ဒေါက်တာဇင်မာကျော်
(သတင်းအတတ်ပညာ)

 

ကိုဗစ် -၁၉ ဟု အမည်သညာတပ်ခဲ့ကြသည့် ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်ကို ကမ္ဘာတစ်လွှားက နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်နေကြရသည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့်အတူ သတင်းအမှား၊ သတင်းအတု၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများသည်လည်း တစ်ဟုန်ထိုးပျံ့နှံ့လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ နှင့်ပတ်သက် သည့် သတင်းအမှား၊ သတင်းအတုနှင့် လုပ်ကြံသတင်း များကြောင့် "Infodemic" “သတင်းအချက်အလက် ကပ်ဘေးသင့်ခြင်း” ဖြစ်နေကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အသိပေးနှိုးဆော်ခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ဘေးနှင့် ယှဉ်တွဲပါလာသည့် ဒုတိယကပ်ရောဂါမှာ "disinfodemic" သတင်းအချက်အလက်အမှားကပ်ဘေး ဖြစ်ပြီး ယင်းကပ်ဘေးနှစ်ခုစလုံးသည် အသက်သေဆုံး စေနိုင်ကြောင်း သတိပေးခဲ့သည်။

ယုံကြည်စိတ်ချရသည့် သက်ဆိုင်ရာသတင်း ရင်းမြစ်မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ ထက် တိကျသေချာမှုအားနည်းသည့် ဆိုရှယ်မီဒီယာ ပေ့ချ်များ၊ ပို့စ်များမှ သတင်းများပျံ့နှံ့မှုက ဗိုင်းရပ်စ် ပျံ့နှံ့မှုထက် ပိုမိုအရှိန်ပြင်းခဲ့သည်။ သမားရိုးကျမီဒီယာ ထက် ပျံ့နှံ့ရောက်ရှိမှုအား မြန်ဆန်လွန်းသည့် ဆိုရှယ် မီဒီယာကို အခြေပြုကာ မမှန်ကန်သည့်သတင်းများ အရှိန်အဟုန်ဖြင့် ဝင်ရောက်ခဲ့ကြသည်။ သာဓကအနေဖြင့် ကမ္ဘာနှင့်တစ်ဝန်းတွင် သတင်းအမှားများသည် မူဝါဒ ရေးဆွဲသူများအပေါ် မယုံကြည်မှု၊ ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်မှုများဆီသို့ ပြောင်းလဲစေခဲ့ သည်။


ထို့အပြင် ကိုဗစ်-၁၉ သည် ကမ္ဘာ့နေရာ အနှံ့အပြား တွင် ကြောက်ရွံ့တုန်လှုပ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် သည်းခံ စိတ်ပျောက်ဆုံးမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သလို တစ်ဦးတစ်ယောက်ချင်းမှသည် လူ့အဖွဲ့အစည်းများအထိ စိုးထိတ်မှုကြောင့် ပေါ်ပေါက်လာသော အမုန်းစကား များ၏ ပစ်မှတ်ဖြစ်ခဲ့ကြပြန်သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးထက် ပျံ့နှံ့မှုပြင်းထန်ခဲ့သည်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအမှားများပင် ဖြစ်သည်။ ပြည်သူများအကြား စိုးရိမ်စိတ်ဖြင့်ဖြန့်ခဲ့ကြသည့် သတင်းအမှားများစွာ ပေါ်ထွက်ခဲ့သလို ဝိသမလောဘသားများက ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဖြူးခဲ့သည့် သတင်းအတုနှင့် လုပ်ကြံသတင်းများ၏အရှိန်က ပိုမိုပြင်းထန်ခဲ့သည်။

 

