သိန်းဇော် (သုံးဆယ်)

 

နိုင်ငံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားလာစေရန် ဆောင်ရွက်ဖို့ဆိုသည်မှာ လွယ်ကူလှသည့်အလုပ်မဟုတ်ပါ။ ပြုပြင်ပြောင်းလဲမှု များအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်မှသာ မိမိတို့ သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ် ပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း များသာမက ပြည်သူအားလုံး ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product-GDP) မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခွန်အကောက် ကောက်ခံ ရရှိငွေ မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရန်မှာ လည်း အရေးကြီးပါသည်။

 

ပေးဆောင်ရန်တာဝန်ရှိ

 

တိုင်းပြည်၏အခွန်အကောက်ရငွေနှင့် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏အချိုး (Tax To GDP Ratio) မြင့်မားလာမှသာ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော အခြေခံ အဆောက်အအုံများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်း များကို လိုအပ်သည့်နေရာများအတွက် အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ အခွန်ရရှိမှု နည်းပါးပါက ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် စစ်မှန် သည့်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ခက်ခဲမည်ဖြစ် သည်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ ပါ ပြဋ္ဌာန်းချက် အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာခြင်း ဖြင့် ကျွန်ုပ်တို့လျှောက်လှမ်းနေသည့် ပန်းတိုင်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဆီသို့အရောက် လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

 

ကျွန်တော်တို့နိုင်ငံတွင် အခွန်အကောက်အမျိုး အစား ၂၂ မျိုးကို ပြည်ထောင်စုအစိုးရက ကောက်ခံ လျက်ရှိပါသည်။ ၎င်းတို့အနက် ခြောက်မျိုးကို ပြည်တွင်း အခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံပေးနေကြောင်း သိရှိရပါသည်။ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူး ကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆု ခွန်နှင့် ရတနာခွန်တို့ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရက ကောက်ခံရမည့်

 

အခွန်အကောက်စုစုပေါင်းမှာ ၈၆၁၅ ဒသမ ၇၇၇ ဘီလီယံကျော်ရှိပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရမည့်အခွန်စုစုပေါင်းမှာ ၆၈၃၅ ဒသမ ၃၅၈ ဘီလီယံကျော်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု ၏အခွန်အကောက် ဥပဒေ(မူကြမ်း) ဇယား (၁) ပါ မူလလျာထားချက်အရ တွေ့ရှိရသည်။ ထို့ကြောင့် ပြည်ထောင်စုအစိုးရက ကောက်ခံရမည့် အခွန်အကောက် စုစုပေါင်း၏ ၈၀% ခန့်ကို ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံပေးရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

အဆိုပါ ဥပဒေ (မူကြမ်း) အရ ကုန်သွယ်လုပ်ငန်းခွန် ကဏ္ဍတွင် ကောက်ခံရမည့် အခွန်ပမာဏမှာ ၂၂၀၁ ဒသမ ၉၅၄ ဘီလီယံကျော်ရှိကြောင်း တွေ့ရှိရပြီး ပြည်ထောင်စု အစိုးရက ကောက်ခံရမည့် အခွန်အကောက်စုစုပေါင်း၏ ၂၆ % ခန့် ပါဝင်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် ဘဏ္ဍာငွေရရှိရေးတွင် ကုန်သွယ်လုပ်ငန်းခွန်သည် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်နေပါသည်။

 

ကုန်သွယ်လုပ်ငန်းခွန်

 

ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲမှုအတွက် ကုန်စည်ဝယ်ယူသူ (သို့) ဝန်ဆောင်မှုရယူသူ (End User) က ကျခံရသည့်အခွန် အမျိုးအစားဖြစ်ပါသည်။ ကုန်စည်ရောင်းချသူ (သို့) ဝန်ဆောင်မှုဆောင်ရွက်ပေးသူက မိမိ၏ရောင်းရငွေ(သို့) ဝန်ဆောင်မှုရငွေနှင့်အတူ စားသုံးသူများထံမှ တစ်ပါ တည်းကောက်ခံပြီး နိုင်ငံတော်သို့ ပေးသွင်းရသည့် သွယ်ဝိုက်ခွန် (Indirect Tax) အမျိုးအစားဖြစ်သည်။ ဥပမာ စားသောက်ဆိုင်တစ်ဆိုင်၌ ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်ပြီး ငွေတောင်းခံသည့်အခါ ပေးဆောင်လိုက်ရသည့်အခွန်နှင့် တယ်လီဖုန်း Hand Set များ ဝယ်ယူရာ၌ Hand Set ဘူးခွံပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်ပြီး ပေးဆောင်လိုက်ရသည့်အခွန် တို့သည် ကုန်သွယ်လုပ်ငန်းခွန်အမျိုးအစားများ ဖြစ်ကြပါသည်။ ထို့ကြောင့် စားသောက်ဆိုင်တွင် စားသုံးပြီး ကျသင့် ငွေပေးချေရာတွင် စားသုံးသူအား ပြေစာမယူပါက ကျသင့် ငွေသက်သာမည်ဟု ပြောဆိုသည့်လုပ်ငန်းရှင်များ၊ ပြေစာ ထုတ်မပေးသည့် လုပ်ငန်းရှင်များ၊ ပြေစာထုတ်ပေးသော်လည်း အခွန်အမှတ်တံဆိပ် ပြည့်ဝစွာကပ်နှိပ်ပေးခြင်းမရှိသည့် လုပ်ငန်းရှင်များ၊ ထိုသို့ ဆောင်ရွက်ရန် သဘောတူသည့် စားသုံးသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် အခွန်တိမ်းရှောင် သူများ၊ အခွန်တိမ်းရှောင်ခြင်းကို အားပေးသူများ ဖြစ်မှန်း မသိဖြစ်နေသည်ကို သတိပြုရှောင်ရှားသင့်ကြပေသည်။

