ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

ငယ်ငယ်တုန်းက အငြိမ့်တွေ၊ ဇာတ်ပွဲတွေမှာ “နှစ်ကိုယ့်တစ်စိတ်” ဆိုတာကို မြင်ရတွေ့ရတယ်။ အမျိုးသား တစ်ဦးဟာ တစ်ပိုင်းမှာအမျိုးသားတစ်ယောက်လို ဝတ်ဆင်ထားပြီး တစ်ဖက်ကတော့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဖော်ထားတယ်။ သူတို့တစ်ဖက်က ကြည့်ရင် အမျိုးသားအနေနဲ့သာမြင်ရပြီး တစ်ဖက်ကကြည့်ပြန်ရင် အမျိုးသမီးတစ်ဦး လို့ထင်ရတာ။ ဒီနမူနာဟာ ဆောင်းပါး ရဲ့ခေါင်းစဉ်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

 

ခေါင်းဆောင်ခြင်းနဲ့ နောက်လိုက်မှုလို့ပြောရင် အများစုက ခေါင်းဆောင်ခြင်းကိုသာ စိတ်ဝင်စားကြပြီး နောက်လိုက်မှုနဲ့ ပတ်သက်လို့ အာရုံနည်းလှတာ တွေ့ရပါတယ်။ အမှန်တော့ ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက် နောက်လိုက်ကောင်းဖြစ်ဖို့ လိုအပ်တာကို သတိပြုရမယ်။ နောက်လိုက်မှုကို မလုပ်နိုင်တဲ့သူဟာ ခေါင်းဆောင်မှုကို တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး။


ခေါင်းဆောင်မှုနဲ့ ပတ်သက်လာရင် တစ်ချိန်က နားလည်မှုတွေက သမိုင်းအခြေခံတွေ ဖြစ်တယ်။ သူရဲကောင်းတွေ၊ ရဲစွမ်းသတ္တိရှိတဲ့သူတွေ မြင်းဖြူကြီးစီးပြီး၊ ငွေဓားကြီးဆွဲပြီး ဦးဆောင်တဲ့အဖြစ် မြင်ကြတယ်။ ဒီပုံစံကို ကျွန်တော်ငယ်ငယ်က လေ့လာတဲ့ စာအုပ်တွေမှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ၊ သူဌေးကြီးတွေ အကြောင်းကိုပဲ ဖော်ထုတ်ခဲ့တာတွေ့ရတယ်။ အခုလို ဖော်ထုတ်ရာမှာလည်း များသောအားဖြင့် အမျိုးသားခေါင်း ဆောင်တွေကိုသာ ဖော်ပြလေ့ရှိတာ တွေ့ရတယ်။ အမျိုးသမီးခေါင်းဆောင်များနဲ့ ပတ်သက်ပြီး ရံဖန်ရံခါသာ ဖော်ပြတာတွေ့ရပါတယ်။ ခေါင်းဆောင် မှုနဲ့ပတ်သက်လာရင် ရှိတဲ့ရာထူးအာဏာကို အခြေခံထားတာ တွေ့ရတယ်။ အထက်မှအောက်စီးဆင်းတဲ့ ခေါင်းဆောင်မှုပုံစံဖြစ်တယ်။ ခေါင်းဆောင်လုပ်သူရဲ့ အနေအထားကို ဦးစားပေးပြီး နောက်လိုက်မှုရဲ့ အခန်းကဏ္ဍကို တန်ဖိုးမထားခဲ့ကြောင်း တွေ့ရှိရတယ်။ နောက်လိုက်သူတွေကို လျှော့တွက်ခဲ့ ကြတယ်။


ပြောင်းလဲလာသော ခေါင်းဆောင်မှုပုံစံသစ်

အခုချိန်မှာ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အယူအဆတွေ ပြောင်းလဲလာခဲ့တာတွေ့ရတယ်။ တစ်ဦးချင်းကို အခြေခံတဲ့ ပုံစံအစားမျှဝေတဲ့ပုံစံ၊ ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံအသစ်တွေနဲ့ အစားထိုးလာခဲ့တယ်။ ခေါင်းဆောင်မှုဟာ လွှမ်းမိုးမှုသာဖြစ်ကြောင်း ဖော်ထုတ်လာခဲ့တယ်။


