မော်ချီးလမ်း ပိုင်းကတော့ နယ်မြေအခြေအနေအရ ကျန် နေပါသေးတယ်။ ဒါကိုလည်း ဆောင်ရွက် နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ နိုင်ငံရဲ့ မြို့တိုင်းကို ချိတ်ဆက်သွားနိုင်နေပါပြီ။ လမ်းမရှိတဲ့ မြို့ဆိုတာမရှိတော့ပါဘူး။ လမ်း အဆင့်မြှင့်တင်တာတွေကိုပဲ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်”ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက ပြောကြားသည်။
 

ယခုအစိုးရလက်ထက်၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကတ္တရာကွန်ကရစ်လမ်း ၁၉၀၁ မိုင် ၇ ဖာလုံ၊ ကွန်ကရစ် လမ်း ၁၀၄၅ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂၀၉ မိုင် ၄ ဖာလုံ ဆောင်ရွက်ခဲ့ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

လမ်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ရရှိသည့် ဘဏ္ဍာရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် Paved Ratio သည် ၇၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်။
 

လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် လမ်းပိုင်းများ အရည်အသွေးမီစေရန် အတွက်လည်း လမ်းသုတေသန ဌာနနှင့် လမ်း၊ လေယာဉ်ကွင်းဒီဇိုင်းဌာနတို့က လမ်းဒီဇိုင်းထုတ်ပေးပြီး ကွင်းလုပ်ငန်းများတွင် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ များက အရည်အသွေး စစ်ဆေးရေး ဆောင်ရွက်မှုများဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း လည်း သိရသည်။

လမ်းများ အရည်အသွေးကောင်းမွန် ရေးအတွက် လမ်းဦးစီးဌာနမှ အရည်အသွေးစိစစ်ရေးအဖွဲ့၏ စစ်ဆေးစိစစ်မှု များအပြင် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Third Party အနေဖြင့် လမ်းလုပ်ငန်းများကို စစ်ဆေးမှုများလည်းရှိကြောင်း သိရသည်။
 

ထိုသို့ စစ်ဆေးနိုင်ရန်အတွက် လမ်းများ ဆောင်ရွက်ရာတွင်ရှိရမည့် စံအရည်အသွေးအတွက် လမ်းဦးစီးဌာနက ဒီဇိုင်း ထုတ်ပေးစဉ်ကပင် Technical Specification များပါ တစ်ပါတည်း သတ်မှတ်ထားကြောင်း သိရသည်။

“အဓိကကတော့ အရည်အသွေးပိုင်း ပိုကောင်းလာအောင် ဆောင်ရွက်လာတယ်။ အရည်အသွေးစစ်ဆေးမှုတွေကို ပိုပြီး ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာ နိုင်တယ်။ လမ်းတွေဆောင်ရွက်တဲ့အခါ ဒီဇိုင်းမရှိဘဲ လုံးဝ မလုပ်ရဘူး။ အရည်အသွေး စစ်ဆေးမှုကိုလည်း မလုပ်မနေရ ဆောင်ရွက်ရ တယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ လမ်းအရည်အသွေး စစ်ဆေးရေးဌာနခွဲကို တိုးချဲ့ပြီးတော့ အရည်အသွေးကို စစ်ဆေးဆောင်ရွက်နေပါတယ်။

“လူနဲ့ ခင်းတဲ့လမ်းတွေထက် စက်နဲ့ နည်းပညာသုံးပြီး ခင်းတာက ပိုသေချာ၊ ပိုကောင်းတဲ့အတွက် AC လုပ်ငန်းတွေ၊ ကွန်ကရစ်လုပ်ငန်းတွေကို အခုနောက်ပိုင်းမှာ စက်အားကို အဓိကဆောင်ရွက်လာတယ်။ လူနဲ့ ကတ္တရာခင်းတာတွေ ကို တဖြည်းဖြည်း လျှော့ချလာတယ်။ ဒါ့အပြင် ခွဲကျောက်နဲ့ လမ်းခင်းတာသာမက Lime Cement Stabilization Granular, Well Graded နည်းလမ်းတွေနဲ့ ဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတယ်။ စက်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာတွေမှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ ရလာတယ်။ ဌာနပိုင် စက်သာမက ပြင်ပပုဂ္ဂလိကပိုင် စက်တွေ ငှားရမ်းအသုံးပြုလို့ရလာတယ်။ လမ်းခင်းရာမှာသုံးတဲ့ စက်ကိရိယာတွေက နဂိုထက်ပိုပြီး ပြည့်စုံလာတယ်။ ဌာနအနေနဲ့လည်း ဘတ်ဂျက်ကနေထည့်ပြီး ဝယ်ယူပါတယ်။ အားလုံးမြင်တဲ့အတိုင်း ယေဘုယျအားဖြင့်တော့ လမ်းတွေက ပိုကောင်းလာတယ်။ မြန်မြန်ဆန်ဆန် သွားလာနိုင်ပြီ။ တော်တော် များများ Pave လမ်းအဖြစ် မြင်နေရပြီ” ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