 

လုပ်ငန်းဆောင်ရွက်မှုအဆင့် တစ်ခုချင်းစီတိုင်း၏ ရောင်းရငွေ / ရငွေ (Turnover) ပေါ်မှာ ကောက်ခံခြင်းဖြစ် သော်လည်း လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှကုန်စည် တင်သွင်းစဉ်၊ ကုန်စည်ဝယ်ယူစဉ်၊ ဝန်ဆောင်မှုရယူစဉ်က မိမိပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံး သူများပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်မှ စည်းမျဉ်း များနှင့်အညီ အခွန်ခုနှိမ်ခွင့်ရှိကြောင်းကိုလည်း လေ့လာ သိရှိရပါသည်။ ယခင်က တင်သွင်းလာသည့် ပုံသေပိုင်ပစ္စည်း များအတွက် ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခွင့် မရရှိခဲ့ သော်လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၁၅-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၆ / ၂၀၂၀)ဖြင့် လုပ်ငန်း၏ပုံသေပိုင်ပစ္စည်းအတွက် ပေး ဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ခုနှိမ်ခွင့်များပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်သည် အခြားနိုင်ငံများတွင် ကျင့်သုံး သည့် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်(Goods & Services Tax)နှင့် ထပ်တိုးတန်ဖိုးဖြည့်အခွန် (Value Added Tax) တို့နှင့် ပုံစံခပ်ဆင်ဆင်တူညီကြောင်း တွေ့ရှိရပါသည်။

 

ကဏ္ဍ(၃) ရပ်လုံးအပေါ်တွင် အကျိုးသက်ရောက်

 

ကုန်သွယ်လုပ်ငန်းခွန်သည် အခွန်အခြေ (Tax Base) ပိုမိုကျယ်ပြန့်သဖြင့် စားသုံးသူအားလုံး ပါဝင်ပေးဆောင်ရ သည့် အခွန်စနစ် (All Inclusive Tax System) တစ်ရပ် လည်း ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံပိုင်၊ သမဝါယမနှင့် ပုဂ္ဂလိက ကဏ္ဍ(၃) ရပ်လုံးအပေါ်တွင် အကျိုးသက်ရောက်ခဲ့ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်သည် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ် ရောင်းချခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ကုန်သွယ်မှုဆောင် ရွက်ခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များအပေါ်တွင် ကောက်ခံပါသည်။

 

ကမ္ဘာ့နိုင်ငံအသီးသီး၏ သွယ်ဝိုက်ခွန်ဥပဒေများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်း၊ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုသာ အခွန်မကျသင့်သည့် ဝန်ဆောင်မှုများအဖြစ် သတ်မှတ်ပြီး ကျန်ဝန်ဆောင်မှုလုပ်ငန်း များအပေါ် အခွန်ကောက်ခံသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်ကြ သည်ကို တွေ့ရှိရပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြဋ္ဌာန်းစဉ်က ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ဖျော်ဖြေမှု လုပ်ငန်း၊ ကုန်စည်ဝယ်ရောင်းချသည့် ကုန်သွယ်မှု လုပ်ငန်း၊ ဟိုတယ် / တည်ခိုခန်းလုပ်ငန်းနှင့် စားသောက် ဖွယ် ရောင်းချရေးလုပ်ငန်း စသည့်လုပ်ငန်းများအပေါ် ၅%မှ ၁၂၀% အထိ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေ ခဲ့ကြောင်း သိရှိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတကာအခွန်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များကိုရယူ၍ အခွန် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဝန်ဆောင်မှု ၁၄မျိုးအား အခွန်ကျသင့်သည့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ % ကောက်ခံခဲ့ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အခွန်မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှအပ ကျန်ဝန်ဆောင်မှု လုပ်ငန်း များအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရန် ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