အခုလို ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အတွေးတွေ၊ အမြင်တွေ၊ အယူအဆတွေဟာ ခေတ်နဲ့အညီ ပြောင်းလဲ လာခဲ့တာဖြစ်တယ်။ သက်ဦးဆံပိုင်ဘုရင်ခေတ် အာဏာအပြည့်အဝရှိတဲ့ အနေအထားမျိုးမှာ ခေါင်းဆောင်က ရှေ့ကနေပြီး ကျန်တဲ့သူတွေက နောက်ကနေရတဲ့သဘောဟာလည်း သဘာဝကျတယ်။ ဒါပေမယ့် နိုင်ငံရေး အယူအဆတွေ ပြောင်းလဲလာပြီး၊ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးခဲ့တဲ့ အချိန်ကစပြီး အယူအဆတွေဟာ ပြောင်းလဲခဲ့တယ်။ ဒါကြောင့်လည်း ခေါင်းဆောင်မှုကို လေ့လာတဲ့ပညာရှင်တွေက ခေါင်းဆောင်မှုပုံစံအသစ် တွေကို ဖော်ထုတ်ခဲ့ပြန်တယ်။ ဒီအယူအဆတွေအနက် ကျွန်တော်အနှစ်သက်ဆုံးက အစေခံတဲ့ ခေါင်းဆောင်မှု ပဲဖြစ်ပါတယ်။ အစေခံနဲ့တူတဲ့ ခေါင်းဆောင်မှုဟာ အလွန်လေးနက်ပြီး သိမ်မွေ့လှပါတယ်။


သာမန်အားဖြင့် ခေါင်းဆောင်ကို သခင်လို့သတ်မှတ်ကြတယ်။ ခေါင်းဆောင်စစ်မှန်ရင် သခင်မဟုတ်ဘဲ ကျွန်သာ ဖြစ်တယ်။ အစေခံတဲ့စိတ်၊ အလုပ်အကျွေးပြုလိုတဲ့ စိတ်ကိုစွဲကိုင်ထားဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင် များဟာ အစေခံသူတွေဖြစ်ပြီး သခင်တွေကတော့လုပ်ငန်းရဲ့ ဖောက်သည်တွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်း တွေကို ဦးဆောင်နေသူတွေဟာ အစေခံတွေဖြစ်ပြီး သခင်တွေက ပြည်သူတွေဖြစ်တယ်။ နိုင်ငံရေး ခေါင်းဆောင် တွေဟာ အစေခံတွေဖြစ်ပြီး သခင်တွေက မဲပေးတဲ့သူတွေဖြစ်တယ်။ နေရာတိုင်းမှာ စဉ်းစားချက်တွေ ပြင်ဆင်ဖို့ လိုအပ်တာ။ အစေခံမှုကို နိမ့်ကျတဲ့၊ အောက်ကျတဲ့အရာအနေနဲ့ မမြင်ဖို့လိုအပ်တာ။ အများအတွက် အလုပ်အကျွေးပြုရတာဟာ ဂုဏ်ယူစရာဖြစ်တယ်။

 

အသိအမှတ်ပြုရမယ့်အရာဖြစ်တယ်။ ပြုစုပျိုးထောင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အမှန်တော့ ခေါင်းဆောင်လုပ်သူဟာ သိုးထိန်းတဲ့သူနဲ့ တူတဲ့သူဖြစ်တယ်။ သိုးတွေထိန်းတဲ့သူဟာ သိုးတွေအရှေ့က မနေဘဲ သိုးတွေအနောက်ကနေ ကျောင်းပါတယ်။ အရှေ့ကသွားတဲ့သိုးကို နောက်ကသိုးတွေက လိုက်ကြတာ။ သိုးထိန်းဟာ အနောက်ကနေပြီး သိုးတွေကို ကိုယ်သွားချင်တဲ့နေရာကို ထိန်းကျောင်းပေးသူ ဖြစ်ပါတယ်။ သိုးထိန်းဟာ အရှေ့ကနေပြီး မထိန်းပါဘူး၊ နောက်ကနေတဲ့သူ ဖြစ်ပါတယ်။


ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု

ကျွန်တော့်အနေနဲ့ ခေါင်းဆောင်မှုပညာကို လေ့လာဆည်းပူးရာမှာ စီမံခန့်ခွဲမှုပညာကို အခြေခံပြီး လေ့လာခဲ့တာ ဖြစ်တယ်။ အမှန်တော့ စီမံတဲ့သူဟာ ခေါင်းဆောင်နိုင်ဖို့လိုအပ်သလို ခေါင်းဆောင်တဲ့သူဟာ စီမံတတ်သူဖြစ်ဖို့ လိုအပ်ပါတယ်။

 

အမှန်တော့စီမံခြင်းနဲ့ ခေါင်းဆောင်မှုဟာ ခေါင်းနဲ့ပန်းဖြစ်ပါတယ်။ ခွဲခြားလို့မရနိုင်တဲ့အရာ ဖြစ်တယ်။ ပညာရှင်တစ်ဦးက စီမံခြင်းဟာ ပေးထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် စွမ်းဆောင်နိုင်မှုဖြစ်ပြီး ခေါင်းဆောင်မှု ကတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တချို့ခေါင်းဆောင်တွေဟာ စီမံခန့်ခွဲမှုမှာ အားနည်းကြပြီး တချို့စီမံခန့်ခွဲသူတွေက ခေါင်းဆောင်မှုမှာ အားနည်းတာ တွေ့ရပြန်တယ်။

 

နောက်လိုက်မှုကို စနစ်တကျလေ့လာခဲ့တာ မကြာသေးပါဘူး။ အများက စိတ်ဝင်စားမှု မရှိကြဘူး။ အာရုံမပြု ကြတာမို့ ပညာရှင်တွေကလည်း ထဲထဲဝင်ဝင် လေ့လာမှုမရှိခဲ့တာတွေ့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်လုပ်တဲ့သူ ဘယ်လောက်ကောင်းကောင်း အရည်အချင်း ပြည့်စုံတဲ့ နောက်လိုက်တွေ မရှိရင် ခေါင်းဆောင်မှု တာဝန်မကျေနိုင် ကြောင်း နားလည်သဘောပေါက်လာခဲ့ကြတယ်။ စနစ်တကျ သုတေသနလုပ်ခဲ့ကြတယ်။ နောက်လိုက်မှုသင်တန်း တွေ ပို့ချလာခဲ့တယ်။ နောက်လိုက်မှုနဲ့ ပတ်သက်လို့ အခြေခံအားဖြင့် လေးမျိုးခွဲခြားခဲ့တာ တွေ့ရတယ်။ အခုလို အမျိုးအစားခွဲခြားရာမှာ ပေတံနှစ်ခုကို အခြေခံထားကြတယ်။ ပထမပေတံက“စဉ်းစား”ခြင်း ဖြစ်တယ်။နောက်လိုက် တွေအနက် စဉ်းစားတွေးခေါ်တတ်သူနဲ့ မစဉ်းစားတဲ့သူအဖြစ် နှစ်မျိုးခွဲနိုင်ပါတယ်။ ဒုတိယပေတံကတော့ “လုပ်” တာ ဖြစ်တယ်။ ဒီနေရာမှာလည်း လုပ်တဲ့သူနဲ့မလုပ်တဲ့သူ ဒီပေတံနှစ်ခုအပေါ် အခြေခံပြီး နောက်လိုက်လေးမျိုး ရှိကြောင်း ဖော်ထုတ်ခဲ့တယ်။

 

နောက်လိုက်(၄)မျိုး

နောက်လိုက်(၁) - မစဉ်းစား၊ မလုပ်သူ

နောက်လိုက်(၂) - မစဉ်းစား၊ လုပ်သူ

နောက်လိုက်(၃) - စဉ်းစား၊ မလုပ်သူ

နောက်လိုက်(၄) - စဉ်းစား၊ လုပ်သူ

နောက်လိုက်အမျိုးအစား (၁) ကို နေရာတိုင်းမှာ တွေ့ရတယ်။

 