မြန်မာနိုင်ငံအတွင်းရှိ လမ်းကွန်ရက်များ ကောင်းမွန်ရေးဆောင်ရွက်ရာတွင် လမ်းဦးစီးဌာနအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော Asia Development Bank (ADB)၊ ဂျပန်နိုင်ငံမှ JICA ၊ World Bank (WB)၊ ကိုရီးယားနိုင်ငံမှ KOICA ၊ ထိုင်းနိုင်ငံမှ Neighboring Countries Economic Development Cooperation Agency (NEDA)၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လည်းရှိကြောင်း သိရသည်။
 

“နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နည်းပညာပိုင်းမှာ ပူးပေါင်းဆောင်ရွက်တာလည်းရှိတယ်။ သူတို့ရဲ့ အထောက်အပံ့ အကူအညီ၊ ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ လမ်းတွေလည်း ရှိပါတယ်။ လမ်းဦးစီးဌာနအနေနဲ့ နှစ်စဉ် ဘတ်ဂျက်ရရှိမှု အပေါ်မူတည်ပြီး လမ်းတွေဆောင်ရွက်တဲ့အခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အဓိက ဆောင်ရွက်နေတဲ့ လမ်းပိုင်းကြီးတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကချင် ပြည်နယ်မှာဆိုရင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ချင်းပြည်နယ်မှာဆိုရင် တောင်မြောက်လမ်းမကြီးဖြစ်တဲ့ ကျီခါး-ဟားခါး-မတူပီမှ ပလက်ဝလမ်း၊ ရှမ်းပြည်နယ်တွင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းတွေအတွက် လမ်းအဆင့်မြှင့်ခြင်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုး တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အလိုက် လမ်းပိုင်းကြီးတွေ ဆောင်ရွက်နေတာရှိသလို ကျန်လမ်းပိုင်းတွေ ကောင်းမွန်ရေးကိုလည်း လုပ်ဆောင်နေပါတယ်” ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