ဆေးသိပ္ပံပညာရှင်များကပင် အတည်မပြုနိုင် သေးသည့် တိရစ္ဆာန်အချို့မှ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားသည်ဆိုသည့် သတင်းအမှားမျိုးမှစတင်ကာ တမာရွက်ပြုတ်သောက်လျှင် ကိုဗစ်ပိုးသေစေနိုင်သည် ဆိုသည်ကတစ်မျိုး၊ ဆားရည်နှင့် မှန်မှန်ပလုတ်ကျင်းပါက ကိုဗစ်ပျောက်သည်ဆိုသည့် သတင်းအမှားများအကြား ပြည်သူများ ဗျာများခဲ့ကြရသည်။ ပြည်သူတို့၏ ကျန်းမာရေးအတွက် စိုးရိမ်စိတ်မြင့်တက်နေချိန် ခံတွင်းသန့်စင်ဆေးများ မှန်မှန်သုံးစွဲပါက ကိုဗစ်ကာကွယ် နိုင်ကြောင်း သတင်းအတုတင်ခဲ့သည့် လူမှုကွန်ရက် အကောင့်သည် ထိုပို့စ်တင်ပြီးနောက် ခံတွင်းသန့်ဆေး ကြော်ငြာများ ဆက်တိုက်တင်နေခဲ့ကြောင်း လူအများစုက သတိမပြုမိခဲ့ကြပါ။
ရောဂါပိုးတွေ့ရှိရာ နေရာဒေသအသစ် ပေါ်ထွက်ခဲ့ သည့်အခါမျိုးတွင် လူမှုကွန်ရက်၌ ပြည်သူများအကြား စိုးရိမ်စိတ်ဖြင့် ဖြန့်ဝေနေကြသည့်သတင်းများ အချိန်တို အတွင်း များစွာပျံ့နှံ့နေစဉ် သတင်းအမှားများလည်း ရောထွေးပျံ့နှံ့လျက်ရှိသည်။ လတ်တလောတွင် အန္တရာယ် ကြီးမားသည့် ကျန်းမာရေးဆိုင်ရာ သတင်းမှား တစ်ခုမှာ ကိုဗစ်-၁၉ မိမိမှာဖြစ်နေပြီဟု သံသယရှိလျှင် အိမ်တွင်း ၌ အလွယ်ကူဆုံးနှင့် ငွေကုန်အသက်သာဆုံး ရှေးဦး သူနာပြုစုကုသရန် နည်းလမ်းများဆိုသည့် ကပ်ရောဂါ ဆိုင်ရာ လိုက်နာရမည့်ညွှန်ကြားချက်များနှင့် သွေဖည် နေသည့် သတင်းအမှားတစ်ခုကို လူမှုကွန်ရက်တွင် အများအပြား ဖြန့်ဝေနေကြခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် အိမ်တွင်းကုထုံးဖြင့် ကုသ၍မရဘဲ သံသယရှိလူနာမှသည် ရောဂါပိုးရှိလူနာအထိ စောင့်ကြည့် လူနာအဖြစ် ကုသပေးရမည့်ကပ်ရောဂါမျိုးဖြစ်ကြောင်း ပြည်သူများ သတိမူရပါမည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဘေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက် များကို အမြဲသတိပြုလိုက်နာရပါမည်။ ကျန်းမာရေးဆိုင်ရာ သတင်းအမှားများသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ပင် သေစေနိုင် လောက်ကြောင်း သတိပြုမိစေလိုပါသည်။

ဗိုင်းရပ်စ်ပိုးကဲ့သို့ပင် ကူးစက်မှုနှုန်းမြန်သည့် သတင်းအမှားများကို တိုက်ဖျက်ရန် အထိရောက်ဆုံး နည်းလမ်းမှာ လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိစေမည့် သတင်းအချက်အလက်များကို သတင်းစီးဆင်းမှု မြန်မြန် ဆန်ဆန်နှင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်ဆောင်ရွက် ခြင်းပင် ဖြစ်သည်။ မှန်ကန်တိကျသည့်သတင်းများကို ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များမှ ပြည်သူများသိလိုစိတ်ပြင်းပြနေချိန်တွင် သိရှိရခြင်းသည် သတင်းအမှား များနောက် ထင်ယောင်ထင်မှားဖြင့် လိုက်စရာမလိုတော့ ပေ။ စစ်မှန်သော သတင်းမီဒီယာများကလည်း အချိန်နှင့် တစ်ပြေးညီ မှန်ကန်တိကျသောသတင်းများ တင်ဆက် နိုင်ရန် အစဉ်သင့်ရှိနေရမည်။