အခွန်မူဝါဒကို ပြောင်းလဲချမှတ်ရန်လိုအပ်

 

နိုင်ငံတော်၏ ဝင်ငွေတည်ငြိမ်မှုဖြစ်စေရန်အတွက် အခွန်မူဝါဒကို ပြောင်းလဲချမှတ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အခွန်ဥပဒေများအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ခြင်း/ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှစတင်၍ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နှစ်စဉ်ပြဋ္ဌာန်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဝင်ငွေခွန်ဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် ခြင်းနှင့် ထပ်တိုးတန်ဖိုးဖြည့်အခွန် (Value Added Tax) မူဝါဒရေးဆွဲပြုစုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

ကျွန်တော်တို့နိုင်ငံတွင် ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများအား ကမ္ဘာ့နိုင်ငံအသီး သီးတွင် ကောက်ခံလျက်ရှိသော သွယ်ဝိုက်ခွန်နှုန်းထားများ နှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်နည်းပါးနေသည်ကို တွေ့ရှိရ မည်ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဗြိတိန်နိုင်ငံ တွင် ၂၀%၊ အမေရိကန်နိုင်ငံတွင် ၁၀%၊ ပြင်သစ်နိုင်ငံတွင် ၂၀%၊ ဂျာမနီနိုင်ငံတွင် ၁၆%၊ နော်ဝေနိုင်ငံတွင် ၂၅ %၊ ဆွစ်ဇာလန်နိုင်ငံတွင် ၇ %၊ အိုင်ယာလန်နိုင်ငံတွင် ၂၃ %၊ ဩစတြေးလျနိုင်ငံတွင် ၁၀ %၊ အိုင်စလန်နိုင်ငံတွင် ၂၄ %၊ ဆွီဒင်နိုင်ငံတွင် ၂၅ %၊ နယ်သာလန်နိုင်ငံတွင် ၂၁ %၊ တရုတ်နိုင်ငံတွင် ၁၃%၊ ဂျပန်နိုင်ငံတွင် ၁၀%၊ ကိုရီးယား နိုင်ငံတွင် ၁၀% ဖြင့် အသီးသီးကောက်ခံလျက်ရှိပါသည်။ အာဆီယံနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့တွင် ၁၀ %၊ မလေးရှားနိုင်ငံတွင် ၆ %၊ စင်ကာပူနိုင်ငံတွင် ၇%၊ ထိုင်းနိုင်ငံတွင် ၇% ၊ ဗီယက်နမ် နိုင်ငံတွင် ၁၀%၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၂% အသီးသီး ကောက်ခံလျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ သွယ်ဝိုက်ခွန်ကောက်ခံမှုနှုန်းသည် ပျမ်းမျှအားဖြင့် ၁၅ ဒသမ ၅% ရှိပြီး မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် ၅% သာ ကောက်ခံ လျက်ရှိသောကြောင့် ကမ္ဘာ့သွယ်ဝိုက်ခွန်နှုန်းထား၏ သုံးပုံ တစ်ပုံခန့်သာရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏ ကုန်သွယ်ခွန်ကောက်ခံမှုနှုန်းထား သည် ကမ္ဘာ့နိုင်ငံများတွင်သာမက အာဆီယံနိုင်ငံများ တွင်ပင် အနည်းဆုံးဖြစ်နေသည်ကို လေ့လာသိရှိရပါသည်။

 

နိုင်ငံတော်အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများ လျှော့ချကောက်ခံလျက်ရှိသည့်အပြင် ကင်း လွတ်ခွင့်၊ သက်သာခွင့်များကိုလည်း ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းကာ ကုန်စည် ၄၂ မျိုးနှင့် ဝန်ဆောင်မှု ၃၂ မျိုးအား ကင်းလွတ် ခွင့် ပြုထားပါသည်။ ထို့အပြင် နှစ်တစ်နှစ်အတွင်း ရောင်းရငွေ / ရငွေကျပ်သိန်း ၅၀၀ အထိ ကုန်သွယ် လုပ်ငန်းခွန် စည်းကြပ်ခြင်းမရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျွန်တော်တို့နိုင်ငံကဲ့သို့ ကင်းလွတ်ခွင့်များစွာ ခွင့်ပြုထားခြင်းများမရှိကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

 

မြန်မာနိုင်ငံ၏ Tax To GDP Ratio သည်

အနိမ့်ဆုံးအခြေအနေဖြစ်

 