လမ်းများ တိုးတက်ကောင်းမွန်လာသည့်အပေါ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းတွင် ကုန်တင်ယာဉ်ကြီးများ  မောင်းနှင်သူ ယာဉ်မောင်း ကိုကျော်ဇင်က “မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က ခဂရားယန်၊ မိုင်ထောင်၊ အင်ကောမ၊ ဖုံအင်၊ ဖုံချန်၊ ဆွမ်ပီယန် ကျေးရွာတွေတစ်လျှောက် အရင်က ဧရာမဗွက်တန်းကြီးဖြစ်နေပြီးတော့ ဒီလမ်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူအားလုံးက ကမ္ဘာကျော်ဗွက်တန်းကြီးလို့တောင် အမည်ပေးတာရှိတယ်။ အခုတော့ လမ်းကောင်းလာသလို လမ်းပေါ်က တံတားတွေကလည်း ခိုင်ခံ့တဲ့ ကွန်ကရစ်တံတားတွေ ဖြစ်လာပြီ။ မြစ်ကြီးနားကနေ ပူတာအိုအထိ ကုန်ပို့ဆောင်ခက အရင်က တစ်ပိဿာ ငွေကျပ် ၁၂၀၀ လောက်ကနေ အခု လမ်းကောင်းတော့ တစ်ပိဿာ ငွေကျပ်၂၀၀၊ ၂၅၀ ပဲ ရှိတော့တယ်။ Pajero လိုင်းကားခကလည်း ခရီးသည်တစ်ဦး ကို အရင်က ငွေကျပ် ၇၀၀၀၀ ကနေ အခု ငွေကျပ် ၄၅၀၀၀ ပဲ ရှိပါတော့တယ်။ လမ်းကောင်းတဲ့ အကျိုးကျေးဇူးပါ” ဟု ဆိုသည်။
 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊ တမူး-စစ်သောင်-ရောင်ဟီးလမ်း၊ ရောင်ဟီး-ပင်လည်ဘူးလမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်း၊ ရေဦး-ကလေးဝလမ်း၊ ပုဏ္ဏားကျွန်း-ရသေ့ တောင်လမ်း၊ မိုင်းဆတ်-တာချီလိတ်လမ်း၊ ကျောက်ဂူ-နောင်ဝိုး-နမ့်လန်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း စသည့် လမ်းပိုင်းကြီးများကောင်း မွန်ရေးအတွက် လမ်းအဆင့်မြှင်တင်ခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့ လမ်းတစ်ခု ဆောင်ရွက်မယ်ဆိုရင် လမ်းရဲ့ Geometric Design နဲ့ Pavement Design ရှိရပါမယ်။ လက်ရှိ လမ်းရဲ့အခြေအနေကို အသေးစိတ် တိုင်းတာရပါမယ်။ ဒီလို တိုင်းတာပြီးမှ ဒီဇိုင်း ထုတ်ပါတယ်။ ထုတ်တဲ့ ဒီဇိုင်းကိုလည်း အလုပ်လုပ်တဲ့အချိန်မှာ လုပ်ငန်းတင်ဒါနဲ့ပဲ လုပ်လုပ်၊ BOT စနစ်နဲ့ပဲ လုပ်လုပ်၊ လမ်းဦးစီး ဌာနကပဲလုပ်လုပ် ဘယ်လိုပဲလုပ်လုပ် လုပ်တဲ့နေရာတိုင်းမှာ လမ်းဆောင်ရွက်မယ့် အလွှာတိုင်းကို အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီး ဆောင်ရွက်ပါတယ်။ စစ်ဆေးပြီးမှ လုပ်ငန်းကို Pass လုပ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

လမ်းများ ရေရှည်သုံးစွဲနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိပြီး ဘတ်ဂျက်ရရှိမှုအပေါ် ဦးစားပေးလုပ်ငန်းရပ်များ သတ်မှတ်ကာ နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

“သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေ နှစ်တိုင်း ဘတ်ဂျက်ကနေ ဆောင်ရွက်နေတာရှိပါတယ်။ ကျန်တာက တော့ သက်တမ်းအပိုင်းအခြားအလိုက်၊ လမ်းအမျိုးအစားအလိုက်၊ ဥပမာ AC ဆိုလည်း AC ၊ ကတ္တရာဆိုရင်လည်း ကတ္တရာ ထပ်ပိုးလွှာခင်း ရပါတယ်။ ဒီလို လမ်းတွေ ပြင်ဆင်ဖို့က သာမန်ဘတ်ဂျက်နဲ့ပဲ ဦးစားပေး အစီအစဉ် အလိုက် သတ်မှတ်ဆောင်ရွက်ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် လမ်းပျက်စီးမှုရှိခဲ့ရင်တော့ အထူး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနဲ့လည်း ဆောင်ရွက်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောသည်။

 

လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လမ်းစီမံကိန်းများနှင့်ပတ်သက်၍ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမြင့်ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား AC လမ်းမကြီးအဖြစ် ၀ ကီလိုမီတာမှ ၆၄ ကီလိုမီတာ အတွင်းကို ADB ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလမ်းအပိုင်းအား အသေးစိတ် Design ရေးဆွဲခြင်းနှင့် တင်ဒါ အချက်အလက် ပြင်ဆင်ခြင်းတို့ကို KOREA နိုင်ငံမှ Yooshin Engineering Corporation (Consultant) က ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၆၄ ကီလိုမီတာမှ ၅၈၈ ကီလိုမီတာအထိ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် KOICA အကူအညီဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း လုပ်ငန်းများ (Feasibility Study) ဆောင်ရွက် နေဆဲဖြစ်ကြောင်း၊ ရန်ကုန်-ပုသိမ်-ငရုပ်ကောင်းလမ်းအသစ် ၂၁၆ ကီလိုမီတာ အရှည်အား လေးလမ်းသွား ကတ္တရာကွန်ကရစ် လမ်းသစ်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် လည်း KOICA အကူအညီဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းများ (Feasibility Study) ဆောင်ရွက်နေကြောင်း ပြောပြသည်။