လုပ်ခွင်တွေမှာ စိတ်မပါဘဲစဉ်းစားတာလည်းမရှိ၊ လုပ်တာလည်းမရှိတဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။ ဒါတွေကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ။ ဒုတိယအမျိုးအစားက အများစု ဖြစ်တယ်လို့ တွေ့ရတယ်။ ပေးတဲ့တာဝန်၊ ပေးတဲ့အမိန့်ကို စဉ်းစားသုံးသပ်မှုမရှိဘဲ မျက်စိမှိတ်ပြီး အလုပ်ကို လုပ်ကြ တယ်။ အမိန့်ကို မမှိတ်မသုန်နာခံတဲ့သူတွေ များလှပါတယ်။ ကိုယ်ပိုင်ဉာဏ်ကိုမသုံးဘဲ ချမှတ်တဲ့အမိန့်ကို လိုက်နာဆောင်ရွက်ကြတာ။ ဒါကြောင့်လည်း အမှားတွေများခဲ့တာ။ လူကြီးလုပ်တဲ့သူ ပြောတာကို ချင့်ချိန်စဉ်းစားမှု မရှိဘဲ ဆောင်ရွက်ကြသူတွေ များပါတယ်။ အခြေအနေအမှန်ကိုသိလျက်နဲ့ လူကြီးမျက်နှာလို မျက်နှာရအောင် ဆောင်ရွက်ကြသူတွေများတာ တွေ့ရတယ်။ အခြေအနေအမှန်ကို မတင်ပြကြဘဲ နောက်လိုက်ကြသူတွေ ဖြစ်ပါ တယ်။ တတိယအမျိုးအစားကတော့ စဉ်းစားပြီး မလုပ်တဲ့သူတွေဖြစ်တယ်။ စိတ်ဝင်စားမှုအားနည်းပြီး မိမိနဲ့မဆိုင် သလို နေတတ်ကြ သူတွေ ရှိကြတယ်။ စဉ်းစားချက်အမှန်တွေ ရှိကြပေမယ့် မပါဝင်ချင်တဲ့ စိတ်၊ မပတ်သက်ချင် တဲ့စိတ်၊ ဘာသိဘာသာနေလိုတဲ့ စိတ်တွေနဲ့ လှုပ်ရှားနေကြသူတွေ ဖြစ်တယ်။ အစည်းအဝေးတွေ တက်ပေမယ့် စိတ်ပါဝင်စားမှု မရှိကြဘူး။ အာရုံကတခြား။ သူတို့မှာရှိ တဲ့အားတွေဟာ လိုအပ်တဲ့နေရာမှာမရှိဘဲ မလိုတဲ့နေရာမှာ ပျံ့နှံ့နေခဲ့တာ တွေ့ရတယ်။

 

နောက်ဆုံးအမျိုးအစားကတော့ “စဉ်းလည်းစဉ်းစားပြီး လုပ်စရာရှိတာကို လုပ်တဲ့သူ”။ သူတို့ဟာ ထူးချွန်တဲ့ ပြောင်မြောက်တဲ့” “နောက်လိုက်ကောင်း” တွေ ဖြစ်တယ်။ အမှန်တော့ “နောက်လိုက်ကောင်း” ဆိုတဲ့အတွေး အခေါ်အယူအဆဟာ အများအတွက်ဆန်းနေမှာ ဖြစ်တယ်။ နောက်လိုက်ဟာ ဘယ်လိုခေါင်းဆောင်ကောင်း ဖြစ်နိုင်မလဲလို့ တွေးကြမှာ။ အမှန်တော့ စောစောက တင်ပြခဲ့သလို နောက်လိုက်ကောင်းတွေကြောင့် ခေါင်းဆောင် ကောင်း တွေပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

 