ကျွန်တော်တို့နိုင်ငံ၏ Tax To GDP Ratio သည် ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အလွန်နိမ့်ကျလျက်ရှိပါ သည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၈ ခုနှစ်အတွက် ကိန်းဂဏန်း အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ Tax To GDP Ratio သည် ဗြိတိန်နိုင်ငံတွင် ၂၅ ဒသမ ၅ %၊ အမေ ရိကန်နိုင်ငံတွင် ၉ ဒသမ ၆%၊ ပြင်သစ်နိုင်ငံတွင် ၂၄ ဒသမ ၂%၊ ဂျာမနီနိုင်ငံ တွင် ၁၁ ဒသမ ၅%၊ နော်ဝေနိုင်ငံတွင် ၂၃ ဒသမ ၉%၊ ဆွစ်ဇာလန်နိုင်ငံတွင် ၁၀ ဒသမ ၁%၊ အိုင်ယာလန်နိုင်ငံတွင် ၁၈ ဒသမ ၃%၊ ဩစတြေးလျနိုင်ငံ တွင် ၂၃%၊ အိုင်စလန်နိုင်ငံတွင် ၂၃ ဒသမ ၄%၊ ဆွီဒင်နိုင်ငံ တွင် ၂၇ ဒသမ ၉%၊ နယ်သာလန်နိုင်ငံတွင် ၂၃%၊ တရုတ် နိုင်ငံတွင် ၉ ဒသမ ၄%၊ ဂျပန်နိုင်ငံတွင် ၁၁ ဒသမ ၉%၊ ကိုရီးယားနိုင်ငံတွင် ၁၅ ဒသမ ၆% အသီး သီးရှိပါသည်။ Tax To GDP Ratio သည် အာဆီယံနိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် ၁၇ ဒသမ ၁%၊ အင်ဒိုနီးရှားနိုင်ငံ တွင် ၁၀ ဒသမ ၂% ၊ မလေးရှားနိုင်ငံတွင် ၁၂ %၊ စင်ကာပူ နိုင်ငံတွင် ၁၃ ဒသမ ၁%၊ ထိုင်းနိုင်ငံတွင် ၁၄ ဒသမ ၉%၊ ဗီယက်နမ်နိုင်ငံတွင် ၁၀%၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၄%၊ မြန်မာ နိုင်ငံတွင် ၇ ဒသမ ၁ % အသီးသီးရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ Tax To GDP Ratio သည် ကမ္ဘာ့နိုင်ငံ များတွင်သာမက အာဆီယံနိုင်ငံများတွင်ပင် အနိမ့်ဆုံး အခြေအနေဖြစ်နေသည်ကို တွေ့ရှိရပါသည်။

 

အခွန်တိုးတက်ကောက်ခံရရှိရေး ဆောင်ရွက်ရာ တွင် အခွန်အခြေ (Tax Base) ချဲ့ထွင်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်နေကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကောက်ခံနေသော အခွန်နှုန်းနှင့်နှိုင်းယှဉ်ပါက လွန်စွာ နည်းပါးနေခြင်း၊ ကင်းလွတ်ခွင့်/ သက်သာခွင့်များစွာ ပေးထားခြင်းကြောင့် နိုင်ငံတော်တွင် ကျင့်သုံးနေသည့် အခွန်စနစ်သည် မျှော်မှန်းသလောက် ထိရောက်မှု ရှိမည်မဟုတ်ပေ။ ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန်လိုအပ်သည့် ဘဏ္ဍာငွေရရှိရေးကို လျော့နည်းစေပြီး Tax To GDP Ratio နိမ့်ပါးမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်းကိုလည်း ‌တွေ့ရှိရပါသည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် ဘဏ္ဍာငွေများရရှိရေးတွင် ကုန်သွယ်လုပ်ငန်းခွန်သည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး နိုင်ငံ၏ အခွန်ကောက်ခံရရှိမှုတွင် ဒုတိယပမာဏအကြီးမားဆုံး ဖြစ်ပါသည်။ သို့ဖြစ်ရာ အာဆီယံနိုင်ငံများနည်းတူ နှုန်းထားများ ပြင်ဆင်ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသည့် ထပ်တိုးတန်ဖိုးဖြည့်အခွန်စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မူဝါဒများပြုပြင်ပြောင်းလဲခြင်း တို့ကို ဆောင်ရွက်ရန်လိုအပ်သည်သာမက တစ်ဖက်တွင် လည်း အခွန်တိမ်းရှောင်မှုမဖြစ်ပေါ်စေရေး၊ နိုင်ငံ့ဘဏ္ဍာ တိုးတက်ရရှိရေးတို့အတွက် အစိုးရနှင့်ပြည်သူ ဟန်ချက် ညီစွာ ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အတူလျှောက်လှမ်း ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပေသည်။ ။

 

Sources – https// merchantmachine.co,uk

https// data.worldbank.org

Citizen’s Budget Myanmar (2018 – 2019)

 

ကြေးမုံ