 

ထို့အတူ သီလဝါ-သနပ္ပင်-ကျိုက်ထို လမ်းအပိုင်းတွင် ပဲခူး(သနပ္ပင်)မှ သန်လျင် (သီလဝါ) အပိုင်း ၉၉ ကီလိုမီတာအား ၁၁ မီတာအကျယ် ကတ္တရာကွန်ကရစ် လမ်း (AC) ခင်းရန် ADB ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမြန်လမ်း အဖြစ် ဆောင်ရွက်မည့် လမ်းသစ် ပဲခူး-ကျိုက်ထိုလမ်း ၆၄ ဒသမ ၅ ကီလိုမီတာအား ၂၃ ဒသမ ၅ မီတာ အကျယ် လေးလမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းခင်းခြင်းကို ADB ချေးငွေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေး-ထီးချိုင့်-နမ့်ခမ်းလမ်း ကီလိုမီတာ ၄၆၀၊ နေပြည်တော်-ကျောက်ဖြူလမ်း ကီလိုမီတာ ၃၅၀ တို့ကို လက်ရှိအခြေအနေ တွင် တရုတ်နိုင်ငံမှ အကူအညီဖြင့် Feasibility Study လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးမြင့်ဦးက ဆက်လက်ပြောသည်။
 

PPP စနစ်ဖြင့် ဖော်ဆောင်သော လမ်းစီမံ ကိန်းကြီးများအဖြစ် ရန်ကုန် Inner Ring Road စီမံကိန်း၊ ထိုင်းနိုင်ငံ NEDA ချေးငွေဖြင့် ထားဝယ်(SEZ)-မေတ္တာ-ထီးခီးလမ်း စီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန် Outer Ring Road အတွက် JICA အကူအညီဖြင့် Feasibility Study လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမ်းဦးစီးဌာနသည် ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်းအဖြစ် ကတ္တရာ ကွန်ကရစ်ခင်းခြင်း ၊ လမ်းလယ်ကျွန်းအား Raised Median မှ Depressed Median သို့ ပြောင်းလဲ၍ Median Shoulder တိုးချဲ့ ခြင်းနှင့် Guard Rail တပ်ဆင်ခြင်း ၊ လမ်းလယ် ကျွန်း ရေမြောင်းတည်ဆောက်ခြင်း ၊ အမြန် လမ်းမကြီးနှင့်အပြိုင် ကျေးရွာချင်းဆက် ကုန်ထုတ်ဆက်သွယ်ရေးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

“ရန်ကုန်-မန္တလေးအမြန်လမ်းကိုလည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ KOICA နဲ့ ဖြစ်နိုင်စွမ်း လေ့လာမှုလုပ်ငန်း (Feasibility Study)တွေကို ပူးပေါင်း ဆောင်ရွက်နေပါတယ်။ Feasibility Study ပြီးရင် ဒီအပေါ်မှာအခြေခံပြီး PPP စနစ်နဲ့ ဘုရားကြီးကနေ မန္တလေးအထိ စီမံကိန်း လုပ်ငန်းဆောင်ရွက်ဖို့ လျာထားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

ထို့ပြင် ရခိုင်ပြည်နယ်တွင် ကျောက်ပန္ဒု-အင်းဒင်-စေတီပြင်တောင်ကျော်လမ်း၊ ကြိမ် ချောင်း-ဂုပ္ပိတောင်ကျော်လမ်း၊ ဥဒေါင်း-ညောင်ချောင်းတောင်ကျော်လမ်း၊ သက်ကိုင် ညာ-ပဒဂါးတောင်ကျော်လမ်း၊ ကညင်တန်း-အလယ်သံကျော်-အငူမော်လမ်း၊ ရသေ့ တောင်-ဘူးသီးတောင်လမ်း၊ မောင်တော-ကျီးကန်းပြင်-ကြိမ်ချောင်း-အောင်သပြေ-ဗန္ဒုလမ်း၊ မောင်တောနယ်စပ် ခြံစည်းရိုး ချဉ်းကပ်လမ်း(တောင်ပြို-ကြိမ်ချောင်းလမ်း) စသည့် မောင်တောဒေသ လမ်းကွန်ရက် စီမံကိန်း ရှစ်ခုကို လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
 