ခေါင်းဆောင်ဆိုသည်မှာ တစ်ချိန်ကနောက်လိုက်

ခေါင်းဆောင်တာဝန်ယူထားသူများဟာ တစ်ချိန်က နောက်လိုက်ဖြစ်ခဲ့တာကို သတိပြုရမှာ ဖြစ်တယ်။ နောက်လိုက် ဘဝမှာရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ နောက်လိုက်တွေနဲ့ ပတ်သက်ပြီး ကိုယ်ချင်းစာတတ်တယ်။ နားလည်တတ်ပြီး သူတို့ကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ်။ ခေါင်းဆောင်‌တွေကို နောက်လိုက်တွေက လေးစားဖို့ လိုအပ်သလို ခေါင်းဆောင်တွေက နောက်လိုက်တွေကို စာနာဖို့ လိုအပ်ပါတယ်။ အပြန်အလှန်လေးစားကြဖို့ အရေးကြီးလှတယ်။ ခေါင်းဆောင်တွေ အရေးကြီးသလို နောက်လိုက်တွေဟာ လည်း အရေးပါလှပါတယ်။

 

ခေါင်းဆောင်ခြင်းနဲ့ ပတ်သက်ပြီး ရာထူးအာဏာရှိမှ ဖြစ်နိုင်တယ်လို့ မြင်နေကြတယ်။ အမှန်တော့ ဒါတွေဟာ ပဓာနမဟုတ်ပါဘူး။ အရေးကြီးဆုံးအရာက ဩဇာဖြစ်တယ်။ ခေါင်းဆောင်လုပ်တဲ့သူရဲ့ အကျင့်စာရိတ္တ၊ အရည် အချင်းတွေကို အခြေခံပြီး ဦးဆောင်ရတာဖြစ်တယ်။ ခေါင်းဆောင်ရဲ့ အရေးကြီးဆုံးအရည်အချင်းက ကိုယ်ချင်းစာတရားနဲ့ အကြင်နာတရား ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ခေါင်းဆောင်လုပ်သူက နှိမ့်ချနိုင်တဲ့သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ နှိမ့်ချခြင်းဟာ နိမ့်ကျခြင်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘဝင်မမြင့်သင့်ပါဘူး။ မိမိရဲ့တာဝန်ဟာ နောက်လိုက်အတွက်သာဖြစ်ကြောင်းဆိုတာကို အမြဲသတိထားရမှာ ဖြစ်ပါတယ်။


စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အားကစားကရတဲ့ သင်ခန်းစာတွေကို အသုံးချနေတာကို တွေ့ရပါတယ်။ အားကစားနဲ့ ပတ်သက်ပြီး အများစုဟာ တစ်ဦးချင်းပြိုင်ဆိုင်မှုထက် အသင်းအဖွဲ့နဲ့ ယှဉ်ပြိုင်ရတာ ဖြစ်တယ်။ ဒီဥပမာကိုယူပြီး အခုအချိန်မှာ လုပ်ငန်းခွင်တွေမှာ အသုံးချလာခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်တွေကို အသင်းခေါင်း ဆောင်တွေလို့ သတ်မှတ်လာခဲ့တယ်။ ဥပမာ ဘောလုံး အသင်းခေါင်းဆောင် ဆိုပါစို့။ သူဟာ အသင်းထဲမှာ အထူးချွန်ဆုံး၊ အတော်ဆုံး အားကစားသမားဖြစ်ဖို့ မလိုအပ်ပါဘူး။ ကျန်တဲ့အသင်းသားတွေအထဲက မိမိထက်‌တော်တဲ့ ထူးချွန်သူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်လုပ်သူဟာ တစ်သင်းလုံးကို စည်းရုံးနိုင်တယ်။ ဦးဆောင်နိုင်တယ်၊ ညှိနှိုင်းပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ အသင်းရဲ့အင်အားဟာ စည်းလုံးခြင်းဖြစ်တယ်။ အပေးအယူ နားလည်မှုတွေကို ဖန်တီးပေးသူ ဖြစ်တယ်။

ဒါကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ ခေါင်းဆောင်လုပ်တဲ့သူတွေဟာ အသင်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ “ခေါင်းဆောင်မှုနဲ့ နောက်လိုက်ခြင်း”ဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး။ ခေါင်းဆောင်ဟာ နောက်လိုက်ဖြစ်ပြီး နောက်လိုက်လုပ်သူဟာခေါင်းဆောင် နိုင်တဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်။ အမှန်တော့ ယခု နောက်လိုက်ဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။    ။