ပြည်သူများကလည်း သတင်းအမှား ကပ်ဘေးမှ ကင်းဝေးရန် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များမှ သတင်းများကိုသာရယူရန် လိုအပ်ပါသည်။ သတင်း မီဒီယာများက ရေးသားထုတ်ဝေ၊ ထုတ်လွှင့်တင်ဆက်သော သတင်းများနှင့် တိုက်ဆိုင်စစ်ဆေးပါ။ ဖေ့စ်ဘွတ်လူမှု ကွန်ရက်တွင် “သတင်း/ မီဒီယာ/ သတင်းအေဂျင်စီ” အစရှိသည့်အမည်များဖြင့့် ဖွင့်ထားသော လူမှုကွန်ရက် စာမျက်နှာနှင့် ဖေ့စ်ဘွတ်အကောင့်တိုင်းသည် သတင်း မီဒီယာအစစ်များ မဟုတ်ကြောင်းနှင့် သတင်းအမှားများ ဖြန့်ဝေနေသည့်အကောင့် များစွာရှိနိုင်ကြောင်း သတိ ချပ်ပါ။ စိုးရိမ်စိတ်ဖြင့် မသေချာသောသတင်းများကို လူမှုကွန်ရက်တွင် မမျှဝေမိပါစေနှင့်။

အထူးသဖြင့် လူမှုကွန်ရက်တွင် ကိုဗစ်-၁၉ နှင့် ဆက်စပ်သည့်အကြောင်းအရာတစ်ခုခုကို ဖတ်မိသည့် အခါ သတင်းတစ်ခု၏ခိုင်လုံမှုကို စိစစ်ရန်အတွက် ဘယ်သူက ဒီသတင်းကို ရေးသားတာလဲ၊ ဘာအကြာင်း အရာကို ရေးထားတာလဲ၊ အခြားဘယ်နေရာမှာ ဒီသတင်းကို တွေ့ရပါသေးသလဲ၊ ဒီသတင်းကို ဘယ်အချိန်က ကြေညာခဲ့ပါသလဲ၊ ဘာကြောင့် ဒီသတင်းကို လွှင့်ခဲ့တာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ဒီသတင်းကို ရေးသားထားတာလဲ (လူစိတ်ဝင်စားမှုရအောင် တမင် ဖန်တီးရေးသားထားတာလား) ဆိုတာကို မိမိကိုယ်မိမိ ပြန်မေးကြည့်ဖို့လိုအပ်ပါသည်။ ထို့ကြောင့် လူမှုကွန်ရက် တွင် တွေ့သည့်သတင်းများကို ဖတ်မိပြီးလျှင် မှန်ရဲ့လား၊ သေချာရဲ့လား၊ အကျိုးရှိရဲ့လားဆိုတာကို မိမိကိုယ်မိမိ ပြန်မေးပါ။ မရှယ်ခင်စဉ်းစားပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်ပါ။ မသေချာသောသတင်း များကို မယုံကြည်ပါနှင့်။ မရှယ်ပါနှင့်။ ထိုကဲ့သို့ အများစုမှ ဆောင်ရွက်ကြလျှင် သတင်းအမှားများ ပျံ့နှံ့မှု အတိုင်းအတာတစ်ခုအထိ လျော့ကျနိုင်ပါသည်။


သတင်းအချက်အလက်စီးဆင်းမှု အားကောင်းလျှင် သတင်းအမှားများအတွက် နေရာမရှိနိုင်ပါ။ အချက် အလက်စိစစ်နိုင်သည့် အသိပညာကိုယ်ခံအားကောင်းလျှင် သတင်းအမှားဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါလိမ့်မည်။ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို ပြည်သူများ လိုက်နာကြသလို သတင်းအချက်အလက်နှင့် မီဒီယာ ဆိုင်ရာသိနားလည်ရမည့်အချက်များကိုလည်း သိရှိနိုင် စေရန် ဝေမျှလိုက်ရပါသည်။ ပြည်သူများ သတင်းအမှား ကပ်ဘေးမှ ကင်းဝေးကြပါစေ။ ။

ကိုးကား (Disinfodemic: Deciphering Covid-19 disinformation, UNESCO)