အလားတူ B.O.T စနစ်ဖြင့် ကုမ္ပဏီ ၂၃ ဖွဲ့ လမ်းပေါင်း ၆၀ ၊ လမ်းအရှည် ၂၉၅၃ မိုင် ၂ ဖာလုံအား ဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုမ္ပဏီများက ဆောင်ရွက်သည့် ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်း၊ ဘုရား ကြီး-ကျိုက်ထို-သထုံ-မော်လမြိုင်-သံဖြူ ဇရပ်လမ်း၊ သထုံ-ဘားအံလမ်း၊ မိတ္ထီလာ-ကလော-တောင်ကြီးလမ်း၏ ကလော-တောင်ကြီး လမ်းပိုင်းများကို ကတ္တရာကွန်ကရစ် ခင်းခြင်း လုပ်ငန်း၊ ထုံခါ-သဲဖြူ-မောတောင် လမ်းပိုင်း ကတ္တရာလမ်း/ကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်း၊ စစ်ကိုင်း-မုံရွာလမ်း ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ပြည်သူများ အသုံးပြုသွားလာနေပြီဖြစ်ကြောင်း သိရသည်။
 

“မြန်မာနိုင်ငံမှာရှိတဲ့ လမ်းတွေကို စံဝန်ရိုး အလေးချိန် Standard axle Load (၁၀)တန်နဲ့ ဒီဇိုင်းပြုလုပ် သတ်မှတ် ထားတာပါ။ ဒါကြောင့် ကားတွေမှာ သတ်မှတ် axle Load ထက် ပိုမတင်ဖို့ကလည်း အရေးကြီးပါတယ်။ ဂိတ် တွေမှာ အလေးချိန်စစ်ဆေးတာတွေရှိပါတယ်။ ဒါပေမဲ့ ကုန်ကို အရင်ကဲ့ထားပြီး ဂိတ် ကျော်ပြီးရင် သတ်မှတ်တန်ချိန် ကို ပိုတင်တာ မျိုးတွေရှိပါတယ်။ ဒါတွေကို အသိနဲ့ရှောင်ဖို့ လိုပါတယ်။ လမ်းဦးစီးဌာနကလည်း သက်ဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်း၊ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။ ပြီးတော့ လမ်းနယ် မကျူးကျော်ဖို့ပါ။ လမ်းနယ်ဆိုတာ လမ်းပြင် ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်တဲ့အခါ အသုံးပြုနိုင်ဖို့ လိုအပ်လို့ထားတာပါ။ ဒါ့အပြင် ထပ်ပြီးတိုးလာတဲ့ လူဦးရေအတွက် နောင်တစ်ချိန်မှာ လမ်းကို တိုးချဲ့နိုင်ဖို့ လမ်းနယ် ကိုပဲ သုံးရမှာဖြစ်တဲ့အတွက် လမ်းနယ်ကို ကျူးကျော်အသုံးမပြုဖို့ကလည်း အရေးကြီးပါတယ်” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

 

လမ်းပိုမိုကောင်းလာသည်နှင့်အမျှ မော်တော်ယာဉ်များ သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာမှုလျော့ရဲခြင်းကြောင့် ယာဉ် ထိခိုက်မှုအန္တရာယ်များလည်း ပိုမိုဖြစ်ပေါ် လာတတ်သည့်အတွက် လမ်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 

“အထူးသဖြင့် မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်တဲ့ မတော်တဆထိခိုက်မှုဟာ သိသိသာသာကြီးကို တိုးတက် လာပါတယ်။ ဒါကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့်စည်းကမ်းနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့ အရေးကြီးပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က မှတ်ချက်ပြုသည်။
လမ်းဦးစီးဌာနအောက်တွင် လမ်းအန္တရာယ်ကင်းရှင်းရေးဌာန - Road Safety ဌာနကို တိုးချဲ့ဖွဲ့စည်းထားရှိကာ ပြည်သူများ လမ်းအသုံးပြုရာတွင် သိရှိလိုက်နာရမည့် အသိပညာပေးခြင်း၊ အသိပေးဆိုင်းဘုတ်များ Road Facility များနှင့် လမ်းအချက်ပြသင်္ကေတများ တပ်ဆင်ခြင်း၊ လမ်းများတွင် Road Safety Inspection စစ်ဆေးခြင်း၊ Road Safety Inspection Design များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းဆောင်းပါး-ရှင်မင်း
ဓာတ်ပုံ-မောင်ဖိုးဇော်(ကလေး)